အင်းလေးကန်က ယွန်းဆေးချယ်အနုပညာသည် ကိုထွေး

2021-10-15
Share
အင်းလေးကန်က ယွန်းဆေးချယ်အနုပညာသည် ကိုထွေး အင်းလေးဟဲယာရွာမ ရွာက ယွန်းဆေးချယ်အနုပညာသည် ကိုထွေး ကို တွေ့ရစဉ်
Photo: RFA

ဒူးဆစ်အကျော်လေးသာရှိတဲ့ ညာခြေထောက်နဲ့ထိန်း၊ ဘယ်ခြေထောက်က စုတ်တံကိုင်ပြီး ယွန်းဗူးလေးတစ်ဗူးကို လှပအောင် ပန်းချယ်နေတဲ့သူက အင်းလေးဟဲယာရွာမက အသက် ၄၃ နှစ်အရွယ် မသန်စွမ်းသူ ကိုထွေးပါ။

သူ့မှာ လက်မောင်းလောက်ကနေ ငုံးတိတိဖြစ်နေတဲ့ လက်နှစ်ဖက်ကတော့ ဘေးမှာတွဲလောင်း ကျနေပါတယ်။ လက်နှစ်ဖက်၊ ခြေတစ်ဖက် မပြည့်စုံဘဲ ဘယ်ခြေတစ်ချောင်းသာ အကောင်းတိုင်း ပိုင်ဆိုင်ထားသူဖြစ်ပေမယ့် ဆေးချယ်ထားတဲ့ ယွန်းထည်တွေကို ရောင်းချရင်း အသက် ၇၀ ကျော် အရွယ် မိခင်အိုကြီးကို ရှာကျွေးနေတဲ့ သူပါ။

အခုဆွဲနေတဲ့ ယွန်းဗူးလေး အပါဝင် သူ့မှာရောင်းဖို့ ယွန်းဗူး ၂၀ ကျော်လောက်ရှိနေပေမယ့် ဝယ်မယ့်ခရီးသည် တွေ အင်းလေးကို ရောက်မလာခဲ့တာ ၂ နှစ်နီးပါးရှိနေပါပြီ။

"အမေ ငယ်ငယ်တုန်းက မပစ်ထားလို့ သူမိဘကျေးဇူးဆပ်ရလို့ ဝမ်းသာတယ်တဲ့"

ကိုယ်တိုင်ဆေးချယ်၊ ကိုယ်တိုင်ရောင်းပြီး တစ်ရက်ကို ဝင်ငွေ ၃ သောင်းကနေ တစ်သိန်းအထိရခဲ့တဲ့ မသန် စွမ်းတစ်ယောက်ဖြစ်တဲ့ ကိုထွေးဟာ အခုချိန်မှာတော့ အသိမိတ်ဆွေတွေရဲ့ အကူညီအထောက်ပံ့ကို ယူနေ ရပါတော့တယ်။

“စားဝတ်နေရေးက သိပ်မရောင်းရတာကြာတော့ ဒုက္ခရောက်တာပေါ့။ ရှေ့ကရောင်းရတုန်းက နည်းနည်း စုထားတာနဲ့ စားရတယ်။ အခုကတော့ တော်တော် ဒုက္ခရောက်တယ်။ မရောင်းရတာ ၂ နှစ်ကျော်ပြီ ဆိုတော့။ တချို့ သူငယ်ချင်း၊ မိတ်ဆွေတွေ အကူညီတောင်းပြီးတော့မှ အကူညီပေးတာနဲ့ စားနေရတယ်“

အင်းလေးကန် ဝန်းကျင်မှာတည်ထားတဲ့ ကျေးရွာပေါင်း ၁၅၀ ကျော်ရှိတဲ့အထဲ ဦးဆုံးတည်ခဲ့တဲ့ ရွာတွေထဲက တစ်ရွာဖြစ်တဲ့ ဟဲယာရွာမမှာ အိမ်ခြေ ၁၂၀၀ ကျော်ရှိပါတယ်။ ဒေသအခေါ် ရှေးဟောင်းရောင်းတယ်ဆိုတဲ့ ဒီနေရာမှာ ဒေသခံအများစုဟာ နိုင်ငံခြားခရီးသွားတွေကို မှီခိုနေကြရတာပါ။ လက်မှုပညာ၊ ရက်ကန်း၊ ပန်းထိမ်နဲ့ ယွန်းထည် အနုပညာ ပစ္စည်းလေးတွေ အပါဝင်အခြား လက်ဆောင်ပစ္စည်းရောင်းတဲ့ လုပ်ငန်းနဲ့ အသက်မွေး ဝမ်းကျောင်းကြသူတွေထဲမှာ ကိုထွေးလည်း ပါဝင်နေတာပါ။

ယွန်းထည်ဆေးချယ်တဲ့ပညာကို သာမာန်လူတွေ တစ်နှစ်လောက်သင်ရပေမယ့် ခြေတစ်ချောင်းပိုင်ရှင် ကိုထွေးကတော့ တစ်နှစ်ခွဲလောက် သင်ခဲ့ရပါတယ်။

လူကသာ နိုင်ငံခြားကို မရောက်ဖူးပေမယ့် သူ့လက်ရာတွေက နိုင်ငံရပ်ခြားရောက်နေမှာဖြစ်တဲ့အတွက် ဒီအလုပ်ကို သူတန်ဖိုးထားတယ်လို့ ကိုထွေးက ပြောပါတယ်။

“အဲလိုမျိုးရောင်းရရင် ကိုယ်ပီတိဖြစ်တာပေါ့နော်။ ကိုယ့်ပညာနဲ့ လုပ်ထားတဲ့ပစ္စည်းကို လာဝယ်တယ် ဆိုတော့ တန်ဖိုးထားရတယ်။ နိုင်ငံခြားတွေ ဘာတွေတော့ရောက်မှာပေါ့ ကိုထွေး ပစ္စည်းတွေကတော့။ ဝယ်တာကလည်း နိုင်ငံခြားသားတွေက ပိုများတယ်“

မောင်နှမ ကိုးယောက်မှာ ကိုထွေးက လေးယောက်မြောက်ပါ။

ကိုထွေးဟာ ယွန်းထည်မှာ ဆေးချယ်တဲ့ပညာကို မသင်ခင်က ရွာမှာ ထမင်းပေါင်းအိုး၊ ပန်ကာ၊ ရေဒီယို စတဲ့ လျှပ်စစ်ပစ္စည်း ပြင်တာ၊ ဂတ်စ်မီးခြစ် ဂတ်စ်ပြန်ဖြည့်တာတို့ လုပ်ခဲ့ဖူးတာကြောင့် ဂတ်စ်ဖြည့်တဲ့သူ ဆိုပြီးတော့ ရွာမှာလူသိများပါတယ်။

မိသားစုကို အဓိကရှာဖွေပေးနေတဲ့ ဖခင်ဖြစ်သူက ကျန်းမာရေးမကောင်းလာချိန်မှာ သူကပဲ ဦးဆောင်ပြီး ရှာကျွေးခဲ့တာခုဆို ၁၂ နှစ်ကျော်ခဲ့ပါပြီ။

မွေးရာပါ မသန်စွမ်းဖြစ်တဲ့ ကိုထွေးကို စွန့်ပစ်ဖို့ တခြားသူတွေက ပြောခဲ့ကြပေမယ့် မိခင်ဖြစ်သူ ဒေါ်မြရွှေ ကတော့ ဂရုစိုက်ပြီး စောင့်ရှောက်ပေးခဲ့ပါတယ်။ အခုချိန်မှာတော့ မွေးရကျိုးနပ်တဲ့၊ အားကိုးရတဲ့ သား တစ်ယောက် ဖြစ်နေပြီလို့ မိခင်ဒေါ်မြရွှေက ရင်ဖွင့်ခဲ့ပါတယ်။

“မွေးရကျိုး နပ်တယ်၊ အားရှိတယ်။ မွေးရာပါပဲ။ တချို့လူတွေဆိုရင် ပြောတယ်လေ။ လူတောတိုးမှာ မဟုတ်ဘူးပေါ့။ ကလေးကို ဒီအတိုင်းပစ်ထားလိုက်တဲ့။ သူ့ကို အဲလိုပြောတယ်။ ဘယ်လို ပစ်ထားမှာလဲ အမေပဲ။ ပိုပြီး ဂရုစိုက်ရသေးတယ်။ အမေ ငယ်ငယ်တုန်းက မပစ်ထားလို့ သူမိဘကျေးဇူးဆပ်ရလို့ ဝမ်း သာတယ်တဲ့။ အမေဖြစ်တဲ့သူကလည်း ဝမ်းသာတာပေါ့နော့်။ သူ့ကို ပြုစုရကျိုးနပ်တယ်“

ကိုထွေးဟာ ပညာအခြေခံ တတိယတန်းလောက်သာ သင်ခဲ့ရပေမယ့် နိုင်ငံခြားဧည့်သည်တွေကို ဈေးရောင်း နိုင်အောင် သူငယ်ချင်းတွေ၊ ဧည့်လမ်းညွှန်တွေဆီကနေ သင်ယူထားပါတယ်။ ယွန်းထည်အနုပညာလက်ရာ လေးတွေကို ရောင်းနေတဲ့ ကိုထွေးမှာ ဒူးဆစ်အကျော်သာရှိတဲ့ ညာခြေထောက်ကို ပြည်ပခရီးသွားတစ် ယောက်က မြင်သွားပြီး ခြေတုတစ်ချောင်းကို လွန်ခဲ့တဲ့ ၇ နှစ်က လှူပေးခဲ့ပါတယ်။

တစ်ချိန်က ပြည်တွင်း၊ ပြည်ပခရီးသည် သိန်းချီရောက်လာတဲ့ အင်းလေးဟာ အခုချိန်မှာ ကိုဗစ်ကပ်ရောဂါ ဘေးတွေကြောင့် ၂၀၂၀ ပြည့်နှစ်မှာလာရောက်သူ တဖြည်းဖြည်းလျော့ပါးလာပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးချိန်ကနေ အခုချိန်အထိ ပြည်ပခရီးသည်တွေ လုံးဝကို မလာတော့ပါဘူး။

သူဈေးရောင်းနေကျ ရွှေအင်းတိန်ရှေးဟောင်းဘုရားစောင်းတန်းနဲ့ ခရီးသွားဧည့်သည်တွေကိုလည်း သူလွမ်းနေခဲ့ပါတယ်။ ဒါ့ကြောင့် သူ ခဏတာအလွမ်းပြေအနေနဲ့ တစ်ချိန်က စည်ကားခဲ့တဲ့ ရွှေအင်းတိန် ရှေးဟောင်းဘုရားစောင်းတန်းက ရွှေအင်းတိန်ဈေးဘက်ကို ထွက်ခဲ့ပါတယ်။

kohtwe.jpg
(အင်းလေးဟဲယာရွာမ ရွာက ယွန်းဆေးချယ်အနုပညာသည် ကိုထွေး ကို တွေ့ရစဉ်)

တိုင်အလုံးရေပေါင်း ၄၀၃ တိုင်ရှိတဲ့ ရွှေအင်းတိန်ဘုရားစောင်းတန်းဈေးထဲမှာ လက်ဆောင်ပစ္စည်း၊ အနုပညာ လက်ရာတွေ ရောင်းတဲ့သူတွေနဲ့ ဘုရားဖူးတွေ၊ ဈေးသွားဈေးလာတွေ၊ ပြည်တွင်း၊ ပြည်ပ ခရီးသည်တွေနဲ့ ပြည့်နေခဲ့ဖူးတဲ့ စောင်းတန်းကြီးလည်း တိတ်ဆိတ်နေပြီး ကိုထွေး ရောင်းနေကျ ဆိုင်ခုံလေးလည်း မရှိတော့ ဘူးလို့ ပြောပါတယ်။

“ခုံမရှိတော့ဘူး။ ဒီတိုင်လေးနေရာ၊ ခုံက ဝါးခုံလေး။ ခုံက မရှိတော့ဘူးဆိုတော့ ပြန်ဝယ်ရမယ်။ တစ် သောင်းလောက်တော့ရှိမယ်။ ဒီကလူတွေက အဲလိုလုပ်ရင်ပေးရတယ်။ အော်ဒါပုံစံမျိုးပေါ့။ ပြောလိုက်ရင် သူတို့ အရွယ်စားတိုင်းပြီး လုပ်ပေးတာ။ ခုံဖိုးအတွက်တော့ မရှိသေးဘူး။ ရောင်းတော့မယ်ဆိုမှ စိတ်ကူး ရမှာပေါ့“

သူရောင်းနေကျနေရာလေးမှာ ခဏတာအမောဖြေရင်း အသွားလာရှင်းနေတဲ့ စောင်းတန်းကနေ ကိုထွေး တစ်ယောက် ပြန်လာခဲ့ပါတယ်။

ကိုဗစ်ကပ်ရောဂါတွေ၊ စစ်အာဏာသိမ်းပြီး နိုင်ငံရေးမတည်ငြိမ်မှုတွေရဲ့ နောက်ကွယ်မှာ သူအပါဝင် ပြည်သူ တွေကျပ်တည်းနေရတာကို စိတ်မကောင်းဖြစ်နေရပါတယ်။

ဒါပေမဲ့ တချိန်ချိန်မှာ ခရီးသွားတွေကို ပြုံးပြနှုတ်ဆက်ခွင့်၊ သူကိုယ်တိုင်ရေးဆွဲထားတဲ့ ယွန်းထည်ပစ္စည်းလေး တွေကို ရောင်းချခွင့်၊ ဈေးရောင်းကောင်းလို့ ပျော်ပြီးအိမ်ပြန်လာခွင့်၊ သူမသွားနိုင်တဲ့ နိုင်ငံရပ်ခြားနေရာတွေဆီ သူ့လက်ရာလေးတွေ ရောက်အောင် ပို့နိုင်မယ့်အခွင့်အရေးတွေ ဘယ်အချိန်မှပြန်ရပါ့မလဲတွေးရင်း ယွန်း ပန်းချီလေးတွေ ဆက်ပြီးရေးဆွဲနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့