လိုင်ဇာ KIO အထက်တန်းကျောင်းမှာ ကျောင်းအပ်သူ သုံးဆကျော်တိုးလာ

2022.06.27
လိုင်ဇာ KIO အထက်တန်းကျောင်းမှာ ကျောင်းအပ်သူ သုံးဆကျော်တိုးလာ လိုင်ဇာမြို့က အလျဲန်ဘွမ် (Alen Bum) အထက်တန်းကျောင်းမှာ တက်ရောက်နေကြသည့် ကျောင်းသား၊ ကျောင်းသူများကို ၂၀၂၂ ခုနှစ် ဇွန်လ ၁၆ ရက်နေ့က တွေ့ရစဉ်
Photo: RFA

ကချင်ဒေသ တရုတ်-မြန်မာနယ်စပ်အနီး ကေအိုင်အို ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့က အလျဲန်ဘွမ် (Alen Bum) အထက်တန်းကျောင်းမှာ အရင်က ကျောင်းသူ၊ ကျောင်းသား ၇၀၀ လောက်ပဲ ရှိရာကနေ အခု ၂၀၂၂ - ၂၀၂၃ စာသင်နှစ်မှာတော့ ကျောင်းအပ်သူ ၂၄၀၀ ကျော် ရှိလာတဲ့အတွက် သုံးဆကျော် တိုးလာတယ်လို့ ကျောင်းတာဝန်ရှိသူတွေက ပြောပါတယ်။

ဒီနှစ်လာတက်တဲ့ ကျောင်းသူ၊ ကျောင်းသား ၂၄၀၀ ကျော်မှာ ၇၀၀ ကျော်က လိုင်ဇာ အနီးတစ်ဝိုက်က မဟုတ်ဘဲ နိုင်ငံတစ်ဝန်း ဒေသအသီးသီးကနေ လာတက်ကြတာလို့ ဆိုပါတယ်။

စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် နိုင်ငံတစ်ဝန်းမှာ ကျောင်းတွေပိတ်ထားလို့ ကေအိုင်အို အထက်တန်းကျောင်းမှာ ကျောင်းသားအရေအတွက် သုံးဆကျော်လောက် တိုးလာတာလို့ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဆိုင်းခေါန် က ဆိုပါတယ်။

“ပုံမှန်ဆိုရင် ခြောက်တန်းကနေ ၁၀ တန်းထိ ကျောင်းသားအားလုံးပေါင်းမှ ၇၀၀ လောက်ရှိတာ၊ အဲလောက်ပဲဆိုရင် မနက် ၉ နာရီကနေ ညနေ ၃ နာရီထိ တစ်ခါတည်း ကျောင်းတက်လို့ရတယ်။ အခုက သုံးဆလောက် ပိုများသွားတယ်။ ၇၀၀ ကျော်က ကျန်တဲ့ ကျောင်းသားအားလုံးက အပြင်က လာတဲ့ သူတွေချည်းပဲ။ အခုက ဟိုဘက်မှာ ကျောင်းတွေ ပိတ်ထားတယ်၊ နိုင်ငံရေးတွေ မတည်ငြိမ်တော့ ကျောင်းသွားတက်ဖို့လည်း ကြောက်ကြတယ်။ တချို့က ဟိုဘက်မှာ ယုံကြည်မှု မရှိလို့ ဒီဘက်လာကြတာ။ တစ်ယောက်နဲ့ တစ်ယောက်ရဲ့ အကြောင်းအရာက မတူကြဘူး။ တချို့က ကျောင်းပိတ် တာကြာလို့၊ တချို့က ကြောက်လို့၊ တချို့က ပညာရေးစနစ်ကို မကြိုက်ကြလို့ ခေါင်းစဉ်တော့ အမျိုးမျိုးနဲ့လာကြတယ်”

ကျောင်းသူ၊ ကျောင်းသားအများစုဟာ မြစ်ကြီးနား၊ ဝိုင်းမော်၊ ဖားကန့်၊ ပူတာအို၊ မိုးကောင်း၊ ကျိုင်းတုံ၊ ရှမ်းပြည်မြောက်ပိုင်း၊ မန္တလေး၊ ပြင်ဦးလွင် စတဲ့ ဒေသက ကျောင်းသူ၊ ကျောင်းသားတွေဖြစ်ပြီး ကချင်လူမျိုးတွေ သာမက ဗမာနဲ့ ရှမ်းလူငယ်တွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

နှစ်စဥ် ကျောင်းသားအရေအတွက် ၇၀၀ ကျော်လောက်ပဲ ရှိတာမို့ ခြောက်တန်းကနေ ၁၀ တန်းအထိ ဘာသာစုံ သင်ကြားပေးတဲ့ ဆရာ၊ ဆရာမက ၇၅ ယောက်ပဲ ရှိခဲ့ပြီး အခုလို ကျောင်းသားအရေအတွက် ရုတ်တရက် တိုးလာတဲ့အခါ ဆရာ မလုံလောက်တဲ့ ပြဿနာကို ရင်ဆိုင်နေရတယ်လို့ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဆိုင်းခေါန် က ပြောပါတယ်။

ဒီကျောင်းမှာ အဓိကသင်ကြားပေးနေတဲ့ ဆရာ၊ ဆရာမတွေကတော့ ကေအိုင်အေ ပညာရေး ကောလိပ်ဆင်း ဆရာ၊ ဆရာမတွေ၊ မြို့ပေါ်က စေတနာ့ဝန်ထမ်း ဆရာ၊ ဆရာမတွေနဲ့ CDM ဆရာ၊ ဆရာမတွေပါ။

ကချင်လူမျိုး တစ်ယောက်အနေနဲ့ အခုလိုအချိန် KIO အထက်တန်းကျောင်းမှာ ကျောင်းတက်ရတာကို ပိုပြီး လုံခြုံတယ်လို့ ခံစားရတယ်လို့ မြစ်ကြီးနားမြို့ကနေ ကျောင်းအိပ် ကျောင်းစား လာရောက် ပညာသင်ကြားနေသူ ကိုးတန်းကျောင်းသား မုန်ဘန်အောင်ဂျာက ပြောပါတယ်။

“ဘာကြောင့် ဒီကို ကျောင်းလာတက်လာလဲဆိုရင် ဟိုဘက်မှာကျတော့ စစ်အာဏာရှင် ကို မကြိုက်လို့ ပေါ့နော်၊ ကျနော်တို့က ဒီဘက်မှာ ကျောင်းလာတက်ရတာ။ အာဏာရှင်ကို မကြိုက်လို့၊ သူတို့လက်အောက်မှာ မနေချင်လို့ ဒီဘက်မှာ ကျောင်းလာ တက်တာပေါ့နော်။ ပြီးတော့ ကိုယ့်ရဲ့ ကချင်တိုင်းရင်းသားဆိုတော့ ကေအိုင်အို ထိန်းချုပ်နယ်မြေမှာ ပိုပြီးလုံခြုံတယ်ထင်လို့ ဒီဘက်ကို ကျောင်းလာတက်တာပေါ့။ အခက်အခဲကတော့ အများကြီးတော့ မရှိဘူး။ လူများတယ် ကိုယ့်အိမ်လိုတော့ မဟုတ်ဘူးဆိုတော့ အဆောင်မှာနေတော့ မိုးရာသီဆိုတော့ ရေတော့ သိပ်အဆင်မပြေဘူး “

နဝမတန်းကျောင်းသားတစ်ယောက်အတွက် အခု အလျဲန်ဘွမ် (Alen Bum) အထက်တန်းကျောင်းမှာ သင်ကြားရတဲ့ ဘာသာရပ်တွေက မြစ်ကြီးနားမြို့ အစိုးရကျောင်းတွေမှာ သင်ရတဲ့ ဘာသာရပ်တွေနဲ့ အတူတူပဲ ဖြစ်ပြီး ဒီမှာက မိခင် ကချင်စာ ဘာသာရပ်ကို အပိုသင်ကြားရတယ်လို့ သူက ဆိုပါတယ်။

ဒီကျောင်းကို စစ်တပ်နဲ့ KIA အကြား ၂၀၁၁ တစ်ကျော့ပြန်စစ်ပွဲကြောင့် ထွက်ပြေး တိမ်းရှောင်လာတဲ့ စစ်ဘေးဒုက္ခသည် ကလေးတွေအတွက် ရည်ရွယ်ပြီး KIO က ၂ဝ၁၃ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့တာပါ။

လိုင်ဇာအနီးတစ်ဝိုက်နဲ့ ကချင်ပြည်နယ် မြို့နယ်အချို့က ကျောင်းသား ၇၀၀ လောက်ပဲ နှစ်စဥ် တက်ရောက်ရာကနေ ဒီနှစ်မှာတော့ ကျောင်းအပ်သူ များလွန်းတဲ့အတွက် စာသင်ဆောင်နဲ့ ရပ်ဝေးကျောင်းသူ၊ ကျောင်းသားတွေအတွက် နေရာထိုင်ခင်း လိုအပ်နေတယ်လို့ ကေအိုင်အို ပညာရေးဌာန အတွင်းရေးမှူး ဆရာကြီး နော်ထွယ်က ရှင်းပြပါတယ်။

“ကျနော်တို့ဒေသမှာ ကျောင်းသားတွေကတော့ တော်တော်များလာတယ်။ မြို့တွေမှာ ကျောင်းတွေ မဖွင့်နိုင်တော့ ကျနော်တို့ဒေသကို ကျောင်းသားတွေ တော်တော်များများ ရောက်လာကြတယ်။ အရင်ကထက်တော့ နှစ်ဆ ပိုများလာတယ်ပေါ့။ ကျောင်းသားတွေ များလာတော့ ကျနော်တို့အတွက် အဓိက အခက်အခဲက စာသင်ဆောင်တွေပေါ့၊ အဲဒါကိုတော့ ကျနော်တို့လည်း အဆောင်သစ်တွေ ဆက်တိုက်ဆောက်ပြီး ဖြေရှင်း နေတယ်။ ပိုပြီးခက်ခဲတာက ကျနော်တို့ ဘော်ဒါ မဖွင့်ပေးနိုင်ဘူး။ ကျောင်းဖွင့်ပေး နိုင်တယ်၊ စာသင်ပေးနိုင်တယ်၊ ဆရာတွေကိုလည်း မွေးထုတ်ပေးနိုင်တယ်။ ဒါပေမဲ့ ဘော်ဒါတွေ မဖွင့်နိုင်တော့ ဒီမှာရှိတဲ့ ဘာသာရေးအဖွဲ့အစည်းတွေကို သာသနာရေး ဘော်ဒါတွေဖွင့်ဖို့ အကူအညီတောင်းတော့ သူတို့လည်း ဖွင့်လာကြပြီ”

ကျောင်းအိပ်ကျောင်းစားလက်ခံနိုင်မယ့် ဘော်ဒါဆောင် မရှိတော့ လိုင်ဇာမှာ ဆွေမျိုးမရှိသူတွေ ကျောင်းလာတက်ဖို့ ခက်ခဲနေတယ်လို့လည်း သူက ဆိုပါတယ်။

ဒီကျောင်းကနေ ၁၀ တန်းအောင်သူတွေဟာ ကေအိုင်အို ထိန်းချုပ်နယ်မြေ မိုင်ဂျာယာန် မြို့မှာရှိတဲ့ တက္ကသိုလ် ကောလိပ်တွေ၊ ခရစ်ယာန်ဘာသာရေး အဖွဲ့အစည်းတွေက ဖွင့်လှစ်ထားတဲ့ အသက်မွေးဝမ်းကျောင်း သင်တန်းတွေကို တက်ရောက်ခွင့်ရမှာပါ။

ဗန်းမော်မြို့ကနေ ၁၀ တန်းလာတက်နေတဲ့ မထန်ဆန့် ကတော့ သူကိုယ်တိုင်လည်း ကျန်းမာရေးမကောင်းသလို မိသားစုတွေလည်း ဖျားနာတဲ့အခါ ဆေးကုဖို့ ခက်ခဲလွန်းတာ ကြောင့် ၁၀ တန်းအောင်ရင် ကေအိုင်အို ဖွင့်လှစ်ထားတဲ့ ဆေးကျောင်းတက်ပြီး ဆရာဝန်ဖြစ်ဖို့ မျှော်မှန်းထားပါတယ်။

kio high school
(လိုင်ဇာမြို့က အလျဲန်ဘွမ် (Alen Bum) အထက်တန်းကျောင်းမှာ တက်ရောက်နေကြသူများကို ၂၀၂၂ ခုနှစ် ဇွန်လ ၁၆ ရက်နေ့က တွေ့ရစဉ်) Photo: RFA

“ဟိုမှာတက်ထားပြီး ဒီကိုပြန်လာတက်တော့ နည်းနည်းတော့ခက်တယ်။ ဟိုဘက်မှာက မြန်မာလိုပဲ ရှင်းပြတာကို အကျင့်ဖြစ်နေတော့ ဒီမှာက ကချင်လိုပဲဖြစ်တော့ တော်တော်လည်း ပြန်နားထောင်ယူရတယ်။ တစ်လ၊ နှစ်လလောက်ဆိုရင်တော့ အဆင်ပြေတယ်။ ၁၀ တန်းအောင်ရင်တော့ ဆေးလိုင်းဝင်မယ်လို့ စဉ်းစားထားတယ်။ အရမ်း ဖျားတတ်တယ် ပြီးတော့ ဖျားတဲ့သူတွေကိုလည်း ဆေးအရမ်း ကုပေးချင်တယ်။ တစ်ခါတလေ အိမ်မှာနေရင်တော့ အမေတွေလည်း အရမ်းဖျားတဲ့အချိန် ရှိတယ်။ တောင်ပေါ်မှာဆိုတော့ ဆေးရုံတွေနဲ့လည်း ဝေးတယ်။ အရမ်းခက်ခဲတယ်။ အဲလိုမျိုး အချိန်မှာတော့ ဆေးဆရာမ ဖြစ်ချင်တယ်”

ကေအိုင်အို ကျောင်းတွေမှာ မြန်မာစာကို သဒ္ဒါလောက်ပဲ အဓိကသင်ပေးတယ်လို့ သူက ဆိုပါတယ်။

၂၀၁၁ တစ်ကျော့ပြန်စစ်ပွဲ မဖြစ်ခင်က လိုင်ဇာက အထက်တန်း ကျောင်းသူ၊ ကျောင်းသား တွေဟာ မြစ်ကြီးနားအပါအဝင် ကချင်ပြည်နယ် မြို့ကြီးတွေမှာ ၁၀ တန်းစာမေးပွဲ သွားရောက်ဖြေဆိုခွင့် ရခဲ့ပေမယ့် ၂၀၁၁ ကစလို့ တိုက်ပွဲတွေ ပြင်းထန်လာတဲ့အခါ လိုင်ဇာဘက်က အထက်တန်းကျောင်းသားတွေကို အစိုးရကျောင်းတွေက လက်မခံ တော့ဘူးလို့ KIO တာဝန်ရှိသူတွေက ပြောပါတယ်။

အခုတော့ စစ်တပ်အာဏာသိမ်းမှုကြောင့် နိုင်ငံတစ်ဝန်းမှာ ပညာရေးကဏ္ဍ ဖရိုဖရဲ ဖြစ်နေတဲ့ချိန် လိုင်ဇာမြို့က အလျဲန်ဘွမ် (Alen Bum) အထက်တန်းကျောင်း မှာတော့ ဆယ်ကျော်သက် လူငယ်တွေဟာ ပညာကို အေးအေးချမ်းချမ်းနဲ့ သင်ယူခွင့် ရနေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။