မြေမြှုပ်မိုင်းအန္တရာယ်ပိုများနေတဲ့ ချင်းပြည်နယ်
2024.02.29
စစ်တပ်အာဏာမသိမ်းခင်က တောင်ဇလပ်ပန်းနီနီတွေနဲ့ ငြိမ်းချမ်းခဲ့တဲ့ ချင်းလူမျိုးတို့ရဲ့ဌာနေဟာ အခုတော့ စစ်မီးတောက်တွေကြား မြို့တွေပျောက်ဆုံးခဲ့ရသလို မြေမြှုပ်မိုင်းတွေရဲ့ အန္တရာယ်လည်းများနေရပါပြီ။
တီးတိန်မြို့နယ် သိုင်းငင်းရွာက စစ်ကောင်စီတပ်စခန်းကို ချင်းဒေသကာကွယ်ရေး ပူးပေါင်းတပ်တွေက ဇန်နဝါရီ ၁၆ ရက်နေ့မှာ သိမ်းပိုက်နိုင်ခဲ့ပေမယ့် ဆုတ်ခွာသွားတဲ့ စစ်ကောင်စီတပ်သားတွေက မြေမြှုပ်မိုင်းတွေ ထောင်ခဲ့တဲ့အတွက် ဒေသခံတွေ အန္တရာယ်ကြီးနေတယ်လို့ ဆိုပါတယ်။
"နင်းမိုင်းတွေဆိုရင် အကြီးတွေ၊ ကျွန်တော် ဖြုတ်တာက အလုံးနှစ်ဆယ်ကျော်နေပြီ"
အဲဒီသိုင်းငင်းရွာနားက မြေမြှုပ်မိုင်းတွေက စီးယင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင် နှစ်ယောက်ရဲ့ ခြေထောက်တစ်ဖက်စီကို ထိခိုက်သွားစေခဲ့ပါပြီ။
ခြေထောက်စွန့်လိုက်ရတဲ့ ရဲဘော် တွာလ်တွာလ် ကရာသီဥတုအေးတဲ့အခါမှာ ပြန်နာတတ်လို့ ပြောပြပါတယ်။
“တောင်ပေါ်ဆိုတော့ အေးတဲ့အခါ နာတာပေါ့။ ခြေထောက်က ရေချိုးတဲ့အခါတုန်ခါတာမျိုး တစ်ခါတလေဖြစ်တယ်။ အေးတဲ့အခါ အအေးဒဏ်ကိုတော့ မခံနိုင်ဘူး။ ဆရာဝန်တွေက ဖြတ်ထားတဲ့ တစ်ဖက်ကိုအမြဲဖုံးထားဖို့ပြောတယ်။ အဲလို ပတ်တီးနဲ့ ဖုံးထားရင် ပတ်တီးပြန်ဖြည်တဲ့အခါမှာ တအားယားတာ။ အိမ်သာသွားတဲ့အခါမှာ ဂျိုင်းထောက်နဲ့သွားရပေမယ့် အခက်ခဲရှိတယ်”
အဲဒီမိုင်းတွေကို စီးယင်း ချင်းဒေသကာကွယ်ရေးအဖွဲ့ (CDF CDM Siyin) က ရှင်းလင်းနေပေမယ့် အကုန်လုံးမရှင်းနိုင်သေးဘူးလို့ အဖွဲ့ရဲ့ စစ်ဦးစီးချုပ် ကိုထောင်ပူက RFA ကို ပြောပါတယ်။
“စခန်းပတ်ပတ်လည်မှာ သူတို့ထောင်ထားတဲ့ မိုင်းတွေမနည်းဘူး။ နင်းမိုင်းတွေဆိုရင် အကြီးတွေ၊ ကျွန်တော် ဖြုတ်တာက အလုံးနှစ်ဆယ်ကျော်နေပြီ။ ကျွန်တော်က မိုင်းသင်တန်းမတက်ရဘူး။ ရှေ့တန်းမှာ ဦးဆောင်နေရတာဆိုတော့ မိုင်းတွေတွေ့ရင် ဘယ်လိုလုပ်ရမလဲဆိုတာ လိုင်းပေါ်မှာရှာပြီးမှ အဲဟာကိုကြည့်ပြီးမှ အဲဒီအတိုင်းပဲလုပ်တာ မိုင်းသင်တန်းမတက်ဘူး”
ဇန်နဝါရီ ၂၆ ရက်နေ့ကဆိုရင် အဲဒီစခန်းနားမှာ နွားနောက်သွားရှာတဲ့ အသက် ၄ဝ ကျော်အရွယ် အမျိုးသားတစ်ယောက် မိုင်းနင်းမိပြီး ညာဘက်ခြေထောက်ဖြတ်လိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်တပ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ ၂၀၂၄ ဖေဖော်ဝါရီလဆန်းပိုင်းအထိ သုံးနှစ်အတွင်း ချင်းပြည်နယ်မှာ မြေမြှုပ်မိုင်းနင်းမိလို့ သေဆုံးတဲ့ချင်းလူမျိုး ၃၃ ယောက်နဲ့ ဒဏ်ရာရတဲ့သူ ၅၂ ယောက်ရှိတယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ရဲ့ စီမံအရာရှိ ဆလိုင်းမန်ဟရဲလျန်က RFA ကို ပြောပါတယ်။
စီးယင်း ချင်းဒေသကာကွယ်ရေးအဖွဲ့က အရပ်သားတွေကို ကာကွယ်နိုင်အောင် မိုင်းရှင်းနည်းကို အင်တာနက်မှာရှာပြီး လေ့လာပေမယ့် ကျွမ်းကျွမ်းကျင်ကျင် မရှိသေးပါဘူး။
“ယူကျုမှာရော၊ KNU ဘက်၊ KIA ဘက်မှာ သူတို့ Video နဲ့ ပြထားတဲ့ဟာရှိတယ်။ အဲဒါကို ကျွန်တော် ကြည့်တာ အကုန်လုံးတော့ ကျွန်တော် မလုပ်တတ်ဘူး။ ဒါကြောင့် တွေ့သမျှတော့ မရှင်းနိုင်ခဲ့ဘူး။ နင်းမိုင်းတွေက တစ်ခါတလေ သံချေးတက်တဲ့ဟာကျတော့ ဖြုတ်လုပ်မရတဲ့ဟာရှိတယ်။ အဲဒါကျတော့ ကျွန်တော်ယူပြီးမှ အန္တရာယ်မရှိတဲ့ နေရာထဲမှာထားတာ အဲလိုမျိုးလုပ်တယ်”
စစ်ကောင်စီတပ်သားတွေ ဆုတ်ခွာသွားတဲ့အချိန်မှာ မိုင်းတွေထောင်ထားခဲ့တယ်ဆိုတာနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။
မိုင်းအန္တရာယ် အသိပညာပေးတွေကို ပြည်သူတွေကြား ဖြန့်ပေးစေချင်တယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ စီမံအရာရှိ ဆလိုင်းမန်ဟရဲလျန်က ပြောပါတယ်။
“စစ်ကောင်စီရဲ့ မိုင်းအသုံးပြုမှုကို ကြည့်တဲ့အခါမှာ စစ်ရေးတစ်ခုတည်း မဟုတ်ဘဲနဲ့ အရပ်သား ပြည်သူတွေ သွားလာတဲ့နေရာတွေမှာလည်း အများကြီးထောင်ထားတာကို ကျွန်တော်တို့ တွေ့ရတယ်။ ချင်းပြည်နယ်မှာ အာဏာမသိမ်းခင်ကဆို တိုက်ပွဲတွေဟာ မရှိသလောက်ပဲ။ အာဏာသိမ်းပြီးနောက်၊ တိုက်ပွဲတွေဖြစ်လာတဲ့နောက်မှာ မြေမြှုပ်မိုင်းဆိုင်ရာ အသိပညာပေးဖို့ရယ်၊ ဆောင်ရန်၊ ရှောင်ရန်တွေကို အများကြီးဆောင်ရွက်ဖို့လိုတယ်”