စစ်အုပ်ချုပ်ရေးခေတ်မှာ ရှေ့နေကနေ သတင်းထောက်ဖြစ်လာသူ
2025.03.04

စစ်တပ်အာဏာသိမ်းပြီးနောက် ဘဝတွေပြောင်းသွားကြသလို၊ အသက်မွေးဝမ်းကျောင်းအလုပ် ပြောင်းသွားတဲ့သူတွေလည်း ရှိနေပါတယ်။ အဲဒီလိုလူတွေထဲမှာ နည်းပညာကြောင့် ခေတ်စားလာတဲ့ CJ လို့ အတိုကောက်ခေါ်တဲ့ လူထုသတင်းသမား ကိုကြည်နွေဦးလည်း ပါဝင်ပါတယ်။
"စစ်တပ်ကပစ်လို့ သေဆုံးသွားတဲ့သူတွေ ကျွန်တော့်မျက်စိရှေ့တင်ပဲလေ၊ ဒါတွေကြောင့် အရေးတယူနဲ့ Citizen Journalist ဖြစ်လာတာပေါ့နော်"
အသက် ၃၀ ကျော်အရွယ် ကိုကြည်နွေဦးဟာ စစ်တပ်အာဏာမသိမ်းခင်က ရှေ့နေတစ်ယောက်ပါ။ အာဏာသိမ်းလိုက်တဲ့အတွက် CDM လို့ခေါ်တဲ့ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာ ပါဝင်လိုက်ပါတယ်။ အဲဒီကနေတစ်ဆင့် စစ်တပ်အုပ်ချုပ်မှုအောက်က တရားစီရင်ရေးစနစ်ကို မယုံတော့သလို၊ ပြည်သူတွေရဲ့ နစ်နာချက်တွေကိုပိုပြီး ဖော်ထုတ်ပေးနိုင်မယ်လို့ယုံ ကြည်တဲ့ လူထုသတင်းသမားဘဝကို ပြောင်းလိုက်ပါတော့တယ်။
"CDM ဘဝကနေ Citizen Journalist ဖြစ်လာရတာက စစ်ကောင်စီက မြို့နယ်တွေတော်တော်များများမှာ အကြမ်းမဖက်တဲ့နည်းနဲ့ပြနေတဲ့ ဆန္ဒပြပြည်သူတွေကို သူတို့က ရက်ရက်စက်စက် သေနတ်တွေနဲ့ပစ်၊ မိုင်းတွေ ခွဲပြီးတော့ တိုက်ခိုက်လာတယ်ပေါ့နော်။ ဒါက CDM လုပ်နေလို့ မပြီးဘူး၊ တစ်နည်းနည်းနဲ့တော့ နစ်နာတဲ့သူတွေကိုယ်စား အသံထွက်ပေးရမယ်ဆိုတာ ဖြစ်လာတယ်ပေါ့နော်"
သူက ပြည်သူတွေလူ့အခွင့်အရေး ချိုးဖောက်ခံနေရတာကို အဓိကတင်ပြနေတယ်လို့ ပြောပြပါတယ်။ ဒါဟာလည်း စစ်အာဏာရှင်ကို တော်လှန်နေတာလို့ ကိုကြည်နွေဦးက ခံယူပါတယ်။
"စစ်ကြောရေးမှာကတည်းက တွေးမိတာက ငါ ဒီစစ်ကြောရေးမှာ သေချင်သေ၊ မသေဘဲနဲ့ ငါပြန်လွတ်လာရင် စစ်အာဏာရှင်စနစ်ကို ဒီကောင်တွေကို ရတဲ့နည်းနဲ့ တော်လှန်မယ်လို့ ဆုံးဖြတ်ခဲ့တာ"
အာဏာသိမ်းပြီးခါစက ကိုကြည်နွေဦးဟာ စစ်တပ်ရဲ့ ဖမ်းဆီးနှိပ်စက်တာလည်း ခံခဲ့ရဖူးပါတယ်။ ဗျူဟာမှူးတစ်ယောက် ဦးဆောင်တဲ့ စစ်သား အယောက်နှစ်ဆယ်ကျော်က သူ့အိမ်ကို ဧည့်စာရင်း အကြောင်းပြ ချက်နဲ့ လာဖမ်းလို့ မင်္ဂလာဒုံက ရေကြည်အိုင် စစ်ကြောရေးစခန်းမှာ နှိပ်စက်ခံရပြီး ရက်ပေါင်း ၁၃၀ ကျော်လောက် နေခဲ့ရပါတယ်။
"ရင်ဘတ်တွေကို ထိုးတယ်၊ သံခုံနဲ့ လက်ကို လက်ထိတ်ခတ်ပြီး၊ နောက်မှာ ခံထားတဲ့အချိန်မှာ ပစ်လဲသွားတာ၊ ပစ်လဲတဲ့အချိန်မှာလည်း လုံးဝ ထူမပေးဘူး၊ ကျွန်တော့်ကို ကန်တာ၊ ရှေ့ကအစောင့်တွေကလည်း ဝင်လာပြီး ဝိုင်းကန်တာ၊ ခါးဆိုရင် စစ်ကြောရေးကပြန်လွတ်ပြီး နောက်ပိုင်းမှာ ပြန်ကုထားတာပေါ့နော်၊ ခါးဆိုရင် ကောင်းကောင်း ထိုင်လို့မရတဲ့ အဆင့်အထိဖြစ်တယ်၊ သွားတစ်ချောင်းကြိုးတယ်၊ အံကပ်ထဲ က သွားတွေဆိုရင်ကြွေသွားတာတွေတောင် ရှိတယ်။ ပါးတွေဆိုလည်း ပြန်ချုပ်ထားတာပေါ့နော်။ သွေးတွေနဲ့ ပါးစပ်တွေက စိနေတာပေါ့နော်၊။ စကားတောင် မပြောနိုင်ဘူး၊ လျှာတွေလည်း ကွဲပြဲပြီးတော့ မျက်လုံး ဆိုလည်း တစ်လုံးပဲမြင်ရတယ်"
ကိုကြည်နွေဦးဟာ စစ်ကြောရေးမှာ နှိပ်စက်ခံခဲ့ရတဲ့ဒဏ်တွေကြောင့် အခုအချိန်အထိ ဆေးလိမ်း၊ ဆေး သောက်နေရပါသေးတယ်။ ဒါပေမဲ့ သူယုံကြည်တဲ့ သတင်းအလုပ်ကို ဆက်လုပ်နေပါတယ်။
"စစ်ကြောရေးမှာကတည်းက တွေးမိတာက ငါ ဒီစစ်ကြောရေးမှာ သေချင်သေ၊ မသေဘဲနဲ့ ငါပြန်လွတ်လာရင် စစ်အာဏာရှင်စနစ်ကို ဒီကောင်တွေကို ရတဲ့နည်းနဲ့ တော်လှန်မယ်လို့ ဆုံးဖြတ်ခဲ့တာ"
တစ်ဖက်မှာလည်း CJ သတင်းသမားတွေ ပိုများလာအောင် သူ့ပတ်ဝန်းကျင်က စိတ်ဝင်စားတဲ့သူတွေကို စည်းရုံးနေတယ်လို့ ဆိုပါတယ်။
အခုတော့ သတင်းအလုပ်ကို အဓိကလုပ်နေတယ်ဆိုပေမဲ့ လခစားမဟုတ်တာကြောင့် ပို့နိုင်တဲ့သတင်း အပုဒ်ရေပေါ်မူတည်ပြီး ဝင်ငွေရတာဖြစ်လို့ တချို့လတွေမှာ ရိုက်ကူးရေးခရီးစရိတ်တောင် ပြန်မရဘူးလို့ ဆိုပါတယ်။
လွတ်လွတ်လပ်လပ်တင်ပြတဲ့ သတင်းထောက်တွေကို စစ်ကောင်စီက မကြိုက်တဲ့အတွက် သူ့အတွက် မလုံခြုံလှပါဘူး။ ဒါကြောင့် နေထိုင်ရေးအတွက် ပုံမှန်ထက် ငွေကုန်တာတွေရှိတယ်လို့ သူက ပြောပါတယ်။
အခုကာလမှာ CJ တွေရဲ့ အခန်းကဏ္ဍဟာ ပြည်တွင်းမှာ ပိုပြီးတော့ လိုအပ်တယ်လို့ လုံခြုံရေးအရ အမည်မဖော် လိုတဲ့ ပြည်ပသတင်းဌာနက အယ်ဒီတာတစ်ဦးက ပြောပါတယ်။
"သတင်းထောက်တော်တော်များများက ပြည်ပကို ရောက်နေတဲ့ အချိန်မှာ CJ လို့ခေါ် တဲ့ ပြည်သူ ပြည်သား သတင်းသမားတွေရဲ့ကဏ္ဍက ပိုပြီးတော့အရေးကြီးလာတယ်၊ CJ ဆိုတာက ဘယ်သူမဆို လုပ်လို့ရတယ်၊ ဖြစ်လို့ရတယ်၊ သူတို့တွေက ကိုယ့်အနားမှာဖြစ်နေတဲ့ ကြုံတွေ့နေရတဲ့ အကြောင်းတွေကို သတင်းဌာနတွေဆီ နည်းလမ်းပေါင်းစုံနဲ့ သတင်းတွေပို့ပြီးတော့ ဒါကိုအားလုံးတွေ့အောင် ဖြန့်ချိလို့ရတယ်၊ ဒါကြောင့် တော်လှန်ရေးကာလမှာ တကယ် တာဝန်ယူမှုရှိတဲ့သတင်းဌာနတွေ အမြဲရှင်သန် ရပ်တည်နေနိုင်ဖို့ အရေးကြီးသလိုမျိုး CJ တွေရဲ့ကဏ္ဍကလည်း ပိုပြီးတော့အရေးကြီးတယ်လို့ ကျွန်တော် ပြောချင်ပါတယ်"
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလကစလို့ သတင်းထောက် နှစ်ရာ နီးပါး ဖမ်းဆီးခံခဲ့ရပြီး အဲဒီထဲက သတင်းသမား ၄၃ ဦးဟာ ဒီနေ့အထိ အကျဉ်းကျခံနေရတယ်လို့ ထိုင်းနိုင်ငံအခြေစိုက် လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ (IPCM) က ၂၀၂၅ ဇန်နဝါရီလ ၂၆ ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။
ဆက်နွှယ်သောသတင်းများ
သတင်းထောက် ၄၃ ဦး ဆက်လက် ဖမ်းဆီးခံထားရကြောင်း IPCM ပြော
မြန်မာအပါအဝင် ကမ္ဘာတစ်ဝန်း သတင်းသမား ၁၂၄ ဦး သေဆုံး
အကျဥ်းကျခံနေရတဲ့ ဓာတ်ပုံသတင်းထောက်ကို နှိပ်စက်ညှဥ်းပန်းမှု ချက်ချင်းရပ်ဖို့ CPJ တောင်းဆို
နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) ရဲ့ ၂၀၂၄ ခုနှစ် ကမ္ဘာ့သတင်းမီဒီယာ လွတ်လပ်ခွင့် ညွှန်းကိန်းမှာလည်း မြန်မာနိုင်ငံဟာ နိုင်ငံပေါင်း ၁၈၀ မှာ အဆင့် ၁၇၁ အဖြစ် သတ်မှတ်ခံရပြီး အန္တရာယ်အများဆုံးအဆင့်မှာ ရှိနေတယ်လို့ ဖော်ပြခံထားရတာပါ။
ကိုကြည်နွေဦးကတော့ ရတဲ့နည်းနဲ့ CJ သတင်းသမားအဖြစ် ဆက်လုပ်သွားမယ်လို့ ပြောပါတယ်။
"သတင်းစာဆရာကြီး ဟံသာဝတီ ဘဘဦးဝင်းတင် သူပြောတဲ့အတိုင်းပဲ အာဏာရှင်လက်အောက် မှာနေရင် ဘယ်နေရာမဆို လွတ်လပ်တဲ့နေရာ မရှိပါဘူး။ ထောင်ကျဉ်းကျဉ်းလေးနေရတာနဲ့ အပြင်မှာ ထောင်ကျယ်ကျယ်နဲ့ နေရတာ ဒါပဲကွာပါတယ်။ အားလုံးဟာ ထောင်ကျနေတာနဲ့အတူတူပဲ။ သူတို့တွေက အချိန်မရွေး ဝင်ဖမ်းလိုက်၊ ပေါ်တာဆွဲလိုက် အဲလိုမျိုး တွေ လုပ်နေတဲ့အခါကျတော့ ကျွန်တော်တွေမှာ အသံလေးရဖို့၊ ရုပ်ကတ်လေးရဖို့ အသက်စွန့်ပြီး လုပ်ရတဲ့ အခြေအနေမျိုးတွေရှိတယ်၊ ကျွန်တော့်ကို ဖမ်းမိသွားတယ်၊ ဘယ်ဥပဒေနဲ့ဖမ်းဖမ်း ဆက်လုပ်မှာပဲ၊ စစ်မှုထမ်း အသက်ထဲမှာပါနေတဲ့အတွက် စစ်မှုထမ်းမယ်လို့ စားရင်းနဲ့လာခေါ်လို့ ပေါ်တာဆွဲခံလိုက်ရလို့ ရှိရင်လည်း ကျွန်တော် ရတဲ့နည်း နဲ့ Citizen Journalist ဆက်လုပ်သွားမှာပါ"