ကချင်ပြည်နယ်က ထူးခြားတဲ့ ပညာရပ်စုံတက္ကသိုလ်
2023.03.21
အာဏာသိမ်းပြီးနောက် အဆိုးရွားဆုံး ထိခိုက်နေတဲ့ ပညာရေးကွက်လပ်ကို ဖြည့်ဆည်းတဲ့ အနေနဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ထိန်းချုပ်ရာ တရုတ်-မြန်မာနယ်စပ် လိုင်ဇာဒေသမှာ CDM တက္ကသိုလ် ဆရာ၊ ဆရာမတွေ ဦးဆောင်ပြီး ကချင်ပြည်နယ် ပညာရပ်စုံတက္ကသိုလ် Kachin State Comprehensive University (KSCU) ကို ဖွင့်လှစ်သင်ကြားပေးနေပါတယ်။
လက်ရှိ တက္ကသိုလ် ပထမနှစ်မှာ ဝိဇ္ဇာ၊ သိပ္ပံ ဘာသာရပ် သင်ယူနေသူ ၉၁ ဦး၊ ဆေးပညာ သင်ယူနေသူ ၄၅ ဦးနဲ့ သူနာပြုဘာသာရပ် သင်ယူနေသူ ၂၉ ဦး စုစုပေါင်း ကျောင်းသူ၊ ကျောင်းသား ၁၆၅ ဦး ရှိပါတယ်။ ကျောင်းအိပ်ကျောင်းစား လာမတက်နိုင်တဲ့ လူငယ်တွေ အတွက်လည်း အဝေးသင်တက္ကသိုလ်အဖြစ် စီစဉ်ထားတယ်လို့ ကျောင်းတာဝန်ရှိသူတွေက ပြောပါတယ်။
ဒီကျောင်းကို ၂၀၂၂ ခုနှစ် မေလ ၃၁ ရက်နေ့မှာ စတင်ခဲ့ပြီး စက်တင်ဘာလမှာ အဝေးသင်တက္ကသိုလ် သင်တန်းတွေကို အရင်ဆုံး ပို့ချခဲ့တာပါ။ အဲဒီနောက် လူကိုယ်တိုင် ကျောင်းအိပ်ကျောင်းစား လာတက်သူတွေကို လက်ခံပြီး NUG ပညာရေးဝန်ကြီးဌာနရဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပညာရေးမူဝါဒနဲ့အညီ သင်ကြားပေးနေတာလို့ ဆိုပါတယ်။
ဒီတက္ကသိုလ်ကို ကချင်ပြည်နယ်ရဲ့ အဆင့်အမြင့်ဆုံး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တက္ကသိုလ်အဆင့်ထိ ဖြစ်လာဖို့ ရည်ရွယ်ပြီး ဖွင့်လှစ်ထားတာလို့ KSCU တက္ကသိုလ်ရဲ့ ဒုတိယအမြင့်ဆုံး စီမံခန့်ခွဲသူ ဒုတိယအဓိပတိ ဒေါက်တာ အောင်ကိုကိုလင်းက ရှင်းပြပါတယ်။
“ပညာရှင်ပေါင်းမျိုးစုံနဲ့ အစည်းအဝေးတွေ ကျနော်တို့ အကြိမ်ကြိမ် လုပ်ပါတယ်။ လုပ်ပြီးတဲ့အခါမှာ ကျနော်တို့ ကချင်ပြည်နယ်က သွားချင်တဲ့ ပညာရေးဆိုင်ရာ လမ်းကြောင်းကို သူတို့ကို ချပြတယ်။ သူတို့တွေက အကြံပြုတယ်။ နောက်ဆုံးမှာ ကျနော်တို့ မှန်းထားတဲ့ အတိုင်းပေါ့နော် ကချင်ပြည်နယ်က အနာဂတ် ပြည်ထောင်စုမှာ တကယ်ပီပြင်တဲ့ ဖက်ဒရယ်ပညာရေးစနစ်ကို ဘယ်လိုမျိုး သွားမယ်ဆိုတဲ့လမ်းကြောင်း ပေါ်လာပြီး ဒီတက္ကသိုလ်ကို တည်ထောင်ဖြစ်သွားတာပါ။ ရည်မှန်းချက်က ဘယ်လောက်ထိ သွားလဲဆိုရင် အပြည့်အဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တက္ကသိုလ် ဖြစ်မှာပေါ့နော်။ အလွယ်ဆုံး ပြောရမယ်ဆိုရင်တော့ ကချင်ပြည်နယ်က အဆင့်မြင့်ပညာရေးကို ကချင်ပြည်နယ်မှာရှိတဲ့ Stakeholder တွေကပဲ အပြည့်အဝ စီမံခွင့် ရှိတယ်ဆိုတဲ့ သဘောတရားပေါ်မှာ အခြေခံပြီးလုပ်တာဖြစ်ပါတယ်”
ဒီကျောင်းရဲ့ အဝေးသင်တက္ကသိုလ်ကနေ မြန်မာစာ၊ အင်္ဂလိပ်စာ၊ စီးပွားရေးပညာ၊ သမိုင်း၊ ဒဿနိကဗေဒ၊ ဓာတုဗေဒ၊ စိတ်ပညာ၊ ပထဝီဝင်၊ ဥပဒေပညာစတဲ့ အထူးပြု ဘာသာရပ်တွေနဲ့ ကျောင်းပြီးခဲ့သူ ၆၃ ဦးအတွက် ဘွဲ့နှင်းသဘင် အခမ်းအနားကို ဖေဖော်ဝါရီ ၂၅ ရက်နေ့က လိုင်ဇာမှာ ပြုလုပ်ခဲ့ပါတယ်။
ဒါဟာ ကချင်ပြည်နယ် ပညာရပ်စုံတက္ကသိုလ် (KSCU) ရဲ့ ပထမဆုံး ဘွဲ့နှင်းသဘင် အခမ်းအနားလည်း ဖြစ်ပါတယ်။
"ကျောင်းတက်ရတော့ ပျော်တယ်။ ကိုယ်စိတ်ပါတာကို မတတ်ရတော့ဘူးလို့ အရင်က ထင်ခဲ့တာ။"
အခုလက်ရှိမှာ ဝိဇ္ဇာ၊ သိပ္ပံ ဘာသာရပ်၊ ဆေးပညာသိပ္ပံ ဘာသာရပ် နဲ့ သူနာပြုဘာသာရပ် သုံးခုကို အဓိက သင်ကြားပေးနေပြီး နည်းပညာနဲ့ကွန်ပြူတာ ဘာသာရပ်တွေကိုလည်း ဖွင့်လှစ်သွားဖို့ စီစဉ်ထားပါတယ်။
ဝိဇ္ဇာ-သိပ္ပံ ကျောင်းသား ၉၁ ဦး၊ ဆေးပညာသိပ္ပံ ကျောင်းသား ၄၅ ဦးနဲ့ သူနာပြု တက္ကသိုလ်ကျောင်းသား ၂၉ ဦး တက်ရောက်နေပြီး အများစုဟာ KIO ထိန်းချုပ်နယ်မြေက ဖြစ်ပါတယ်။
KIO ထိန်းချုပ်နယ်မြေ လိုင်ဇာမြို့ အထက်တန်းကျောင်းကနေ ၁၀ တန်းအောင်ပြီး KSCU မှာ သူနာပြုဘာသာရပ် တက်ရောက်နေတဲ့ မလုလုအောင်က အခုလို ကိုယ်ဝါသနာပါတဲ့ ဘာသာရပ်ကို သင်ယူခွင့်ရတဲ့အတွက် ပျော်ရွှင်ရတယ်လို့ ပြောပါတယ်။
“အရင်ကတော့ ဒီဘက်က ကျောင်းသားတွေအတွက်က ကျောင်းတက်ချင်လည်း မြန်မာအစိုးရကျောင်းပြီးမှ တက်လို့ရတာပေါ့။ အခု ဒီမှာက မြန်မာအစိုးရကျောင်း မဟုတ်ဘဲ ကေအိုင်အို ကျောင်းပြီးထားလည်း တက်လို့ရတော့ ကောင်းတယ်လို့ မြင်တယ်။ ကျောင်းတက်ရတော့ ပျော်တယ်။ ကိုယ်စိတ်ပါတာကို မတတ်ရတော့ဘူးလို့ အရင်က ထင်ခဲ့တာ။ အခု ကျောင်းတက်လိုက်တော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလည်း ပိုရှိလာတယ်”
ကျောင်းဝင်ခွင့်ရဖို့ ဝင်ခွင့်စာမေးပွဲ ဖြေရသလို ရုပ်ပိုင်း၊ စိတ်ပိုင်း စစ်ဆေးမှုအနေနဲ့ လူတွေ့မေးမြန်းတာကိုလည်း ဖြေဆိုရတယ်လို့ သူက ပြောပါတယ်။
ကချင်ပြည်နယ် ဖားကန့်မြို့ကနေ ဆေးပညာဘာသာရပ် လာရောက်ဆည်းပူးနေတဲ့ မောင်ဘင်ဂျမင်ကတော့ ခွဲစိတ်ပါရဂူကြီးဖြစ်တဲ့အထိ ရည်မှန်းထားပါတယ်။
“အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ ကျနော် ဆန္ဒပြတဲ့အခါမှာ ၅၀၅ (က) မိပြီးတော့ CDM လုပ်ပြီး ဒီဘက် ရောက်လာတာ ဖြစ်ပါတယ်။ KSCU မှာလည်း ဆေးကျောင်းဖွင့်တယ်ဆိုတာနဲ့ ဝင်ခွင့်ဖြေပြီး ဒီကို ရောက်လာတာ ဖြစ်ပါတယ်။ ကျနော်က ခွဲစိတ်ပိုင်း စိတ်ဝင်စားတယ်။ ခွဲစိတ်ပိုင်းပဲ တကယ့် ပါရဂူဖြစ်အောင်ထိ ရည်မှန်းထားပါတယ်ဗျ”
စာအုပ်တွေ ရရှိဖို့ အခက်အခဲဖြစ်ပေမယ့် ဘာသာရပ်ဆိုင်ရာ ဆရာ၊ ဆရာမတွေက လိုအပ်တာထက်ပိုပြီး ဂရုတစိုက် ပို့ချတဲ့အတွက် အဆင်ပြေတယ်လို့ သူက ဆိုပါတယ်။
KSCU တက္ကသိုလ်မှာ ပို့ချတဲ့ ဘာသာရပ်တွေကို ကန့်သတ်ထိန်းချုပ်မထားဘဲ လွတ်လွတ်လပ်လပ်နဲ့ ကျယ်ကျယ်ပြန့်ပြန့် သင်ကြားပေးနေတယ်လို့ ဥပဒေပညာ ပို့ချပေးနေသူ ဆရာ ဦးတိုင်းကျော်သူက ပြောပါတယ်။
“ကွာခြားချက်တွေတော့ အများကြီးရှိတယ်ဆိုပြီး ဆိုလို့ရပါတယ်။ မြစ်ကြီးနား တက္ကသိုလ်မှာ သင်ကြားတုန်းက သင်ကြားရေးကို သူတို့ချယ်လှယ်ချင်တဲ့အတိုင်း ချယ်လှယ်တဲ့အောက်မှာ ကျနော်တို့မှာ ကိုယ်လုပ်ချင်တိုင်း လုပ်လို့လည်း မရဘူး။ ဒီမှာတော့ ကျနော်တို့ ဒီဥပဒေပညာဘာသာရပ်အနေနဲ့ ပြောရမယ်ဆိုရင် တခြားပေါ့ သူနဲ့သက်ဆိုင်တဲ့ Political Science (နိုင်ငံရေးသိပ္ပံ)၊ Public Policy (ပြည်သူ့ရေးရာမူဝါဒ)၊ International Relations (နိုင်ငံတကာ ဆက်ဆံရေး) စသည်ဖြင့် အဲဒီဘာသာရပ်တွေ စုံညီအောင် ကျနော်တို့ ဒီမှာ အနာဂတ် ဥပဒေပညာဘွဲ့ရတွေမှာ ရှိသင့်ရှိထိုက်တဲ့ ဘာသာရပ်တွေ ပါအောင် သင်ကြားပေးနေဆဲ၊ သင်ကြားပေးဖို့အထိ ကျနော်တို့က ရည်ရွယ်ထားတာဖြစ်တဲ့အတွက် ဒီမှာက ကွာခြားတယ်”
ဒေါက်တာ အောင်ကိုကိုလင်းကလည်း ကျူရှင်စနစ်တွေ၊ လာဘ်ပေးလာဘ်ယူကိစ္စတွေကို လုံးဝ တားမြစ်ထားသလို ကျောင်းဝင်ခွင့်အတွက်လည်း အခြေခံပညာ အထက်တန်းစာမေးပွဲ ရမှတ်ကို အခြေခံပြီး ဆုံးဖြတ်တာ မဟုတ်ဘူးလို့ ပြောပါတယ်။
ပထမနှစ်ကို အထွေထွေပညာရေး (General Education) အဖြစ် ကျောင်းသူ၊ကျောင်းသားတိုင်း အခြေခံဗဟုသုတ ရအောင် တက္ကသိုလ်အဆင့်မှာရှိတဲ့ ဝိဇ္ဇာ-သိပ္ပံ ပညာရပ်နယ်ပယ်အားလုံးကို အနှစ်ချုပ်ထားတဲ့ ဘာသာရပ် ၁၂ ခု သင်ကြားပေးပြီး နောက်တစ်နှစ်မှ ကိုယ်ကြိုက်တဲ့ အထူးပြုဘာသာရပ်ကို အဓိက လျှောက်ထားရတာလို့ ရှင်းပြပါတယ်။
ပညာသင်ကာလကိုတော့ တစ်နှစ်ကို လေးလတစ်ကြိမ် နှစ်ပိုင်းခွဲ သင်ကြားပေးတယ်လို့ ဆိုပါတယ်။
အခုလို ခက်ခဲတဲ့ ကာလမှာ ပညာလိုချင်သူ လူငယ်တွေအတွက် ကြိုးစား စီစဉ်ပေးနေပေမယ့်လည်း ဆရာ၊ ဆရာမအင်အား မလုံလောက်တာ၊ ကျောင်းသုံး ပစ္စည်းတွေ မှာယူဖို့ ငွေရေးကြေးရေးနဲ့ လုံခြုံရေးကအစ အခက်အခဲနဲ့ စိန်ခေါ်မှုတွေကိုတော့ ရင်ဆိုင်နေရဆဲလို့ ကျောင်းတာဝန်ရှိသူတွေက ပြောပါတယ်။
CDM ဆရာ၊ ဆရာမတွေနဲ့ ရုံးဝန်ထမ်းတွေအတွက် နေထိုင်စားသောက်ရေးကို ကေအိုင်အိုက အပြည့်အဝ ထောက်ပံ့ပေးထားပေမယ့်လည်း လစာအဖြစ် ထောက်ပံ့ပေးနိုင်တာမျိုးတော့ မရှိပါဘူး။
ကချင်ပြည်နယ် ပညာရပ်စုံတက္ကသိုလ် (KSCU) ကို အနာဂတ်မှာ နိုင်ငံတကာအဆင့်မီ တက္ကသိုလ်ဖြစ်ဖို့နဲ့ တော်လှန်ရေးအလွန်ကာလ ပြန်လည်ထူထောင်ရေးမှာ လိုအပ်တဲ့ လူ့အရင်းအမြစ်တွေကို မွေးထုတ်ပေးဖို့ ကျောင်းတာဝန်ရှိသူတွေက ရည်မှန်းထားပါတယ်။