အမှောင်ထုအောက်မှာ ရှင်သန်နေတဲ့ ရန်ကုန်မြို့သူမြို့သားများ

RFA Burmese
2025.02.10
အမှောင်ထုအောက်မှာ ရှင်သန်နေတဲ့ ရန်ကုန်မြို့သူမြို့သားများ ရန်ကုန်မြို့ မြို့လယ်တစ်နေရာအား ၂၀၂၅ ခုနစ် ဖေဖော်ဝါရီလ ၃ ရက်နေ့က တွေ့ရစဥ်။
Photo: RFA

မြန်မာနိုင်ငံမှာ လျှပ်စစ်မီး လုံလောက်အောင် မထုတ်လုပ်နိုင်တော့တဲ့အတွက် စွမ်းအင်ကဏ္ဍမှာ အဆိုးရွားဆုံး ဖြစ်နေပါတယ်။

တစ်နိုင်ငံလုံး လူဦးရေရဲ့ ရှစ်ပုံတစ်ပုံရှိနေတဲ့ ရန်ကုန်မြို့ကြီးမှာ တစ်နေ့ကို နာရီပိုင်းပဲ လျှပ်စစ်မီးရတော့တဲ့အတွက် လူတွေရဲ့ နေ့စဥ်ဘဝတွေ ကမောက်ကမ ဖြစ်နေရပါတယ်။

“တစ်နေ့ကိုနာရီပိုင်းပဲ လျှပ်စစ်မီးရတော့တဲ့အတွက် လူတွေရဲ့ နေ့စဥ်ဘဝတွေ ကမောက်ကမ ဖြစ်နေရပါတယ်”

နေ့ပိုင်းမှာ လေးနာရီပေး၊ ရှစ်နာရီဖြတ်ပြီး ညပိုင်းကို လေးနာရီပေး၊ လေးနာရီ ဖြတ်စနစ်နဲ့ အုပ်စုသုံးစုခွဲပြီး ဖြန့်ဖြူးပေးနေတယ်လို့ စစ်ကောင်စီရဲ့ လျှပ်စစ်ဝန်ကြီးဌာနက ဇန်နဝါရီ ၆ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ ရန်ကုန် လူဦးရေရဲ့ ခုနစ်ပုံတစ်ပုံပဲရှိတဲ့ နေပြည်တော်မှာတော့ သာမန်ပြည်သူတွေအတွက် တစ်ရက် ၁၆ နာရီပေး၊ ရှစ်နာရီဖြတ်ပြီး ဝန်ထမ်းအိမ်ရာတွေကိုတော့ ၁၈ နာရီပေး၊ လေးနာရီဖြတ်စနစ်နဲ့ လျှပ်စစ်မီးကို ပေးနေတယ်လို့ ဆိုပါတယ်။

ရန်ကုန်မြို့မှာ မိတ္တူကူးစက်နဲ့ စာစီစာရိုက်လုပ်ငန်းကို မီးစက်သုံးပြီး လုပ်ရတယ်လို့ လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

“ညီမတို့ ဆိုင်ဆိုရင် A, B, C အုပ်စုသုံးစု ခွဲထားတဲ့အထဲမှာ C အုပ်စုထဲမှာ ပါတယ်ပေါ့နော်။ C အုပ်စုက ဒီနေ့ဆို တစ်နာရီကနေ ငါးနာရီအထိ လာတယ်။ တချို့ရက်တွေဆိုရင် တစ်နာရီကနေ ငါးနာရီအတွင်းဆိုပေမဲ့ ဟိုပျက်သွားတဲ့ အချိန်တွေလည်း ရှိတယ်ပေါ့နော်။ အဲဒီလိုမျိုးကျရင်တော့ ညီမတို့ ဒုက္ခရောက်တာပေါ့နော်။ အဲဒီလိုအခါမျိုးကျရင် ညီမတို့ မီးစက် သုံးရတယ်။ မီးစက်သုံးပြီးတော့ အလုပ်ကို အဆင်ပြေအောင် လည်ပတ်ရတယ်။ တစ်ခါတလေကျလို့ရှိရင်။ အဲဒီလို (လောင်စာ) ဆီဝယ်ရတဲ့ အခက်အခဲဒုက္ခတွေလည်း ရှိတတ်တယ်။ ဆီဝယ်လို့ မရရင်တော့ လုပ်ငန်းတွေ ရပ်ထားလိုက်ရတာပေါ့”

အာဏာမသိမ်းခင်က 92 အဆင့်ဓာတ်ဆီ တစ်လီတာကို ကျပ်ငွေ ၄၅၀ ဝန်းကျင်ရှိခဲ့ပေမဲ့ အခုတော့ တစ်လီတာကို ကျပ်ငွေ သုံးထောင်ကျော်အထိ ပေးနေရပါပြီ။

“ညသန်းခေါင်တွေမှာလည်း လုပ်နေရတဲ့အတွက် အိပ်ရေးပျက်ပြီး ဘဝနေထိုင်မှုတွေ ယိုယွင်းလာပါပြီ”

ထမင်း ဟင်းချက်တာ၊ တယ်လီဖုန်း၊ ကွန်ပျူတာ အားသွင်းတာ၊ ရေစက် မောင်းရတာတွေအတွက် လျှပ်စစ်မီးဟာ မရှိမဖြစ်ပါ။ ဒါတွေအတွက် ညသန်းခေါင်တွေမှာလည်း လုပ်နေရတဲ့အတွက် အိပ်ရေးပျက်ပြီး ဘဝနေထိုင်မှုတွေ ယိုယွင်းလာပြီလို့ ကုမ္ပဏီဝန်ထမ်းတစ်ဦးက ပြောပါတယ်။

“ညဥ့်နက်မှ မီးလာတဲ့အခါကျတော့ ကမန်းကတန်းထ ရေတင်၊ ထမင်းချက်၊ ဟင်းချက်၊ လက်ရှိ သုံးနေတဲ့ဖုန်းတွေ၊ ကွန်ပျူတာတွေ အားသွင်းဆိုတော့ အချိန်က မနက်မိုးလင်းပိုင်းလောက် ဖြစ်သွားရော၊ အဲဒီတော့ မနက်ကျတော့ ကျွန်တော်တို့က အစောကြီးပြန်ထ။ အလုပ်သွားဖို့ ပြင်ဆင်ဆိုတော့ အလုပ်လုပ်တဲ့အခါ ကျွန်တော်တို့က ဘာမှ အလုပ်ကောင်းကောင်း မလုပ်နိုင်တော့ဘူးဗျာ။ အာရုံမစိုက်နိုင်တော့ဘူး။ ခေါင်းတွေကိုက်ပြီး လူကကြာတော့ လစ်လာရောဗျာ။ ရေရှည်ဆိုရင်တော့ ဒါကြီးက သိပ်အဆင်မပြေလောက်ဘူးဗျာ။ ကျွန်တော်တို့လည်း ထိတယ်ဗျ။ နောက်ပိုင်း ကျန်းမာရေးလည်း တောက်လျှောက် ထိလာနိုင်တယ်”

ရန်ကုန်မြို့ရဲ့ အထပ်မြင့်တိုက်ခန်းတွေမှာ နေတဲ့သူတွေဟာ ရေတင်ဖို့ လျှပ်စစ်မီး လိုသလို၊ ပူပြင်းတဲ့ရာသီမှာလည်း လျှပ်စစ်မီးမရရင် နေထိုင်ရတာ ခက်ခဲတယ်လို့ ထမင်းဆိုင်ပိုင်ရှင်တစ်ဦးက ပြောပါတယ်။

“အခုတောင်တော်တော် ဒုက္ခတွေရောက်နေကြတာ။ လူတွေ နွေဆို ပိုဂျွန်းပျံပြီပေါ့။ နေလို့တောင် ရမှာမဟုတ်ဘူး။ တိုက်ခန်းသမားတွေ ပိုဆိုးမယ်။ အန်တီတို့က တိုက်အောက်နေလို့ ဒီမှာ ယပ်တောင်တစ်ချောင်းနဲ့ ယပ်ခတ်နေလို့ရတယ်”

လျှပ်စစ်ဓာတ်အားပြတ်တောက်မှုကြောင့် မီးစက်မောင်းရန် ဆီဖြည့်တင်းနေသည်ကို ရန်ကုန်မြို့ မြို့လယ် ကုန်တိုက်တစ်ခုတွင် ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
လျှပ်စစ်ဓာတ်အားပြတ်တောက်မှုကြောင့် မီးစက်မောင်းရန် ဆီဖြည့်တင်းနေသည်ကို ရန်ကုန်မြို့ မြို့လယ် ကုန်တိုက်တစ်ခုတွင် ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

လျှပ်စစ်မီးကို အလှည့်ကျစနစ်နဲ့ ပေးနေတယ် ဆိုပေမဲ့လည်း မီးလာရမဲ့အချိန်မှာတောင် အပြည့်အဝ မရတဲ့အတွက် စျေးကြီးတဲ့ မီးသွေးဂက်စ်ကို သုံးရလို့ ထမင်းဆိုင်လုပ်ငန်းမှာလည်း ထိခိုက်လာတယ်လို့ သူက ပြောပါတယ်။

နောက်တစ်ချက်ကလည်း မီးဘေးအန္တရာယ်ပါ။ လျှပ်စစ်ဓာတ်အားသုံး ရေနွေးအိုး၊ ဒယ်အိုးတို့လို မီးဖိုချောင်သုံး ပစ္စည်းတွေကို သုံးနေရင်း ရုတ်တရက် မီးပျက်သွားတဲ့အချိန်မှာ ခလုပ်မပိတ်မိဘဲ မီးပြန်လာတာကို သတိမထားမိတဲ့အခါ ရှော့ဖြစ်ပြီး မီးလောင်နိုင်တဲ့ အန္တရာယ်လည်း ရှိနေပါတယ်။


ဆက်နွှယ်သော သတင်းများ

လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု သုံးပုံတစ်ပုံအထိ ကျဆင်းလာ

ရန်ကုန် အပါအဝင် တစ်နိုင်ငံလုံးမှာ လျှပ်စစ်မီးပြတ်တောက်မှု ဆိုးဆိုးရွားရွားကြုံနေရ

စစ်ခေါင်းဆောင်ရှိရာ နေပြည်တော်မှာ လျှပ်စစ်မီး နှစ်ဆကျော် ပိုရနေ


မီးသတ်ဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ ၂၀၂၄ ခုနှစ် ဇန်နဝါရီကနေ စက်တင်ဘာအထိ ကိုးလအတွင်း နိုင်ငံတစ်ဝန်းမှာ မီးလောင်မှု ၉၅၃ ကြိမ် ဖြစ်ပွားခဲ့ပြီး လူ ၇၆ ဦးအထိ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ မီးလောင်ရတဲ့ အကြောင်းရင်းတွေက လျှပ်စစ်မီး ပေါ့ဆမီးနဲ့ မီးဖိုမီးတွေကြောင့် အများဆုံးဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီ လျှပ်စစ်ဌာနရဲ့ အလှည့်ကျစနစ်နဲ့ မီးပေးဖို့ကြေညာချက်ထုတ်အပြီး ငါးရက်ခန့်အကြာမှာတော့ စွမ်းအင်နဲ့ လျှပ်စစ်ဆိုင်ရာပစ္စည်းတွေ ပါဝင်တဲ့ကုန်စည်ပြပွဲ “2025 Myanmar Power Equipment & Photovoltaic Industry and Energy Storage Expo”ကို Yangon Convention Center (YCC) မှာ ဇန်နဝါရီ ၁၁ နဲ့ ၁၂ ရက်နေ့တွေမှာ ကျင်းပခဲ့ပါတယ်။ အဲဒီပြပွဲမှာ နေရောင်ခြည်စွမ်းအင် (Solar) သုံး လျှပ်စစ်ပစ္စည်းတွေကို တတ်နိုင်သူတွေက ဝယ်နေတာ ကြိုတင်မှာနေတာလည်း တွေ့ရပါတယ်။

အခုဆိုရင် လူလတ်တန်းစားတွေဟာ မီးစက်၊ နေရောင်ခြည်စွမ်းအင်သုံး ဆိုလာပြားတွေအပြင် မီးလာတဲ့အချိန်မှာ အားသွင်းပြီး ပြန်သုံးနိုင်တဲ့ ဗို့အားမြင့် ဘက်ထရီအိုးတွေကို တွင်တွင်ကျယ်ကျယ် သုံးနေကြတယ်လို့ ရန်ကုန်မြို့လယ်ခေါင် ပန်းပဲတန်းမြို့နယ်သားတွေက ပြောပြပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
ဗီဒီယိုများ
ရွှေစာရံဘုရားပွဲက တစ်ဦးတည်းသော စက်လှေသမ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။