ရေးဒေသ ကျောက်လုပ်ကွက် ဒေသခံတွေ ကန့်ကွက်နေ

မင်းခိုင်စိုးလင်း
2021-01-15
Share

ရေးမြို့နယ် (တောင်ပိုင်း) ဓနိကြာအပြင်ရွာနဲ့ အတွင်းရွာအနီးမှာ မြန်မာရွှေဧကရာဇ်ကုမ္ပဏီက လမ်ခင်းကျောက် ထုတ်လုပ်ဖို့ စီစဉ်နေပါတယ်။ အဲဒီရွာတွေက နေအိမ်တွေကို ဒေသခံတွေ ထိန်းသိမ်းထားတဲ့ စားကျက်မြေနေရာမှာ စံပြရွာသစ်တည်ဆောက်ပေးမယ်ဆိုတဲ့ မက်လုံးပေးပြီး ကုမ္ပဏီက ရွှေ့ပြောင်းခိုင်းနေပေမယ့် ဒေသခံတွေက မပြောင်းရွှေ့လိုဘူးလို့ ပြောပါတယ်။

ဓနိကြာရွာမှာ ဘိုးဘွားစဉ်ဆက် နှစ်ပေါင်းများစွာ လုပ်ကိုင်စားသောက်နေကြတဲ့ ဒေသခံတွေက စားဝတ်နေရေးနဲ့ ကလေးတွေရဲ့ ရှေ့ရေးအတွက် နေအိမ်တွေကို မပြောင်းရွှေ့ပေးနိုင်ဘူးလို့ ဓနိကြာအပြင်ရွာ ဒေသခံ မိညွန့်စိန်က ပြောပါတယ်။

“ကျွန်မတို့က မပြောင်းနိုင်ဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်မတို့အိမ်ကလည်း အဲဒီမှာပဲရှိနေတယ်။ ဥယျာဉ်ခြံတွေလည်း အဲဒီမှာပဲ လုပ်ကိုင်စားသောက်နေတယ်။ အရာအားလုံးက အဲဒီမှာပဲ နေထိုင်လုပ်ကိုင် စားသောက်နေရတယ်ဆိုတော့ ကျွန်မတို့မပြောင်းရွှေ့ပေးနိုင်ဘူး။ ကျွန်မတို့ သား၊ သမီး ကျောင်းတက်ဖို့ အတွက်ကလည်း အဲဒီခြံတွေမှာပဲ လုပ်ကိုင်ရှာဖွေနေတယ်၊ အခုက ကုမ္ပဏီတွေ မြေတွေလိုက်ဝယ်နေတာ ပတ်လည်ဖြစ်နေပြီး ရွာလူကြီးတွေကို တင်ပြတော့လည်း ဂရုမစိုက်ကြဘူး။ လူကြီးတွေကိုယ်တိုင်က မြေတိုင်းတာမှုတွေ ရောင်းဝယ်မှုတွေလုပ်နေတယ်။ အဲဒါကြောင့် အခုက ကျွန်မတို့အားလုံးက ဖိနှိပ်ခံနေရတယ်။”

ဓနိကြာအပြင်ရွာမှာရှိတဲ့ အိမ်ခြေ ၁၇ လုံးထဲက ၂ လုံးဟာ ကုမ္ပဏီက တည်ဆောက်ထားတဲ့ ဓနိကြာစံပြကျေးရွာကို ပြောင်းရွှေ့သွားပြီး ကျန်တဲ့ အိမ်ခြေ ၁၅ လုံးကတော့ မပြောင်းရွေ့ဘဲ ဆက်လက်နေထိုင်နေပါတယ်။ ဓနိကြာ အတွင်းရွာမှာတော့ အိမ်ခြေ တစ်ရာကျော်ရှိပြီး လက်ရှိအချိန်ထိ ပြောင်းရွှေ့ဖို့ ပြောထားတာ မရှိသေးဘဲ ကုမ္ပဏီက မြေလိုက်ဝယ်နေတာကြောင့် နောက်ပိုင်းမှာ ပြောင်းရွှေ့ရမလားဆိုပြီး ရွာသားတွေက စိုးရိမ်နေပါတယ်။

ဓနိကြာစံပြရွာသစ်ကို ပြောင်းရွှေ့ရင် သိန်း ၁၀၀ တန်ဖိုးရှိတဲ့ တိုက်အိမ်တွေ ဆောက်လုပ်ပေးမယ်လို့ မက်လုံးပေး ပြောဆိုတာတွေလည်းရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒါပေမဲ့ ကုမ္ပဏီက အဲဒီနေရာမှာ ဘာလုပ်ငန်းလုပ်မယ်ဆိုတာ ဒေသခံတွေကို ပွင့်လင်းမြင်သာစွာ ထုတ်မပြောဘူးလို့ ဒေသခံတွေက ဆိုပါတယ်။ မြန်မာရွှေဧကရာဇ်ကုမ္ပဏီက လမ်းခင်းကျောက်ထုတ်လုပ်ဖို့ ခေါဇာမြို့ မြေစာရင်းဌာနဝန်ထမ်းတွေနဲ့ ပူးပေါင်းပြီး မြေဧက ၁၀၀ ဝန်းကျင်ကို မြေစာရင်းပုံစံ (၁၀၅) ထုတ်ယူထားတယ်လို့ သိရပါတယ်။

ဒေသခံတွေ သဘောမတူတဲ့ကြားက နည်းအမျိုးမျိုးနဲ့ ငွေကြေးအလုံးအရင်း မက်လုံးပေးပြီး ဒေသခံတွေ အချင်းချင်း စိတ်ဝမ်းကွဲအောင် ကုမ္ပဏီက နည်းမျိုးစုံနဲ့ လုပ်နေတယ်လို့ ဓနိကြာအပြင်ရွာ ဒေသခံ နိုင်မီးက ပြောပါတယ်။

“ဒီအကြောင်းတွေကြောင့် အခုဘယ်လိုဖြစ်လာနေလဲဆိုတော့ အဖေနဲ့သားလည်း ကြည့်လို့မရကြတော့ဘူး။ ညီအစ်ကိုတွေလည်း စိတ်ဝမ်းကွဲပြီး ရန်ဖြစ်လာကြတယ်။ ညီအစ်ကို၊ သားအဖတွေကြားမှာ စိတ်ဝမ်းကွဲအောင် ဖြစ်လာတော့ အခက်အခဲ အမျိုးမျိုးဖြစ်လာနေကြတယ်။ ဒီလိုဖြစ်လာအောင်တော့ ကျွန်တော်တို့ အလိုမရှိဘူး။ မြေအရောင်းအဝယ်လုပ်တဲ့နေရာမှာလည်း ခြံဧရိယာ တစ်ခုနဲ့ တစ်ခုကြားမှာလည်း မသတ်မှတ်တော့ဘူး။ အရင်ဦးတဲ့သူတွေက ရောင်းလိုက်ကြတယ်။ တစ်ခြားတစ်ယောက်က ခြံပါသွားရင်လည်း ရှုပ်ထွေးလာကြတယ်။ ရှင်းရှင်းပြောရရင် ကျွန်တော်တို့မှာ ခြံရှိနေရင် ကျွဲ၊ နွားလို စောင့်နေရတယ်။”

ဓနိကြားကျေးရွာကို လွန်ခဲ့တဲ့ ၁၉၈၀ ခုနှစ် အရင် မွန်ပြည်သစ်ပါတီ ထိန်းချုပ်ချိန်ကာလက လမ်းပမ်းဆက်သွယ်ရေး အခက်အခဲကြောင့် ဒေသအတွင်းမှာ စားနပ်ရိက္ခာ အစဉ်အဆက်မပြတ် ရရှိအောင် မြေအသုံးချမှုကို မိရိုးဖလာနည်းအရ ဘုံပိုင်မြေအဖြစ် သတ်မှတ်ထားပါတယ်။ အဲဒီနေရာကို အခုချိန်မှာ ဓနိကြာစံပြရွာသစ်အဖြစ် ကုမ္ပဏီက တည်ဆောက်ထားပါတယ်။

ဒေသခံတွေ အသက်မွေးဝမ်းကျောင်း ပြုနေတဲ့ ဗလဲ့ခပွဲတောင်(ခေါ်) ချိုချဉ်တောင်ကို ကုမ္ပဏီက ကျောက်မိုင်း ထုတ်လုပ်ဖို့ စီစဉ်ထားတာကြောင့် ဒေသခံတွေက တောင်ဖြိုချခံရမှာကို စိုးရိမ်နေပါတယ်။ တောင်တွေ ဖြိုချခံရရင် သဘာဝပတ်ဝန်းကျင် ထိခိုက်နိုင်တဲ့အပြင် ဒေသခံတွေ အသုံးပြုနေတဲ့ သောက်သုံးရေ၊ ဥယျာဉ်ခြံ စိုက်ပျိုးဖို့အတွက် အားထားနေရတဲ့ တောင်ကျရေ အရင်းအမြစ်တွေ ဆုံးရှုံးသွားမှာကိုလည်း စိုးရိမ်နေကြပါတယ်။

မြန်မာရွှေဧကရာဇ်ကုမ္ပဏီ စတင်ရောက်ရှိချိန်က ဘယ်လုပ်ငန်းကို အကောင်အထည်ဖော်မယ်ဆိုတာ ဒေသခံတွေကို ပွင့်လင်းစွာ ထုတ်ဖော်ပြောတာတွေ မရှိပါဘူး။ ကုမ္ပဏီရဲ့ လုပ်ဆောင်ချက်တွေကလည်း တိုင်းရင်းသားအခွင့်အရေး စောင့်ရှောက်တဲ့ ဥပဒေအရလည်း ငြိစွန်းနေတယ်လို့ ရေးမြို့နယ် မြေယာသုတေသန လုပ်ဆောင်သူ ကိုစိုးသိန်းက ပြောပါတယ်။

“အမျိုးသား မြေမူဝါဒအရ ပြောမယ်ဆိုလို့ရှိရင် မြေယာပိုင်ဆိုင်မှု လက်ဝယ်မှာ အထောက်အထား ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ အဓိက ဒေသခံတွေကို အကာအကွယ်ပေးရမယ့် အချက်တွေရှိသလို တိုင်းရင်းသား အခွင့်အရေး စောင့်ရှောက်ဥပဒေအရ ပုဒ်မ ၂၄ မှာဆိုလို့ရှိရင် ဒီလိုကုမ္ပဏီတွေ ဝယ်ထားတဲ့မြေတွေဟာ တစ်ဦးနဲ့ တစ်ဦး စိတ်ဝမ်းကွဲတဲ့ ပုံစံမျိုး သက်ရောက်နေတဲ့အတွက် ဒါတွေကို မလုပ်သင့်ဘူးလို့ ကျွန်တော်မြင်တယ်။ အခုက ဒီကုမ္ပဏီက ဆက်လက် လုပ်ဆောင်နေမယ်ဆိုရင် နိုင်ငံတကာဥပဒေအရ ပြောမယ်ဆိုလို့ရှိရင် သူတို့စရောက်ကတည်းက ပွင့်လင်းစွာ ချပြတာမရှိဘူး။ အဲဒါဆို ငြိစွန်းတယ်။ ကုလသမဂ္ဂ ပဋိဉာဥ်စာတမ်း ပုဒ်မ ၄၆ အရ ဒါတွေက မလုပ်သင့်ဘူးလို့ မြင်တယ်”

ချိုးဖောက်ခံနေရတဲ့ ဒေသခံတွေက လူ့အခွင့်အရေးရဲ့ အခြေခံလွတ်လပ်ခွင့်အရသော်လည်းကောင်း၊ ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း အပိုဒ် (၄၆) အရ တိုင်းရင်းသားတွေရဲ့ ထိန်းသိမ်းရာနယ်မြေကို ငွေကြေးအရသော်လည်းကောင်း၊ အချုပ်အခြာအာဏာကို အလွဲသုံးစား ပြုရာရောက်နေသော မြန်မာရွှေဧကရာဇ် (Myanmar Excellent Fortune Development group – EFD) ကုမ္ပဏီအား ကန့်ကွက်တယ်လို့ ဒေသခံတွေ ကန့်ကွက်နေကြတာပါ။

မြန်မာရွှေဧကရာဇ်ကုမ္ပဏီ စတင်လုပ်ကိုင်ချိန်ကစပြီး ဒေသအတွင်း မြေယာဝယ်မှုမှာ ဥပဒေနဲ့ မညီညွတ်ဘူးလို့ မွန်ပြည်နယ် အရပ်ဘက်အဖွဲ့အစည်းများကွန်ရက် (Mon State CSO Network) ရေးမြို့နယ် ညှိနှိုင်းရေးမှူး ဦးအောင်နိုင်ဝင်းက ထောက်ပြပါတယ်။

“အဓိကတော့ အစိုးရရဲ့ မူဝါဒပေါ့၊ မူဝါဒအရ ဒီကုမ္ပဏီတွေကို ရင်းနှီးမြှုပ်နှံမှု ပြုမယ်ဆိုလို့ရှိရင် သူ့မှာလုပ်ရမယ့် ဥပဒေအရ၊ သူ့မှာလုပ်ရမယ့် လမ်းစဉ်အရ ရှိပြီးသားပါ။ ဥပမာဆို EAI, SIA သဘာဝပတ်ဝန်းကျင် ထိခိုက်မှု ဘယ်လိုရှိလဲ။ လူမှုဝန်းကျင် ထိခိုက်မှုဘယ်လိုရှိလဲ။ ဒီဟာကို ဘယ်လိုလုပ်ရမလဲဆိုရင် မူအရ ချပြရမယ်၊ ချပြမှ ဒေသခံတွေရဲ့ သဘောထားတွေကို ကောက်ယူတဲ့အချိန်မှာလည်း မှန်မှန်ကန်ကန် ကောက်ယူရမယ်။ အခုက ပထမဦးဆုံးက ဒီကုမ္ပဏီ ရောက်လာကတည်းက ဒေသမှာ ဂဃနဏ ရှင်းလင်းတင်ပြခြင်းမရှိဘဲနဲ့ မြေတွေကို လိုက်ဝယ်တယ်၊ မြေဝယ်တာလည်း ဥပဒေနဲ့မညီညွတ်ဘူး၊ မညီညွတ်ဘူးဆိုတာက ၂၀၁၂ ခုနှစ်လယ်ယာမြေပိုင်ဆိုင်ခွင့် ဥပဒေနဲ့အညီ ပိုင်ဆိုင်ခွင့်မရှိဘဲနဲ့ အရပ်စာချုပ်နဲ့ဝယ်တယ်။”

မြန်မာရွှေဧကရာဇ်သတ္တုတူးဖော်ရေးကုမ္ပဏီက ဗလဲ့ခပွားတောင် (ခေါ်) ချိုချဉ်တောင်မှာ ကျောက်ထုတ်လုပ်ဖို့ ဓနိကြာစံပြကျေးရွာ တည်ဆောက်ရေးအတွက် ဒေသခံတွေဆီက ထောက်ခံလက်မှတ်ကို ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် ဇွန်လက ကောက်ခံပေမယ့် ရွာသားအများစုက လက်မှတ်မထိုးခဲ့ကြပါဘူး။

မြန်မာရွှေဧကရာဇ်ကုမ္ပဏီ ဦးဆောင်ညွှန်ကြားရေးမှူး ဦးကြည်စိုးကတော့ ပြီးခဲ့တဲ့နှစ်က သဘာဝဘေးအန္တရာယ်ကြောင့် တောင်ပြိုမှုဖြစ်ခဲ့ပြီး ဓနိကြာအပြင်ရွာမှာရှိတဲ့ အိမ်ခြေ ၁၇ လုံးထဲက အိမ်ခြေ ၁၂ လုံးက မနေရဲတော့ဘဲ ပြောင်းရွှေ့ဖို့ လာရောက်တောင်းဆိုတာကြောင့် ပြောင်းပေးခဲ့တယ်လို့ ပြောပါတယ်။

“သဘာဝဘေးအန္တရာယ်ကြောင့် မနှစ်က တောင်ပြိုမှုဖြစ်စဉ်တွေ ဖြစ်သွားတာပေါ့နော်၊ ဖြစ်သွားတဲ့အခါကျတော့ ဓနိကြာအပြင်ရွာမှာ အိမ်ခြေ ၁၇ လုံးရှိတယ်။ ၁၂ လုံးထဲက သူတို့မနေရဲပါဘူးဆိုပြီးတော့ ပြောင်းမယ်ဆိုပြီးတော့ လာတောင်းဆိုကြတယ်။ အဲတော့ ကျွန်တော်တို့က သူတို့ကို ပြောင်းပေးမယ်။ အဲတော့မပြောင်းချင်တဲ့ ၅ လုံးလည်း ရှိတယ်။ ပြောင်းချင်တဲ့ ၁၂ လုံးကို ပြောင်းပေးပြီးဖြစ်ပြီးတော့မှ မပြောင်းချင်တဲ့ ၅ လုံးကို သူတို့သဘောအတိုင်း သူတို့ဆန္ဒအတိုင်းပဲ အဲဒီမှာ ဆက်နေပေးဖို့ ရှိပါတယ်။”

မြန်မာရွှေဧကရာဇ်ကုမ္ပဏီက လမ်းခင်းကျောက်တွေကို ထုတ်လုပ်မယ်လို့ ရည်ရွယ်ထားပေမယ့် အရည်အသွေးမှီတဲ့ အလှဆင်ကျောက်တွေပါ စမ်းသပ် တွေ့ရှိတာကြောင့် အလှဆင်ကျောက်တွေကိုပါ ထုတ်လုပ်ဖို့ ရည်ရွယ်ထားတယ်လို့ ဦးကြည်စိုးက ဆိုပါတယ်။

“စီမံကိန်းကတော့ နံပါတ်တစ် လမ်းခင်းကျောက် ထုတ်လုပ်မှာပေါ့၊ နံပါတ်နှစ် လမ်းခင်းကျောက် ထုတ်လုပ်မယ်လို့ ဘူမိဗေဒပညာရှင်တွေက ဒီကျောက်သားတွေက အလှဆင်ကျောက် အရည်အသွေးမှီတာတွေရှိတယ်၊ အဲဒီအခါကျတော့ ပထမ မူရင်းရည်ရွယ်ချက်က လမ်းခင်းကျောက်ကြီးပဲ ထုတ်သော်လည်းပဲ အလှဆင်ကျောက် အရည်အသွေးမှီတဲ့ ကျောက်သားတွေ သွားတွေ့တဲ့အခါကျတော့ လမ်းခင်းကျောက် ထုတ်တာထက်စာရင် တိုင်းပြည်အတွက်လည်း အခွန်တွေရမယ်။ ကျွန်တော်တို့က အလှဆင်ကျောက်ပါ ထုတ်ဖို့ ရည်ရွယ်ထားပါတယ်။”

ဒေသခံတွေ ကန့်ကွက်နေတဲ့ကြားက မြန်မာရွှေဧကရာဇ် သတ္တုတူးဖော်ရေးကုမ္ပဏီက ဗလဲ့ခပွားတောင်မှာ လမ်းခင်းကျောက်ထုတ်လုပ်ဖို့ မြေဧက ၉၈ ဧကကို ပြည်နယ်အစိုးရထံ ခွင့်ပြုချက်တင်ပြထားရာမှာ ၅ ဧကကို ကျောက်ထုတ်လုပ်ခွင့်ရထားပါတယ်။

အဲဒီနေရာမှာပဲ အလှဆင်ကျောက်ထုတ်ခွင့်ရဖို့ နေပြည်တော်မှာ ဆက်လက်တင်ပြထားပြီး သဘာဝပတ်ဝန်းကျင် ထိခိုက်မှု မရှိအောင် ဥပဒေနဲ့ အညီ ဆောင်ရွက်သွားမယ်လို့ ဦးကြည်စိုးက ပြောပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၂၄ ရက်နေ့က မွန်ပြည်နယ်ဝန်ကြီးချုပ်နဲ့အဖွဲ့ ဒေသဖွံ့ဖြိုးရေးခရီးစဉ် ဓနိကြားရွာကို လာရောက်ချိန် ဓနိကြားဆရာတော် ဘဒ္ဒန္တစန္ဒသာရက ကုမ္ပဏီလုပ်ဆောင်ချက်ကို တင်ပြရာမှာတော့ ဝန်ကြီးချုပ် ဒေါက်တာ အေးဇံက လက်ခံနားထောင်ခဲ့ခြင်း မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

မြန်မာရွှေဧကရာဇ်ကုမ္ပဏီက ကျောက်မိုင်းကို ထုတ်လုပ်သွားမှာဖြစ်ပြီး သဘာဝပတ်ဝန်းကျင် ထိခိုက်မှုနည်းအောင် ဥပဒေ၊ နည်းဥပဒေနဲ့ ညွှန်ကြားချက်နဲ့အညီ ဆောင်ရွက်သွားမယ်လို့ မွန်ပြည်နယ် အစိုးရအဖွဲ့ဝင် သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာ မင်းကြည်ဝင်းက ပြောပါတယ်။

“ဒါက ကျောက်မိုင်းထုတ်တော့ အနည်းအများတော့ တူးဖော်တူးဆွတယ်ဆိုကတည်းက ပတ်ဝန်းကျင်က ထိခိုက်မှာပဲ။ အဲတော့ ထိခိုက်မှုအနည်းဆုံးပဲ ကျွန်တော်တို့ ဘယ်လိုဆောင်ရွက်ရမလဲဆိုတာ ပတ်ဝန်းကျင်ဥပဒေ၊ နည်းဥပဒေနဲ့ ညွှန်ကြားချက်နဲ့အညီပဲ ဆောင်ရွက်ရတာဖြစ်ပါတယ်။ ရွာသားတွေက ဘာမှမသိဘူးဆိုတာ မဟုတ်ဘူးဗျ။ ကုမ္ပဏီက ဟိုဘက်ရွာ၊ ဒီဘက်ရွာ အကြိမ်ကြိမ်အခါခါ တင်ပြထားတာ ရှိတယ်။ သူတို့ရေးဆွဲမယ့် EIA နဲ့ပတ်သက်ပြီးတော့ ဒါတွေက တင်ထားတာ ရှိတယ်။ နောက်ဆုံးအဆင့်က ဒီကုမ္ပဏီက အလှဆင်ကျောက် တူးဖော်ရေးအတွက်ကို ဖြစ်နိုင်ခြေ စမ်းသပ်ဖို့ဆိုတာ တင်ထားတာရှိတယ်။ ဒါက နောက်ဆုံး အဆင့်ပေါ့လေ။”

သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်က မွန်ပြည်နယ်အောက်ပိုင်းဒေသဖြစ်တဲ့ ရေးမြို့နယ်တောင်ပိုင်း ယခင် ခေါဇာမြို့နယ်ခွဲတဝိုက် မိထောလှာကြီးရွာကနေ မန်ကျီးကျေးရွာ၊ ဓနိကြာနဲ့ မွန်ပြည်နယ် (တောင်ပိုင်း) နယ်စပ်အဆုံးထိ ဧရိယာကို သဘာဝအခြေခံခရီးသွားလုပ်ငန်း (Eco Tourism) နယ်မြေအဖြစ် မွန် ပြည်နယ်အစိုးရက သတ်မှတ်ထားပါတယ်။

ရေးမြို့နယ်တောင်ပိုင်း၊ မန်ကျီကျေးရွာအုပ်စု ဓနိကြာအပြင်ရွာနဲ့ အတွင်းရွာ ဒေသခံတွေက ဥယျာဉ်ခြံ စိုက်ပျိုးတာတွေ၊ လယ်ယာမြေလုပ်ကိုင်တာတွေ၊ ဝဥစိုက်ပျိုးတာတွေ၊ ရာဘာခြံ၊ ကွမ်းခြံစတဲ့ လုပ်ငန်းတွေကို လုပ်ကိုင်နေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့