မဲဆောက်မြို့က Joy House မှာ မြန်မာ့ရိုးရာသင်္ကြန်ပွဲ ကျင်းပ

ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ မြန်မာနိုင်ငံသားအများစု လာရောက်စုဝေးဖြစ်ကြတဲ့ Joy House (ပီတိ အိမ်) မှာ မြန်မာ့ရိုးရာသင်္ကြန်ပွဲဆင်နွှဲကြရင်း မြန်မာ့ရိုးရာမုန့်မျိုးစုံတွေကို စျေးရောင်းပွဲတော်အဖြစ် ကျင်းပခဲ့ပါတယ်။

မြန်မာပြည်အနယ်အရပ်ရပ်မှာ စစ်ပွဲတွေကြောင့် ပြည်သူတွေ အပူမီးတောက်လောင်နေကြချိန် မြန်မာ့ရိုးရာ နှစ်သစ်ကူးသင်္ကြန်ပွဲအတွက် ပျော်ရွှင်မှုတွေ ဆိတ်သုန်းနေကြရလို့ စိတ်မကောင်းဖြစ်မိတယ်လို့ Joy House (ပီတိအိမ်) တာဝန်ခံ ဆရာမ ဒေါ်နေခြည်ဝင်းက ပြောပါတယ်။

"ကျွန်မတို့ပတ်ဝန်းကျင်မှာ စိတ်ဓာတ်ကျစရာတွေ၊ ဝမ်းနည်းမှုတွေက ရှိပြီးသားပဲ၊ ဒါပေမဲ့ အဲဒီထဲက ကျွန်မတို့ရဲ့ ရိုးရာယဉ်ကျေးမှုလေးကို မပျောက်ပျက်သွားအောင် ရှိတဲ့နေရာမှာ ဖော်ဆောင်နိုင်ဖို့ရန် အတွက်ကိုပေါ့နော် ကျွန်မတို့ အရမ်းပျော်ရွှင်နေလို့ အရမ်းအဆင်ပြေနေလို့ ဒီဟာကိုလုပ်တာမဟုတ်ဘဲနဲ့ ဒီရောက်တဲ့နေရာမှာ ကျွန်မတို့ရဲ့မြန်မာ့ယဉ်ကျေးမှုနဲ့ အချင်းချင်းပြန်ပြီးတော့မှ အားတွေပေးဖို့နဲ့ သတိတွေပေးဖို့အတွက်ကိုလည်း ဒီပွဲလေးကို ဆင်နွှဲခြင်းဖြစ်ပါတယ်လို့။’’

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် စစ်ကောင်စီကို ဆန့်ကျင်တော်လှန်နေကြတဲ့ မြန်မာနိုင်ငံသားအများစုဟာ ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ လာရောက်တိမ်းရှောင်နေထိုင်ကြရပါတယ်။

နိုင်ငံမဲ့ဘဝနဲ့ အနာဂတ်မျှော်လင့်ချက်တွေ ကင်းမဲ့နေတဲ့ သူတို့တွေရဲ့ စိတ်ဖိစီးမှုဒဏ်တွေသက်သာစေဖို့ Joy House (ပီတိအိမ်) က ဂီတ၊ ပန်းချီ၊ ကိုယ်ခံပညာ၊ မြန်မာ့ရိုးရာနဲ့ နိုင်ငံတကာ အက၊ ယောဂ၊ အချက်အပြုတ်သင်တန်း၊ လက်မှုသင်တန်း၊ ဆပ်ပြာပြုလုပ်နည်းသင်တန်း စတဲ့ သင်တန်းတွေကို အသက်အရွယ်အပိုင်းအခြားအလိုက် သင်ကြားပို့ချပေးနေတာ ဖြစ်ပါတယ်။

ဒီနေ့ကျင်းပတဲ့ ရိုးရာသင်္ကြန်ပွဲကို တက်ရောက်လာကြသူတွေကို Joy House ရဲ့သင်တန်းနည်းပြ ဆရာ/ ဆရာမတွေ၊ သင်တန်းသားတွေက တီးမှုတ်ကပြ ဖျော်ဖြေပေးခဲ့ကြတာတွေ့ရသလို သင်တန်းသား ကလေးငယ်တွေကလည်း ရေပက်ဆော့ကစားခဲ့ကြပါတယ်။

မြန်မာ့ရိုးရာသင်္ကြန်ပွဲကို ကိုယ့်မြန်မာပြည်ထဲမှာပဲ အနှစ်သာရရှိရှိနဲ့ပျော်ချင်တယ်လို့ Joy House ရဲ့ သင်တန်းသားတစ်ဦးဖြစ်တဲ့ ကိုစိန်လွင်က ပြောပါတယ်။

"ကျွန်တော်တို့က ဒီတော်လှန်ရေးပြီးတာနဲ့ ပြန်မှာပါ၊ တခြားဘာရည်ရွယ်ချက်မှလည်း မရှိဘူး၊ ကိုယ့်အိမ်ပြန်တဲ့အခါမှာ ကျွန်တော်တို့ တောထဲကညီအစ်ကိုတွေနဲ့ ကျွန်တော်တို့ အတူတူပေါ့နော် သင်္ကြန်ပွဲကို အမေ့အိမ်မှာ မုန့်လုံးရေပေါ်လုံးပြီးတော့ အတူတူပျော်ရွှင်ကြမယ်၊ တောထဲက ညိအစ်ကိုတွေရော မြန်မာပြည်တွင်းက ပြည်သူတွေအားလုံးကိုရော ကျွန်တော်တို့က တကယ့် ကျွန်တော်တို့ ပျော်ရွှင်တဲ့ အနှစ်သာရသင်္ကြန်ကို ကျွန်တော်တို့ အိမ်ပြန်တဲ့အချိန်ကျမှ အတူတူပျော်မယ်လို့။’’

မြန်မာ့ရိုးရာမုန့်တွေဖြစ်တဲ့ မုန့်လက်ကောက်၊ မုန့်သိုင်းခြုံ၊ မုန့်လုံးရေပေါ်၊ သင်္ကြန်ထမင်း၊ ရွှေရင်အေး၊ မုန့်ဖက်ထုပ် စတဲ့ မုန့်တွေရောင်းချခဲ့ရာမှာ မုန့်လုံးရေပေါ်ကို ကိုယ်တိုင်လုံး၊ ကိုယ်တိုင်ရေနွေးထဲထည့်ကာ ကိုယ်တိုင်စားသုံးနိုင်အောင် စီစဉ်ထားလို့ အိမ်အလွမ်းပြေဖြစ်ရတယ်လို့ ပြောပြကြပါတယ်။