စက်သုံးဆီသိုလှောင်ရောင်းချရေး စခန်းကြောင့် ပတ်ဝန်းကျင်မထိခိုက်စေဖို့ ပြော


2019.06.02

မန္တလေးမြို့၊ အမရပူရမြို့နယ်၊ အိုးတုတ္တန်းလမ်းအနီးမှာ တည်ဆောက်ထားတဲ့ စက်သုံးဆီသိုလှောင်ဖြန့်ဖြူး ရောင်းချရေးစခန်းကြောင့် သဘာဝပတ်ဝန်းကျင်နဲ့ လူမှုပတ်ဝန်းကျင် မထိခိုက်အောင် ဆောင်ရွက်ဖို့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာ ထွန်းနိုင်က ပြောလိုက်ပါတယ်။

RFA သတင်းထောက် မခေမဏီဝင်းက တင်ပြထားပါတယ်။

■ အမရပူရမြို့နယ်မှာ တည်ဆောက်ထားတဲ့ စက်သုံးဆီ သိုလှောင်ဖြန့်ဖြူးရောင်းချရေးစခန်းကို ဒီနေ့မနက်က ဖွင့်လှစ်ခဲ့ပြီး အဲဒီဖွင့်ပွဲအခမ်းအနားမှာ စီမံကိန်းကြောင့် သဘာဝပတ်ဝန်းကျင်နဲ့ လူမှုပတ်ဝန်းကျင် မထိခိုက်အောင် ဆောင်ရွက်ဖို့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာ ထွန်းနိုင်က အခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။

"လုပ်ငန်းကို မဆောင်ရွက်ခင်မှာတော့ စီမံချက်တွေရေးဆွဲခဲ့တာတွေ ရှိနိုင်ပါတယ်။ လက်တွေ့ဆောင်ရွက်တဲ့အခါမှာ ဖြစ်ပေါ်လာတဲ့ အားနည်းချက်တွေ၊ အာသားချက်တွေ ပြန်လည်သုံသပ်ပြီး၊ မူလက ကြိုတင်မျှော်မှန်းထားတာ မရှိခဲ့ရင်  ပိုပြီးတော့ ဖြည့်ဆည်းဆောင်ရွက်ခြင်းအားဖြင့်လည်း ဒီလုပ်ငန်းတွေကို ခွင့်ပြုခဲ့တဲ့ တိုင်းဒေသကြီးအစိုးရ အဖွဲ့လည်း မျက်နှာမပျက်ရအောင်၊ ဒီလုပ်ငန်းနားမှာရှိတဲ့ ပြည်သူတွေရဲ့ စိုးရိမ်စိတ်တွေလည်း ထပ်ပြီးတော့မဖြစ်ကြရအောင် ဆောင်ရွက်ပေးစေလိုပါတယ်"

စက်သုံးဆီသိုလှောင်ဖြန့်ဖြူးရေးစခန်းကို ဧရာဝတီမြစ်နဲ့ ဒုဌဝတီမြစ်တို့ ဆုံတဲ့နေရာအနီး မြစ်ကမ်းဘေးမှာ မြန်မာ့စွမ်းအင် ကဏ္ဍဖွံံ့ဖြိုးတိုးတက်ရေး အများပိုင် ကုမ္ပဏီလီမီတက်က တည်ဆောက်ထားတာ ဖြစ်ပါတယ်။

အဲဒီစီမံကိန်းမှာ ဆီဂါလံ နှစ်သန်းဆန့်တဲ့ ကန်ပေါင်း ၃၂ ကန် တည်ဆောက်မှာဖြစ်ပြီး လက်ရှိအချိန်မှာ ဆီကန် တစ်ခုသာ တည်ဆောက်ပြီးသေးတယ်လို့လည်း သိရပါတယ်။

စက်သုံးဆီ သိုလှောင်ဖြန့်ဖြူးရောင်းချရေးစခန်းနဲ့ ပတ်သတ်ပြီး မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်ကလည်း အခုလို မှတ်ချက်ပြုပါတယ်။

"ဒါကတိုင်းဒေသကြီးအတွက် အောင်မြင်မှုတစ်ရပ်လို့ထင်တယ်။ အထက်မြန်မာပြည်တစ်ခုလုံးကို ဒီနေရာကနေ ဖြန့်တော့မှာ၊ စနစ်ကျတဲ့ဖြန့်ဖြူးမှုတစ်ခုဖြစ်မယ်။ စက်သုံဆီဈေးနှုန်းလည်း အတော်အသင့်ကျနိုင်ပါတယ်။ ဒါကလည်း ဒေါက်တာ ဝင်းမြင့်တို့ပဲ စီမံခန့်ခွဲတော့ သူတို့ချရင်တော့ ကျနိုင်မယ်ထင်ပါတယ်။ မချရင်တော့ ကျမှာမဟုတ်ပါဘူး၊ သူကတော့ ကျမယ်ပြောထားတာပေါ့နော်"

စီမံကိန်းလုပ်ဆောင်ဖို့ မြေရရှိခဲ့တာနဲ့ပတ်သတ်လို့ ကုမ္ပဏီ ဥက္ကဋ္ဌ ဒေါက်တာ ဝင်းမြင့်ကလည်း အခုလို ပြောပါတယ်။

"ဒီလုပ်ငန်းသည် နိုင်ငံမှာပြောင်းလဲနေတဲ့ ဈေးကွက်စီးပွားရေးစနစ်နဲ့အညီ နိုင်ငံသားအားလုံး တူညီတဲ့အခွင့်အရေးရအောင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်တဲ့အခါမှာ အခြားခြားသော စီမံကိန်းတွေနဲ့ မတူတာကတော့ လုပ်ငန်းအတွက်လိုအပ်တဲ့ မြေကြီးကို ကိုယ်တိုင်စီစဉ်ရပါတယ်။ တန်ရာတန်ကြေးပေးပြီးတော့ ဝယ်ခဲ့ရပါတယ်။ အခြားစီမံကိန်းတွေလို မြေအလကားမရခဲ့ပါဘူး"

အဲဒီကနေ မြန်မာနိုင်ငံ အထက်ပိုင်းဒေသတွေကို စက်သုံးဆီတွေ အဓိကထားဖြန့်ဖြူးသွားမှာဖြစ်ပြီး ဒေသခံ ၃၀၀ လောက်ကို အလုပ်အကိုင်အခွင့်အလမ်းတွေ ပေးထားနိုင်မှာဖြစ်ကြောင်း ကုမ္ပဏီက ထုတ်ပြန်ချက်တွေမှာ ထည်သွင်းဖော်ပြထားပါတယ်။

လက်ရှိမှာတော့ ဆီအတင်အချကို ရွှေကြက်ယက် ဆိပ်ကမ်းမှာ ဆောင်ရွက်နေတာဖြစ်ပါတယ်။

ဆီဖြန့်ဖြူးမှုကိုတော့ ဒီရက်ပိုင်းအတွင်းမှာ စတင်ဖြန့်ဖြူးသွားမှာဖြစ်ပြီး ကျန်ရှိနေတဲ့ ဆီလှောင်ကန်တွေကိုလည်း မကြာခင်ကာလအတွင်းမှာ အပြီးတည်ဆောက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

ကျမ မခေမဏီဝင်းပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။