စကျင်ဗုဒ္ဓရုပ်ပွားတော်လုပ်ငန်း ကုန်ကြမ်းရဖို့ ခက်ခဲလာ

RFA Burmese
2024.11.09
စကျင်ဗုဒ္ဓရုပ်ပွားတော်လုပ်ငန်း ကုန်ကြမ်းရဖို့ ခက်ခဲလာ မန္တလေးမြို့တွင် စကျင်ကျောက်နှင့် ဗုဒ္ဓရုပ်ပွားတော် ထုလုပ်နေသည့် အလုပ်သမားတစ်ဦးအား ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂၅ ရက်နေ့က တွေ့ရစဉ်။
AFP

မန္တလေးတိုင်း မတ္တရာမြို့နယ်ဟာ စကျင်ကျောက်တွေ ထွက်ပါတယ်။ မတ္တရာမြို့နယ်ကထွက်တဲ့ စကျင်ကျောက်တွေကို ထွင်းထုပြီး ဗုဒ္ဓရုပ်ပွားတော်တွေ လုပ်ကြတာပါ။

ပန်းပုဆရာ ကိုအောင်နိုင်လင်းကလည်း ဗုဒ္ဓရုပ်ပွားတော်တွေ လုပ်နေသူပါ။ လက်ရှိမှာ ကုန်ကြမ်းသယ်ယူစရိတ် ကြီးမြင့်တဲ့ဒဏ်ကို ခံနေရတယ်လို့ ကိုအောင်နိုင်လင်းက ပြောပါတယ်။

“လမ်းပန်းဆက်သွယ်ရေးက ဒီဘက်တွေက သိပ်မကောင်းဘူး။ သွားလို့လာလို့ မကောင်းဘူး။ သိပ်မသယ်ကြတော့ဘူး။ အခုနောက်ပိုင်းတော့ လပိုင်းပဲရှိပါသေးတယ်။ လမ်းပန်းဆက်သွယ်ရေးတွေက မကောင်းဘူး။ ကုန်ကျမှုတွေကလည်း ခါတိုင်းတစ်သောင်းခွဲဆိုရင် လေးငါးသောင်းလောက်ဆိုတော့ သိပ်မသယ်ကြသေးတာ”

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်အာဏာရှင်ကိုတော်လှန်တဲ့ လက်နက်ကိုင်တိုက်ပွဲတွေနဲ့အတူ ပဋိပက္ခတွေ နိုင်ငံတစ်ဝန်းမှာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာပါတယ်။ လူဦးရေ ၁ ဒဿမ ၅ သန်းနေထိုင်တဲ့ မန္တလေးကိုလည်း တော်လှန်ရေးတပ်ဖွဲ့တွေက ထိုးစစ်ဆင်နေပါတယ်။

တိုက်ပွဲတွေအတွင်း နှစ်ပေါင်းများစွာ ဗုဒ္ဓရုပ်ပွားတော်တွေ ထုတ်လုပ်ခဲ့တဲ့ စကျင်ကျောက်ထွက်ရှိရာ မန္တလေးတိုင်း မတ္တရာမြို့နယ်က ကျောက်တောင်နေရာတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက သိမ်းယူထားပါတယ်။ ဒါကြောင့် မတ္တရာမြို့နယ်က စကျင်ကျောက်တွေ သယ်ယူတာကို စစ်ကောင်စီက တားဆီးစစ်ဆေးတာတွေ ရှိပါတယ်။

စကျင်ကျောက်တုံးတွေ မသယ်နိုင်တာကြောင့် စျေးကွက်ထဲ ထုလုပ်ပြီးသား ဘုရားတွေကိုသာ ရောင်းချနေရတယ်လို့ ကျောက်ဆစ်လုပ်ငန်းရှင် ကိုမင်းမင်းစိုးက ပြောကြပါတယ်။

“အခုနောက်ပိုင်း ဘာအခက်အခဲရှိနေလဲဆိုတော့ လောလောဆယ် ဘုရားသယ်ဖို့အတွက် အခက်အခဲဖြစ်နေတယ်။ ဘုရားတွေက ဒီထဲမှာ ရှိတဲ့ဟာတွေပဲ ရောင်းလို့ရတယ်။ ဟိုဘက်မှာရှိတာ သယ်မရဘူးဖြစ်နေတယ်။ သယ်မရဘူးဆိုတာ လက်ရှိနိုင်ငံရေးကြောင့်”

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အခြားစကျင်ကျောက်ဆစ်လုပ်ငန်းရှင်တစ်ဦးကလည်း တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ မတ္တရာမြို့နယ်ထဲက စကျင်ကျောက်တွေကို လုပ်ငန်းတူမိတ်ဆွေတွေ သယ်ဆောင်လာချိန်မှာ စစ်ကောင်စီရဲ့ ဖမ်းဆီးတာ ခံခဲ့ရတယ်လို့ ဆိုပါတယ်။


ဆက်နွှယ်သော သတင်းများ

မတ္တရာမှာ လက်နက်ကြီးကြောင့် ဒေသခံနှစ်ဦး သေဆုံး၊ ငါးဦး ဒဏ်ရာရ

မတ္တရာမှာ တိုက်ပွဲပြင်းထန်နေပြီး အရပ်သား သေဆုံးမှုရှိနေ

မတ္တရာမြို့နယ်က စစ်ဘေးဒုက္ခသည်တွေ စားနပ်ရိက္ခာ ပြတ်လပ်


စစ်ကောင်စီက အကြမ်းဖက်အဖွဲ့အစည်းအဖြစ်သတ်မှတ်ထားတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ စကျင်ကျောက်ထုတ်လုပ်ရာ နေရာကို သွားရောက်သယ်ယူဖို့ စိန်ခေါ်မှုတွေရှိလာတာကြောင့် ကုန်ကြမ်းပြတ်လပ်မှုနဲ့ ရင်ဆိုင်လာရပါတယ်။

(AFP သတင်းဌာန၏ ဆောင်းပါးအား မစန်းမော်အောင် ဘာသာပြန်ဆိုတင်ပြသည်။)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။