စစ်အာဏာသိမ်းမှု အကျိုးဆက် တောင်သူတွေအပေါ်ရိုက်ခတ်

2021.12.20
စစ်အာဏာသိမ်းမှု အကျိုးဆက် တောင်သူတွေအပေါ်ရိုက်ခတ် ရန်ကုန်တိုင်း ဒလမြို့နယ်မှာ စပါးရိတ်သိမ်းနေတဲ့ လယ်သမားတစ်ဦးကို ၂၀၂၁ ဒီဇင်ဘာ ၁၅ ရက်နေ့က တွေ့ရစဉ်
Photo: RFA

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုနောက်ပိုင်း ကုန်စျေးနှုန်းမြင့်မားလာတာနဲ့အတူ အထွေထွေကုန်ကျစရိတ် တွေလည်း မြင့်မားခဲ့တာတွေကြောင့် တောင်သူလယ်သမားတွေအတွက် အခက်အခဲနဲ့ ရင်ဆိုင်နေကြရတယ် လို့ တောင်သူတွေက ပြောပါတယ်။

အခုနှစ်အတွက် မိုးစပါးပေါ်ချိန်မှာ စပါးတင်း ၁၀၀ ကို ပုံမှန်နှစ်တွေထက် ငွေကျပ် တစ်သိန်းခန့်အထိ ဈေးတက်နေတယ်ဆိုပေမယ့် တဘက်ကလည်း လယ်ယာအတွက် ရင်းနှီးမြှုပ်နှံမှုစရိတ်တွေ မြင့်မားနေ တာကြောင့် တွက်ခြေမကိုက် ဖြစ်နေတယ်လို့ ပဲခူးတိုင်း အနောက်ခြမ်းမှာရှိတဲ့ တောင်သူလယ်သမားတွေက RFA ကို ပြောပါတယ်။

လယ်ယာသွင်းကုန်ပစ္စည်းတွေ စျေးနှုန်းမြင့်မားနေလို့ လိုအပ်သလောက်မသုံးနိုင်လို့ စပါးအထွက်နှုန်း လျော့ကျသွားတယ်လို့ နတ္တလင်းမြို့နယ် သပြေလှကျေးရွာက တောင်သူ ကိုအောင်မိုး က ပြောပါတယ်။

"စပါးက အထွက်နည်းတယ်။ မြေသြဇာတွေက ကန်တက်နေတော့ ကျွန်တော်တို့ တောင်သူတွေမှာ မပက် နိုင်ဘူး။ ဈေးဘယ်လောက်ကောင်းနေနေ စပါးအထွက်နည်းတော့  လုံးချည်ပြားချည်ဖြစ်နေတာ။ ဟိုနှစ်တွေ တုန်းက မြေသြဇာတွေက ဈေးနည်းတယ်။ ဆေးတွေ ဘာတွေ ဝယ်ပြန်တော့လည်း သူ့ဟာနဲ့သူ အဆင် ပြေတယ်။ ဖြန်းဆေးတွေ ဘာတွေလည်း ပက်နိုင်တယ်။ အခု ဖြန်းဆေးတွေကလည်း ဈေးတွေတက် နေတယ်။ မြေသြဇာတွေကလည်း ဈေးတွေတက်နေတော့ ကျွန်တော်တို့ တောင်သူတွေမှာ ဘာမှမပက် နိုင်ဘူး။ ဘာမှမပက်နိုင်တော့ စပါးအထွက်လျော့တယ်စပါးဈေး ဘယ်လောက်တက်နေနေ ကျွန်တော် တို့က အထွက်မကောင်းတော့ တက်တာပဲရှိတယ်"

အရင်င်နှစ်တွေက ဓာတ်မြေဩဇာတစ်အိတ်ကို ဈေးကွက်ထဲမှာ ငွေကျပ် သုံးသောင်းဝန်းကျင်သာရှိခဲ့ရာကနေ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ငွေကျပ် ငါးသောင်းနဲ့ အထက်အထိ စျေးနှစ်ဆနီးပါး ထိုးတက်သွားခဲ့တယ် လို့ ဆိုပါတယ်။

ဓာတ်မြေဩဇာတွေကို လိုအပ်သလို မသုံးနိုင်ခဲ့တဲ့အတွက် ယခင်က လယ်တစ်ဧကကို စပါးတင်း ၇၀ ကနေ ၈၀ အထိထွက်ရှိခဲ့ရာကနေ အခုနှစ်မှာတော့ ပျမ်းမျှ စပါးတင်း ၅၀ လောက်သာ ထွက်ရှိတော့တယ်လို့လည်း တောင်သူ ကိုအောင်မိုး က ပြောပါတယ်။

"စပါးဈေး ဘယ်လောက်တက်နေနေ ကျွန်တော်တို့က အထွက်မကောင်းတော့ တက်တာပဲရှိတယ်"

လယ်တစ်ဧကအတွက် တမံဖော်ချိန်ကနေ ရိတ်သိမ်းပြီးချိန်အထိ ကုန်ကျစရိတ်ဟာ ကျပ်ငွေ နှစ်သိန်းဝန်းကျင် အထိရှိတာကြောင့် တောင်သူတွေရဲ့ အခြေအနေဟာ ပိုပြီးခက်ခဲနေတာလို့ သပြေလှကျေးရွာက တောင်သူ ကိုစိုးမြင့် ကလည်း ပြောပါတယ်။

"ဒီအထဲပဲ ပြန်ပြီး ဘာလဲဆိုတော့ ရိတ်ခြွေလည်း ပေးရတယ်ဗျာ။ လယ်ထဲက သယ်ယူစရိတ်နဲ့ဆိုတော့ လယ်သမားတွေမှာ မကိုက်ဘူး ဖြစ်နေတာပေါ့။ အကုန်အစစအရာရာ ဈေးနှုန်းတွေတက်တော့"

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၁ ရက်နေ့က အရပ်သားအစိုးရကိုဖြုတ်ချပြီး စစ်အာဏာသိမ်းမှုကြောင့် တိုင်းပြည်မတည်မငြိမ်ဖြစ်နေတာ၊ ကုန်စျေးနှုန်းနဲ့ ဒေါ်လာစျေးမြင့်တက်လာတာတွေဟာ တောင်သူတွေ အပေါ်မှာ ကြီးမားတဲ့ရိုက်ခတ်မှုတွေ ဖြစ်ပေါ်စေခဲ့တယ်လို့ စပါးကုန်သည်တွေက ပြောပါတယ်။

ဒလမြို့နယ်မှာ ဒီဇင်ဘာ ၁၅ ရက်နေ့က ကောက်ရိုးပုံနေတဲ့ လယ်သမားတွေကို   တွေ့ရစဉ်
ဒလမြို့နယ်မှာ ဒီဇင်ဘာ ၁၅ ရက်နေ့က ကောက်ရိုးပုံနေတဲ့ လယ်သမားတွေကို တွေ့ရစဉ်

အာဏာသိမ်းစစ်ကောင်စီက ဒေါ်လာစျေးမြင့်တက်မှုတွေကို အချိန်မီ မထိန်းနိုင်ခဲ့တာကြောင့် တောင်သူ တွေဟာ ဆိုးရွားတဲ့ရိုက်ခတ်မှုကိုကြုံခဲ့ရတယ်လို့ စပါးကုန်သည်တစ်ဦးဖြစ်တဲ့ ကိုဟုတ်စိန် က ပြောပါတယ်။

"ဒေါ်လာဈေးကိုပဲ ဦးတည်ပြီး ပြောရတော့မှာပေါ့၊ ဒေါ်လာဈေးက နှစ်တိုင်းက အာဏာမသိမ်းခင်က ၁၃၂၀၊ ၁၃၄၀ လောက်ပဲ ရှိတယ်။ အခုတော့ ၁၈၈၀။ ၁၉၀၀ ဖြစ်နေတယ်။ လက်ရှိ စပါးဈေးကတော့ ဒေါ်လာဈေးနဲ့ပဲ ဆိုင်တယ်လို့ သုံးသပ်တယ်လေ"

စပါးတင်း ၅၀၀ ထွက်တဲ့ တောင်သူတွေဟာ လက်ရှိမှာ ငွေသားလိုအပ်ချက်တွေကြောင့် စပါးတင်း ၄၀၀ လောက် ထုတ်ရောင်းချတာတွေရှိတာကြောင့် စပါးစျေးကွက်မှာတော့ အရောင်းအဝယ်သွက်နေတယ်လို့ ကိုဟုတ်စိန် က ပြောပါတယ်။

တောင်သူအများစုဟာ စပါးရိတ်သိမ်းရောင်းချပြီး ရလာတဲ့ငွေနဲ့ ပဲစိုက်ဖို့အတွက် အရင်းအနှီးအဖြစ် ပြန်လည် အသုံးချကြရပါတယ်။

ဒါကြောင့် တောင်သူတွေအနဲ့ လက်ရှိမှာ စပါးစျေးတက်နေပေမဲ့ အကျိုးအမြတ်ကောင်းကောင်းမရခဲ့တာ ကြောင့် ပဲရာသီမှာ စျေးကောင်းရဖို့ကိုပဲ မျှော်လင့်နေကြပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
ဗီဒီယိုများ
တရုတ်မယားအဖြစ် ရောင်းစားခံရသူတစ်ယောက်အကြောင်း
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။