စစ်မှုထမ်းထဲပါပြီး အဆက်အသွယ်မရ၊ လစာမရတဲ့ မိသားစု
2024.11.21
စစ်မှုထမ်းဥပဒေအရ စစ်သင်တန်းထဲ လိုက်သွားရတဲ့သူတွေထဲမှာ စီးပွားရေး ကျပ်တည်းလွန်းလို့ ငွေယူပြီး လူစားထိုးလိုက်ကြတဲ့သူတွေ ရှိနေပါတယ်။ အဲဒီလို လိုက်သွားပေမဲ့ အဆက်အသွယ် မရ၊ လစာလည်း မရလို့ နောက်မှာကျန်ခဲ့တဲ့ မိသားစုမှာ ပိုပြီး ဆင်းရဲမွန်းကျပ်နေပါတယ်။
“လစာက ဘာလို့ လွှဲမပေးသေးတာလဲ။ အခုဆိုလို့ရှိရင် သူ ဝင်သွားတယ်။ အစ်မမှာ ကလေးတွေနဲ့ ကျန်ခဲ့တယ်။ သူတို့လည်း အကုန်လုံး သိထားပြီးသား၊ အကုန်လုံး စဝင်ကတည်းက ပြောထားပြီးသားနော်။ ဒီယောက်ျားကို မှီခိုပြီး စားသောက်နေရတာ။ လစာကိုတော့ သူတို့တွေ လွှဲပေးသင့်တယ်။ အခု ရှေ့တန်းမှာ သူကျသွားသည်ပဲဖြစ်ဖြစ်၊ မကျသေးဘူးပဲဖြစ်ဖြစ် ဘယ်လိုနည်းနဲ့မဆို သူတို့တွေက ဆက်သွယ်ပေးသင့်တယ်”
စစ်မှုထမ်းဥပဒေနဲ့ လူသစ်စုတဲ့အခါမှာ လူစားထိုးလိုက်သွားတဲ့သူတစ်ဦးရဲ့ ဇနီးသည် ပြောပြနေတာပါ။
“ရခိုင်ပြည်နယ် မောင်တောမြို့နယ်ကို အပို့ခံရပြီး လစာလည်း မရ၊ အဆက်အသွယ်လည်း မရဖြစ်နေပါတယ်”
လုံခြုံရေးအရ မလှလှလို့ ဒီထဲမှာ နာမည်လွှဲထားတဲ့ အမျိုးသမီးတို့ မိသားစုဟာ ဆင်းရဲလွန်းပါတယ်။ ဒါကြောင့် သူ့ခင်ပွန်းကို လူစားထိုးလိုက်ရင် ငွေ ငါးသိန်းရမှာဖြစ်ပြီး လစာအနေနဲ့ တစ်လကို သုံးသိန်း ရမယ်ဆိုတဲ့အတွက် ဧပြီကစလို့ စစ်မှုထမ်းခေါ်တဲ့အထဲ လိုက်သွားတာလို့ ပြောပြပါတယ်။
ဇူလိုင်မှာတော့ သင်တန်းပြီးတဲ့နောက် ဖုန်းတစ်ခါပဲ အဆက်အသွယ် ရလိုက်ပါတယ်။ အဲဒီနောက်တော့ ရခိုင်ပြည်နယ် မောင်တောမြို့နယ်ကို အပို့ခံရပြီး လစာလည်း မရ၊ အဆက်အသွယ်လည်း မရဖြစ်နေပါတယ်။
“တစ်လ တစ်ခါတော့ ဆက်သွယ်ပေးသင့်တယ်။ တစ်ခုခုအကြောင်းပြချက်လေးနဲ့ အစ်မကို အဲဒီ သူတို့ရဲ့တပ်ရင်းပေါ့နော်။ အစ်မ ယောက်ျားသွားခဲ့တဲ့ တပ်ရင်း၊ အဲဒီတပ်ရင်းကနေ အစ်မကို တိုက်ရိုက်ဆက်သွယ်ပေးစေချင်တာပေါ့ ပြောမယ်ဆိုရင်တော့”
အခုတော့ ဘုရားမှာ သပြေပန်းကပ်ပြီး ဆုတောင်းနေရုံကလွဲလို့ မလှလှအတွက် တခြားတတ်နိုင်တာ မရှိတော့ပါဘူး။
ရန်ကုန်မြို့ ဆင်ခြေဖုံးရပ်ကွက်မှာနေတဲ့ မလှလှမှာ အသက်တစ်နှစ်ကျော်နဲ့ ကိုးနှစ်အရွယ် သားနှစ်ဦးနဲ့ ၁၆ နှစ်အရွယ် သမီးတစ်ဦး ရှိပါတယ်။ လက်ရှိမှာတော့ သမီးကပဲ အလုပ်လုပ်ပြီး စားဝတ်နေရေးအတွက် ကူညီနေရတာပါ။
“အခုဆိုရင် အစ်မသမီးလေး တစ်ယောက်တော့ လစာရှိတယ်ပေါ့။ သူ့ရဲ့လစာကိုပဲ ထိုင်စားနေရတာ။ ဝေခြမ်းရေးလေးတွေ ဘာလေးတွေ လာရင်တော့ သွားတိုးစားပေါ့။ ရှိတဲ့အခါကျတော့လည်း စား။ မရှိတဲ့အခါကျတော့လည်း မစားနဲ့ပေါ့”
ကိုရဲ လို့ နာမည်လွှဲထားတဲ့ အသက် ၉ နှစ်အရွယ် သားလေးကလည်း ဖခင်အတွက် စိတ်ပူနေပါတယ်။
“သားက သတိတော့ ရတယ်။ အဖေ ဘာဖြစ်နေလဲတော့ မသိသေးဘူး။ ဒဏ်ရာတွေရမှာ စိုးရိမ်တယ်။ နောက်ပြီးတော့ သေနတ်တွေ မှန်မှာလည်း စိုးရိမ်တယ်။ အဲဒါပဲ။ ဒီနေ့ စစ်ပြီးသွားရင် အဲဒါမှ ပြန်လာစေချင်တာ
ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ သင်တန်းပေးပြီးနောက်ပိုင်း သက်ဆိုင်ရာ တပ်ရင်းတပ်ဖွဲ့တွေအလိုက် ရှေ့တန်းထွက်ရတာ အနည်းနဲ့အများ ရှိတယ်လို့ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ ဥက္ကဋ္ဌရုံး တာဝန်ရှိသူတစ်ဦးက RFA ကို နိုဝင်ဘာ ၁၉ ရက်နေ့က ပြောပါတယ်။
ဆက်နွှယ်သော သတင်းများ
စစ်မှုထမ်းဖို့ ပျက်ကွက်သူတွေကို အရေးယူဖို့ စစ်ကောင်စီညွှန်ကြား
ပြည်ပရောက် အလုပ်သမားတွေ စစ်မှုထမ်းဖို့ အေဂျင်စီတွေက ပြန်ခေါ်ပေးရမည်
ဟင်္သာတမှာ စစ်မှုထမ်း အကျုံးဝင်သူတွေ လစဉ်ကြေးပေးနေရ
အဆက်အသွယ် မရလို့ဆိုပြီး ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုကို မိသားစုဝင်တွေ ဆက်သွယ်တိုင်ကြားလာတာတွေရှိလို့ ဖြေရှင်းပေးနေတယ်လို့ တာဝန်ရှိသူက ပြောပါတယ်။
“လှမ်းတိုင်တာတွေ ဘာတွေတော့ ရှိပါတယ်ဗျ။ ဒါမျိုးတွေ ရှိတဲ့အတွက် ဒါတွေကိုပေးဖို့ ဘာညာဆိုပြီးတော့ တချို့ ညွှန်ကြားချက်တွေ ဘာတွေ လုပ်ထားဖူးတာ ရှိပါတယ်ဗျ။ တချို့လည်း လာပြောကြတယ်။ အဆက်အသွယ် ပြတ်နေတယ် ဘာညာဆိုပြီးတော့။ အဆက်အသွယ်မရရင် စာလေးနဲ့ ဆက်သွယ်ပေးဖို့ပေါ့နော်။ အဲဒီလိုလေးပေါ့။ လုပ်ထားပါတယ်”
မလှလှရဲ့မောင်ကလည်း သူ အပါအဝင် လူငယ် တော်တော်များများဟာ စစ်ထဲဝင်ဖို့ ကြောက်နေကြတယ်လို့ ပြောပြပါတယ်။
“လူငယ်တွေ တော်တော်များများ ကြောက်လန့်နေကြတယ်။ နေရာအနှံ့ ကြောက်နေကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ နေရာတိုင်းမှာ အကုန်လုံး ဒီလိုတွေချည်းပဲ လုပ်နေကြတော့ လူတွေက နောက်ပိုင်း စစ်ထဲဆိုရင် လိုက်ဖို့ကို ကြောက်နေကြတယ်။ မလိုက်ရဲကြဘူး ဖြစ်နေတယ်”
မလှလှကတော့ ခက်ခဲလှတဲ့ဘဝအတွက် ခင်ပွန်းသည် ပြန်အလာကို စောင့်မျှော်နေဆဲပါရှင်။
“ယောက်ျားဆီက သတင်းကို အတိအကျ ကြားချင်တယ်။ ရချင်တယ်။ ပြီးတော့ အစ်မ အကြွေးတွေ ဆပ်ချင်တယ်။ ဒီအိမ်လေးကို ဆောက်ချင်တယ်။ စားဖို့ကတော့ ဒီလိုပဲပေါ့။ ရှိတဲ့အခါကျတော့လည်း စားပေါ့”