ခရီးသွားတွေကို ဓာတ်ပုံရိုက်ပေးပြီး ဝင်ငွေရှာတဲ့ မင်းကွန်းက လူငယ်များ
2023.08.12
ဧရာဝတီမြစ်ဘေးက မင်းကွန်းဒေသဟာ ပြည်တွင်း ပြည်ပ ခရီးသွားတွေကြား ရေပန်းစားတဲ့ ဒေသ တစ်ခုဖြစ်ပါတယ်။ ကမ္ဘာမှာ တတိယ အကြီးဆုံး မင်းကွန်းခေါင်းလောင်းနဲ့ ဓာတ်ပုံလှလှပပ ရိုက်ချင်သူတွေကြား ကျော်ကြားတဲ့ မြသိန်းတန်စေတီနဲ့ ပုထိုးတော်ကြီး စတာတွေဟာ မင်းကွန်း ဒေသရဲ့ နာမည်ကျော် လည်ပတ်စရာနေရာတွေဖြစ်ပါတယ်။
ဧည့်သည်တွေ အသွားအလာများတဲ့ ဒေသဖြစ်တာကြောင့်ဒေသခံတွေဟာ ခရီးသွားတွေနဲ့ ဆက်စပ်တဲ့ အလုပ်အကိုင်တွေနဲ့ ရပ်တည်ကြပါတယ်။ အမှတ်တရ ပစ္စည်းရောင်းတာ၊ ဘုရားသမိုင်းရှင်းပြတာ၊ ဒေသထွက် အဝတ်အထည်ရောင်းတာ စတာတွေနဲ့ ဝင်ငွေ ရှာဖွေကြပါတယ်။
အခုတော့ ဒေသခံလူငယ်တွေ ဝင်ငွေရှာဖွေတဲ့နည်းလမ်း တစ်မျိုး တိုးလာပါတယ်။ အဲဒါကတော့ ခရီးသွားတွေကို ဓာတ်ပုံရိုက်ပေးတဲ့ ဝန်ဆောင်မှုပဲဖြစ်ပါတယ်။ ဧည့်သည်တွေရဲ့ လက်ကိုင်ဖုန်းနဲ့ပဲ ဒေသနောက်ခံ အလှပုံတွေကို ကူညီရိုက်ကူးပေးတဲ့ ဝန်ဆောင်မှုပါ။ သူတို့ရိုက်ကူးပေးတဲ့ပုံတွေဟာ သေသပ်လှပတာကြောင့် ခရီးသွားဧည့်သည်တွေ အကြိုက်တွေ့ကြပါတယ်။
အမျိုးအစားမတူညီတဲ့လက်ကိုင်ဖုန်းတွေကို သူတို့တွေ ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုနိုင်ကြပါတယ်။ နိုင်ငံခြားသားဧည့်သည်တွေနဲ့ စကားပြောဆိုဆက်ဆံနိုင်ဖို့လည်း သူတို့လေ့လာထားကြပါတယ်။
မင်းကွန်းစျေးဆိပ်က လူငယ်လေးတွေက သူတို့တွေ ဓာတ်ပုံဘယ်လိုရိုက်တတ်လာတာလဲဆိုတော့...
“နှုတ်ဆက်တာက ဆာဝါဒီခ၊ နောက်ဘုရားကိုဓာတ်ပုံရိုက်တာကျတော့ ဖိထိုင်လု၊ အန်တီကို လှတယ်ကျတော့ ဆွိုင်မားလို့ပြောတာ။ တစ်ယောက်နဲ့တစ်ယောက်ရိုက်ရင်းနဲ့တတ်သွားတာ။ ဧည့်သည်တွေကိုရိုက်ပေးရင်းနဲ့တတ်သွားတာ။ ဓာတ်ပုံရိုက်တာကလေ အကြီးတွေပြောတာကိုနောက်ကလိုက်နားထောင်ရင်းတတ်သွားတာ။”
သူတို့မိဘတွေကလည်း မင်းကွန်းဒေသကိုလာတဲ့ နိုင်ငံခြားသားဧည့်သည်တွေကို အမှီပြုပြီး အသက်မွေးဝမ်းကျောင်းအလုပ်တွေ လုပ်ခဲ့ကြတာပါ။
အခုတော့နိုင်ငံခြားသားဧည့်သည်တွေ မရှိသလောက်နည်းသွားတာကြောင့် မိဘတွေရဲ့ အလုပ်အကိုင်တွေ ရပ်ဆိုင်းသွားရတယ်လို့ ဧည့်သည်တွေကို ဓာတ်ပုံရိုက်ပေးပြီး ဝင်ငွေရှာနေတဲ့ ကြည်ဖြူရှင်ဆိုတဲ့ မိန်းကလေးကပြောပါတယ်။
“အဖေကအစက သင်္ဘောလိုက်တာ။ သင်္ဘောလိုက်တာ အခုအဆင်မပြေလို့ အခုညစောင့်လုပ်နေတယ်။ အမေကလက်ကောက်တွေဘာတွေရောင်းတာ။ တိုးရစ်ပါးလို့ရပ်ထားလိုက်တာ။ သမီးက ဒီပုထိုးတော်ကြီးမှာ အမွေးတိုင်ရောင်းတယ်။ သမိုင်းကြောင်းလည်း ရှင်းပြတယ်။ ဓာတ်ပုံလည်းရိုက်ပေးတယ်။ အငယ်ဆုံး ညီမလေးက ဘာမှ မလုပ်ဘူး။ မူကြိုပဲ ဆက်တက်တယ်။”
သူတို့ဟာ အရင်က ယပ်တောင်၊ ပေတံ၊ ပို့စ်စကတ်တွေ ရောင်းချကြရာကနေ မိုဘိုင်းဖုန်းနဲ့ဓာတ်ပုံ ရိုက်ပေးပြီး ဝင်ငွေရှာဖွေလာနိုင်ကြတာလည်း ဖြစ်ပါတယ်။ ဓာတ်ပုံရိုက်ပေးတာအတွက် အခကြေးငွေမသတ်မှတ်ထားဘဲ ဧည့်သည်တွေပေးတဲ့ ငွေကြေးကိုသာ လက်ခံကြပါတယ်။
“ဧည့်သည် ဓာတ်ပုံရိုက်ပေးတာလှရင်ပျော်တယ်။ ဧည့်သည်တွေကလှတယ်လို့ပြောရင် ကိုယ့် စိတ်ထဲမှာပျော်တယ်။ ဒီကလေးမလေးတွေ ရိုက်တတ်တယ်။ တော်တယ်။ အဲဒီလို ချီးကျူးသွားကြတယ်။”
အများစုကကျောင်းတစ်ဘက်နဲ့ ဒီအလုပ်ကိုလုပ်ကြတာပါ။ ကျောင်းဆင်းတဲ့အချိန်နဲ့ ကျောင်းပိတ်ရက် တွေမှာ သူတို့ နဲ့ သက်ဆိုင်တဲ့ နေရာတွေမှာ ဧည့်သည်တွေကို စောင့်ကြိုနေတတ်ကြပါတယ်။ သူတို့ ဝင်ငွေတွေကိုကျောင်းစရိတ်နဲ့ အိမ်သုံးစရိတ်တွေမှာ ခွဲဝေသုံးစွဲကြတယ်လို့ ပြောပါတယ်။
“သမီးကကျောင်းတက်တာ Grade 9 ရောက်နေပြီ။ အထက မင်းကွန်းမှာ တက်တာ။ အမေ့ကို တစ်ဝက်ပေးပီး ကျောင်းမုန့်ဖိုး တစ်ဝက်ယူတာ။ လိုတာမှ ဝယ်တာ ကျောင်းပစ္စည်းကို။”
ဒီလူငယ်တွေအတော်များများဟာ ဧည့်သည်လာရောက်လည်ပတ်တဲ့နေရာတွေမှာ ဝင်ငွေရဖို့ တန်းစီစောင့်ဆိုင်းကြရပါတယ်။ ဧည့်သည်တွေအနှောင့်အယှက် မဖြစ်စေဖို့ ဒေသခံလူကြီးတွေက အလှည့်ကျ စနစ် သတ်မှတ်ပေးထားရပါတယ်။
မင်းကွန်းဒေသဟာ အရင်ကနိုင်ငံခြားသားဧည့်သည်တွေ မပြတ်လည်ပတ်လေ့ရှိခဲ့ပေမယ့် အခုတော့ နိုင်ငံခြားသားဧည့်သည် မရှိသလောက်ဖြစ်သွားပြီး ပြည်တွင်း ဧည့်တွေသာ လာရောက်လည်ပတ်ပါတော့တယ်။ ဒါကြောင့် မင်းကွန်းက ကလေးကအစ လူငယ်၊ လူကြီး အားလုံးဟာ ပြည်တွင်းဧည့်သည်ကိုသာ မှီခိုလုပ်ကိုင်စားသောက်နေကြရပါတယ်။