မိုခါမုန်တိုင်းသင့် ဒေသခံတွေ အိမ်ပြင်ဖို့ အကူအညီလိုနေ

RFA Burmese
2023.05.23
မိုခါမုန်တိုင်းသင့် ဒေသခံတွေ အိမ်ပြင်ဖို့ အကူအညီလိုနေ မုန်တိုင်းကြောင့် ပျက်စီးသွားသည့် စစ်တွေမြို့နယ် ကျေးတောပိုက်ဆိပ်ကျေးရွာအား ၂၀၂၃ ခုနှစ် မေလ ၁၉ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်က ဒေသခံတွေဟာ မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ပျက်စီးသွားတဲ့နေအိမ်တွေကို ပြန်လည်ပြုပြင်ဖို့ အခက်အခဲနဲ့ ရင်ဆိုင်နေကြရပါတယ်။

မုန်တိုင်းကြောင့် နေအိမ်အများစု အမိုးအကာတွေပျက်စီးသွားသလို အချို့အိမ်တွေကတော့ လုံးဝပြိုလဲပျက်စီးသွားခဲ့တာပါ။

"ကိုယ်လည်း အလုပ်မလုပ်ရတော့ ဘာနဲ့စားရမှာလဲ။ စားဖို့ကလည်းလိုတယ်”

စစ်တွေမြို့နယ် ကျေးတောပိုက်ဆိပ်ရွာက ဒေါ်မအေးသန်းက အိမ်ပြင်ဖို့မတတ်နိုင်လို့ အခုမိုးရာသီ ဘုန်းကြီးကျောင်းမှာပဲခိုလှုံဖို့ ဆုံးဖြတ်ထားတယ်လို့ RFA ကို ပြောပါတယ်။

“အိမ်ကို ကိုယ့်ဟာကိုယ် ပြန်ဆောက်ဖို့တော့ အခြေအနေ မရှိတော့ပါဘူး။ မရှိတော့ ဘုန်းကြီးကျောင်းမှာ တစ်မိုးလောက်ခိုပြီး မိုးကုန်မှ အိမ်ကိုလုပ်ရတော့မယ်။ ပိုက်ဆံရှိတဲ့သူတွေပဲ ပြန်ပြင်နိုင်ကြမှာ။ အရီးမှာတော့ နောက်ဆက်တွဲလုပ်ဖို့ လူလည်း မရှိဘူး။ သမီးလေး တစ်ယောက်၊ သားလေး တစ်ယောက်ရှိပေမယ့် သူတို့လည်း မလုပ်နိုင်ဘူး။ အခုဆို ဘာအလုပ်မှ မရှိတော့ဘူး။ ကလေးတွေလည်း အလုပ် မလုပ်ရတော့ဘူး။ ကိုယ်လည်း အလုပ်မလုပ်ရတော့ ဘာနဲ့စားရမှာလဲ။ စားဖို့ကလည်းလိုတယ်”

ကျေးတောအုပ်စုမှာ နေအိမ်ရှစ်ရာကျော်ရှိအနက် အားလုံးနီးပါး ထိခိုက်ပျက်စီးခဲ့တာပါ။

စစ်ကောင်စီရဲ့ မေလ ၁၉ ရက်အထိ စာရင်းအရ ရခိုင်ပြည်နယ် အပါအဝင် နိုင်ငံတစ်ဝန်းမှာ နေအိမ် ၁၈၃၀၂၄ လုံး၊ သာသနိက အဆောက်အအုံ ၁၇၁၁ လုံး၊ ဘုန်းတော်ကြီးကျောင်း ၅၉ ကျောင်း၊ စာသင်ကျောင်း ၁၃၉၇ ကျောင်း၊ ဆေးရုံ၊ ဆေးခန်း ၂၂၇ ခုပျက်စီးခဲ့ပါတယ်။

မုန်တိုင်းကြောင့် သေဆုံးသူကတော့ နိုင်ငံတစ်ဝန်း ၁၄၈ ဦးအထိရှိလာတယ်လို့ မေလ ၂၃ ရက် ဒီနေ့မှာ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

စစ်တွေမြို့နယ်၊ ကျေးတောပိုက်ဆိပ်ရွာခံ ဒေါ်ဦးကျော့ဖြူက ပျက်စီးသွားတဲ့အိမ်တွေကို အခုအထိ ပြန်မပြင်နိုင်သေးတာကြောင့် ဒေသခံတွေဟာ မိုးရွာချိန်ဆို ထီးဆောင်းပြီး နေနေကြရတယ်လို့ ပြောပါတယ်။

“အခုက စားသောက်ရေး၊ ရေကအစ မရှိဘူး။ အဝတ်ကအစပေါ့။ ဘယ်လိုပြောရမလဲ အိမ်မှာကျန်ခဲ့တဲ့ အဝတ်တွေလည်း ရေတွေစိုသွားတယ်။ နေစရာမရှိတော့လို့ ထီးလေးနှစ်ချောင်းမိုးပြီး အိမ်အောက်မှာနေရတယ်။ ဟိုဘက်မှာဆို ကလေးတွေ ငိုကြတယ်။ ကျွန်မမှာက လင်သားရှိတာလည်း မဟုတ်ဘူး၊ ဘယ်လောက် ဒုက္ခရောက်တယ်ဆိုတာ တစ်ချက်စဉ်းစားကြည့်ပါ”

စစ်တွေမြို့မှာ သွပ်အမိုးနဲ့ သံတွေပါ ပြတ်လပ်နေပြီး တချို့ အိမ်ဆောက်ပစ္စည်းဆိုင်တွေမှာ ဈေးနှုန်း ၁၀ ဆခန့် တက်သွားတယ်လို့ စစ်တွေမြို့ခံတွေက ပြောပါတယ်။

အရင်က သံတစ်ပိဿာ ကျပ်ခုနစ်ထောင်ခန့်ရှိခဲ့ရာက လက်ရှိခုနစ်သောင်းလောက်ပေးပြီး ဝယ်နေကြရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဈေးအဆမတန်များနေပေမယ့် ပစ္စည်းတွေပြတ်လပ်နေလို့ ဝယ်ချင်တိုင်းဝယ်မရတဲ့ အခြေအနေဖြစ်နေတယ်လို့ စစ်တွေမြို့မှာ နေထိုင်တဲ့ ဦးထွန်းအေးကျော်က RFA ကို ပြောပါတယ်။

“မနေ့ကဆို လူတစ်ရာလောက် စုနေကြတာ။ အဲဒီလူတစ်ရာထဲမှာ ငါးဆယ်လောက်ပဲ ရတယ်။ ညနေပိုင်း ပစ္စည်းဝင်မယ်ဆိုလို့ စောင့်ကြည့်တယ်။ ဒါပေမဲ့ ပစ္စည်းမဝင်ဘူး။ အဲတော့ အလုပ်လည်း မဖြစ်လိုက်ဘူး။ ကျွန်တော်က မနေ့မနက်စောစော စာရင်းသွင်းထားခဲ့တာကို ဒီနေ့ထုတ်ဖို့ လာရတာ။ မနေ့က စာရင်းပေးထားခဲ့တဲ့ လူတွေလောက်ပဲ ပစ္စည်းထုတ်လို့ရမယ်။ ဒီနေ့ စာရင်းပေးတဲ့သူတွေဆိုရင် မနက်ဖြန်မှရကြမှာ။ မနက်ဖြန်လည်း ပစ္စည်းရောက်မှ ရမယ်လို့ပြောတယ်။ ပစ္စည်းရောက်၊ မရောက်ကိုလည်း မပြောနိုင်သေးဘူးလို့ ပြောတယ်”

ဒေသခံအချို့ကတော့ ပျက်စီးသွားတဲ့ အိမ်ခေါင်မိုးတွေကိုပြန်ပြင်ဖို့ မတတ်နိုင်ကြတာ ကြောင့် တာပေါ်လင်စတွေမိုးပြီး နေနေကြရတယ်လို့လည်း မြို့ခံတွေက ပြောပါတယ်။

မုန်တိုင်းကြောင့် ပျက်စီးသွားသည့် စစ်တွေမြို့နယ် ကျေးတောပိုက်ဆိပ်ကျေးရွာအား ၂၀၂၃ ခုနှစ် မေလ ၁၉ ရက်နေ့က တွေ့ရစဉ်။  (Photo: RFA)
မုန်တိုင်းကြောင့် ပျက်စီးသွားသည့် စစ်တွေမြို့နယ် ကျေးတောပိုက်ဆိပ်ကျေးရွာအား ၂၀၂၃ ခုနှစ် မေလ ၁၉ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

စစ်တွေမြို့အခြေစိုက် လူထု ဘေးဒဏ်ခံနိုင်စွမ်း တိုးမြှင့်ဆောင်ရွက်ရေးအဖွဲ့ (ACRO) အမှုဆောင်ဒါရိုက်တာ ဦးဇော်ဇော်ထွန်းက ရခိုင်မှာ မုန်တိုင်းကြောင့် ထိခိုက်ပျက်စီးမှုတွေ များခဲ့တာကြောင့် အာဆီယံနိုင်ငံတွေကပါ ထိထိရောက်ရောက် ကူညီဖို့လိုအပ်နေတယ်လို့ RFA ကို ပြောပါတယ်။

“စစ်ကောင်စီအစိုးရကို ကျွန်တော် ပြောချင်တယ်။ တော်တော်လေး အားစိုက်ပြီး လုပ်ရမယ့် အခြေအနေမှာရှိတယ်။ သူတို့ အားစိုက်တဲ့အပေါ် မူတည်ပြီးတော့မှ ဘယ်လောက်ထိ ပြန်လည်ထူထောင်နိုင်မယ်ဆိုတဲ့ ကိစ္စကလည်း အချိန်အကန့် အသတ်က ရှိမှာပေါ့နော်။ နောက်တစ်ခုက အာဆီယံနိုင်ငံတွေပေါ့။ မြန်မာနိုင်ငံက အာဆီယံအဖွဲ့ဝင် နိုင်ငံဖြစ်တယ်။ အာဆီယံနိုင်ငံတွေကလည်း အရေးကြီးတဲ့ အခန်းကဏ္ဍမှာရှိတယ်။ ဒီနိုင်ငံတွေရဲ့ ထောက်ပံ့ကူညီနိုင်မယ့် အခန်းကဏ္ဍကလည်း အရေးပါတယ်”

စစ်ကောင်စီကတော့ အိမ်မိုးသွပ်၊ အိမ်ဆောက်သံတွေ အပါဝင် စားနပ်ရိက္ခာတွေကို လေကြောင်းကရော၊ ရေကြောင်းကပါ ဆက်တိုက်ပို့ဆောင်ပေးနေသလို လတ်တလောမှာလည်း အာဆီယံနိုင်ငံတွေကပေးပို့တဲ့ အမေရိကန်ဒေါ်လာ ၁ ဒသမ ၆၅ သန်းခန့်တန်ဖိုးရှိ သဘာဝဘေး ကူညီရေးပစ္စည်းတွေ လက်ခံရရှိထားတယ်လို့ ဒီနေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြထားပါတယ်။

စစ်တွေမြို့နယ်မှာနေထိုင်တဲ့ ဒေသခံတွေကတော့ ပျက်စီးသွားတဲ့နေအိမ်တွေကို ပြန်လည်ပြုပြင်ဖို့အတွက် သူတို့အနေနဲ့ ဘာအကူအညီမှ မရကြသေးဘူးလို့ ပြောဆိုကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။