ပြန်လည်မရပ်တည်နိုင်သေးတဲ့ မုန်တိုင်းသင့် ရခိုင်ဒေသခံများ

RFA Burmese
2023.09.21
ပြန်လည်မရပ်တည်နိုင်သေးတဲ့ မုန်တိုင်းသင့် ရခိုင်ဒေသခံများ မိုခါဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ခဲ့ပြီးနောက် စစ်တွေမြို့အနီးမှ ဗေဒါကျေးရွာအား ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

စစ်တွေမြို့အနီးက ရိုဟင်ဂျာကျေးရွာတွေနဲ့ ရခိုင်ကျေးရွာတွေမှာ ဒေသခံတွေဟာ တာပေါ်လင်စတွေ မိုးထားတဲ့ တဲအိမ်ငယ်တွေနဲ့ ဒီနေ့အထိ ဖြစ်သလိုနေထိုင်နေကြရ သူတွေ ရှိနေဆဲပါ။ ဒါဟာ ပြီးခဲ့တဲ့ မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့တဲ့ မိုခါ ဆိုင်ကလုန်းမုန်တိုင်းအပြီး အချိန်ငါးလအကြာ မြင်ကွင်းတွေဖြစ်ပါတယ်။

မုန်တိုင်းတိုက်ပြီးကတည်းက ဒီနေ့အထိ စစ်ကောင်စီကရော၊ နိုင်ငံတကာအဖွဲ့တွေဆီကပါ ထိရောက်တဲ့ အကူအညီတွေ မရကြတာကြောင့် အခုလို အခက်အခဲနဲ့ နေထိုင်နေကြရ တာလို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

"စားဖို့သောက်ဖို့လည်း အခက်အခဲ ဖြစ်သွားတယ်။ အခု မိုးရွာရင် နေစရာနေရာ မရှိဘူး"

အိမ်ထောင်စု လေးရာနီးပါးနဲ့ လူဦးရေ နှစ်ထောင်ကျော် နေထိုင်တဲ့ ဗေဒါကျေးရွာမှာဆိုရင် အခုအချိန်အထိ နေအိမ်လေးပုံတစ်ပုံလောက်တောင် မပြုပြင်နိုင်ကြသေးပါဘူး။

ကျောတခင်းစာအတွက် ဒီနေ့အထိ ခက်ခဲနေဆဲပဲလို့ ဗေဒါရွာက ရိုဟင်ဂျာအမျိုးသမီး တစ်ဦးဖြစ်သူ ဒေါ်ဘီဘီဇံက RFA ကို ပြောပါတယ်။

“အိမ်မရှိတာက အခက်အခဲပါ။ မုန်တိုင်းနဲ့ အိမ်ကပါသွားတာ တစ်ခုမှမရလိုက်ဘူး။ ကိုယ့်မှာ သားသမီး ရှိတယ်ဆိုတော့ ဒီလိုတဲဆောက်ပြီးနေတာပေါ့။ နေဖို့နေရာ လိုတယ်လေ။ ကျွန်မတို့ အရမ်းခံစားရပါတယ်။ စားဖို့သောက်ဖို့လည်း အခက်အခဲ ဖြစ်သွားတယ်။ အခု မိုးရွာရင် နေစရာနေရာ မရှိဘူး။ မိုးတအားကျတယ်လေ။ ညဉ့်အချိန် မိုးရွာရင် အိပ်လို့မရဘူး။ ကလေးတွေနဲ့ ထိုင်နေရတယ်”

ဒီဗေဒါရွာမှာ မုန်တိုင်းကြောင့် ရွာလုံးကျွတ်ပျက်စီးခဲ့ရသလို ရွာသား သုံးဆယ်နီးပါးလည်း သေဆုံးခဲ့ရပါတယ်။

မုန်တိုင်းဒီရေကြောင့် ပင်လယ်ဆားငန်ရေဝင်သွားတဲ့အဝီစိတွင်းတွေကိုလည်း မပြုပြင်ရ သေးတာကြောင့် သောက်သုံးရေအတွက်လည်း ခက်ခဲနေဆဲပဲလို့ ဗေဒါကျေးရွာက နောက်ထပ် ရိုဟင်ဂျာ အမျိုးသမီးတစ်ဦးဖြစ်သူ ဒေါ်မတင်ဝင်းက ပြောပါတယ်။

“မိသားစု တစ်စုလုံး တစ်နေရာတည်းမှာ စုပြုံပြီးနေနေရတယ်။ တော်တော်လေးကို ခက်ခဲတယ်။ စားဖို့လည်း အခက်အခဲ၊ နေဖို့လည်း အခက်အခဲ ပြီးရင် ရေရော အခက်အခဲ။ ရေက အားလုံးဆားငန်ရည် သောက်လို့ မဝင်ဘူး။ အရင်ကဆိုရင် ရေချိုရတယ်။ မုန်တိုင်းတိုက်တာနဲ့ ရေချိုမရတော့ဘူး။ လုံးဝဆားငန်ရည် ဖြစ်သွားတယ်။ ဒါပေမဲ့ သောက်နေရတယ်။ သောက်ရင်လည်း မျိုမကျဘူး”

ရွာမှာ ရေချိုရတဲ့ အဝီစိရေတွင်း သုံးတွင်းလောက်ပဲရှိတော့တာကြောင့် မလုံလောက်တဲ့ အတွက် အခုလို ဆားငန်ရေရောနေတဲ့ ရေတွေကိုပဲ သောက်သုံးနေရတာလို့ ဆိုပါတယ်။ ဒါကြောင့် ရွာမှာ လူကြီးရော၊ လူငယ်ရော ဝမ်းရောဂါတွေလည်း ဖြစ်နေကြတယ်လို့ ပြောပါတယ်။

အဲဒီဗေဒါရွာမှာ မုန်တိုင်းပြီးကတည်းက အခုအချိန်ထိ ကျောင်းသားတွေလည်း စာမသင်နိုင်ကြသေးပါဘူး။

မုန်တိုင်းကြောင့် ရွာမှာရှိတဲ့ မူလတန်းစာသင်ကျောင် ပျက်စီးသွားသလို တခြားရွာမှာ ကျောင်းသွားတက်ဖို့လည်း လမ်းမရှိတာကြောင့် အခုလို ခက်ခဲနေတာလို့ ဗေဒါကျေးရွာက ရိုဟင်ဂျာတစ်ဦးဖြစ်သူ ဦးအာဒုရှုကု က RFA ကို ပြောပါတယ်။

“ကျွန်တော်တို့ရွာမှာ မုန်တိုင်းတိုက်ပြီးကတည်းက တော်တော်လေးကို အခက်အခဲ ဖြစ်နေကြပါတယ်။ စားဖို့သောက်ဖို့လည်း အခက်အခဲဖြစ်နေတယ်။ သွားလာဖို့လည်း အခက်အခဲဖြစ်နေတယ်။ မုန်တိုင်း တိုက်ပြီးကတည်းက ကျောင်းသားတွေလည်း စာမသင်ရဘူး။ စာသင်ကျောင်းပျက်နေလို့ အခက်အခဲ ဖြစ်နေတာပါ။ ဟိုဘက်မှာ ကျောင်းသွားတက်ဖို့လည်း လမ်းမရှိဘူး။ အဲဒါတွေ အများကြီး အခက်အခဲ ဖြစ်နေပါတယ်”

အဲဒီဗေဒါရွာမှာ မုန်တိုင်းပြီးခါကစတော့ စစ်ကောင်စီနဲ့ အဖွဲ့အစည်းတွေက ဆန်ရိက္ခာ တချို့နဲ့ ငွေသားတချို့ ကူညီထောက်ပံ့မှုတွေရှိခဲ့ပေမယ့် အခုတော့ ဘာအကူအညီမှ မရကြတော့ဘူးလို့လည်း ဆိုပါတယ်။ ဒါကြောင့် ပြန်လည်ထူထောင်ရေးအတွက် ခက်ခဲနေကြတာလို့လည်း ပြောကြပါတယ်။

အလားတူ ရခိုင်တိုင်းရင်းသားတွေလည်း မုန်တိုင်းအလွန် အချိန် ငါးလကျော်ကြာလာတဲ့ အထိ ပြန်လည်ထူထောင်ရေးအတွက် ခက်ခဲနေကြဆဲဖြစ်ပါတယ်။

စစ်တွေမြို့နယ်ထဲက လမ်းဘေးချောင်းပိုက်ဆိပ်ရွာမှာဆိုရင် မုန်တိုင်းကြောင့် ရွာလုံးကျွတ် ပျက်စီးသွားခဲ့သလို ငါးဖမ်းပိုက်တွေနဲ့ စက်လှေတွေပါ ပျက်စီးသွားခဲ့ပါတယ်။ လုံလောက်တဲ့ ထောက်ပံ့ကူညီမှုတွေလည်း မရတာကြောင့် ပြန်လည်ထူထောင်ရေးအတွက် ခက်ခက်ခဲခဲ ရုန်းကန်နေရဆဲပဲလို့ လမ်းဘေးချောင်း ပိုက်ဆိပ်ရွာက ဒေါ်နှင်းဝေက RFA ကို ပြောပါတယ်။

“စားဖို့ စုထားတဲ့ ဝမ်းစာထားတာတွေ အားလုံး မုန်တိုင်းနဲ့ ပါသွားတယ်လေ။ ဆန်က ဆီက ဘာမှမကျန်လိုက်ဘူး။ အားလုံး ပါသွားတယ်။ ကျွန်မတို့မှာ အကူအညီတွေလည်း မရဘူး။ အိမ်အားလုံးပါသွားလည်း အကူအညီမရဘူး။ မုန်တိုင်းမတိုက်ခင် အိမ်က အမြင့်ကြီး အခုက ဝင်ဖို့တောင် မရတော့ဘူး။ မဆောက်လို့က မရဘူးလေ။ မဆောက်ရင် နေဖို့နေရာမရှိဘူး။ ဝင်နေဖို့ နေရာမရှိ ဖြစ်သလိုကြံဖန်ပြီး ဆောက်ကြရတာပဲ။ အရင်က အိမ်ကိုဆောက်ဖို့ ချေးထားတဲ့ ပိုက်ဆံတောင် မကျေလိုက်သေး။ အခု ဒီအိမ်ဆောက်ဖို့ ထပ်ချေးထားရတယ်။ နေဖို့ နေရာမရှိလို့လေ”

လမ်းဘေးချောင်း ပိုက်ဆိပ်ရွာမှာ အိမ်ထောင်စု လေးဆယ်နီးပါးနဲ့ လူဦးရေ တစ်ရာကျော် ရှိပြီး ငါးဖမ်းလုပ်ငန်းနဲ့ပဲ အသက်မွေးကြတာပါ။

မိုခါဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ခဲ့ပြီးနောက် စစ်တွေမြို့အနီးမှ ဗေဒါကျေးရွာအား ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
မိုခါဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ခဲ့ပြီးနောက် စစ်တွေမြို့အနီးမှ ဗေဒါကျေးရွာအား ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

ပျက်စီးဆုံးရှုံးမှုတွေအတွက် အချိန်သုံးနှစ်လောက်ထိ အလုပ်လုပ်ကိုင်ရင်တောင် ပုံမှန်အတိုင်း ပြန်မရနိုင်ဘူးလို့ လမ်းဘေးချောင်းပိုက်ဆိပ်ရွာသား ဦးအောင်သန်းချေက ပြောပါတယ်။

“ကျွန်တော်တို့ရွာမှာ ဒီလောက်ပျက်စီးတာတွေကို သုံးနှစ်လောက် အလုပ်လုပ်လို့ မရနိုင်ဘူး။ အဲဒီလောက်အထိ နစ်နာတယ်။ အခု လုပ်စားနေကြတယ်လို့ မြင်ကြမယ် ဒါပေမဲ့ တစ်ရက်စာ တစ်ရက်တောင် မပိုင်နိုင်ဘူး”

ရခိုင်ပြည်နယ်မှာ မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့တဲ့ မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ကျေးရွာ နှစ်ထောင်ကျော်က အိမ်ခြေ နှစ်သိန်းကိုးသောင်းနီးပါး ပျက်စီးခဲ့ပြီး လူဦးရေ ၁၅ သိန်းကျော် ထိခိုက်သွားတာလို့ ရက္ခိုင့်တပ်တော် (AA) က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီကတော့ မုန်တိုင်းသင့်ဒေသ ပြန်လည်ထူထောင်ရေးအတွက် အရှိန်အဟုန်မြှင့် ကြိုးပမ်းဆောင်ရွက်နေကြောင်း နိုင်ငံပိုင်သတင်းစာတွေမှာ ရေးသားဖော်ပြနေပါတယ်။ ဒါပေမဲ့ ဗေဒါကျေးရွာလို အကူအညီမရတဲ့ နေရာတွေရှိနေတာနဲ့ပတ်သက်လို့ မေးမြန်းနိုင်ဖို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားခြင်း မရှိပါဘူး။

ဒေသခံတွေကတော့ မုန်တိုင်းကြောင့် ထိခိုက်ခဲ့ရတဲ့ နေအိမ်နဲ့ သက်မွေးဝမ်းကျောင်းဆိုင်ရာ လိုအပ်ချက်တွေအတွက် ကိုယ့်နည်းကိုယ့်ဟန်နဲ့ ရုန်းကန်နေရဆဲပဲလို့ ပြောဆိုကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။