မုန်တိုင်းကြောင့် အမျိုးသမီးနဲ့ကလေး ၁၉ ဦး သေဆုံးခဲ့ရတဲ့ ညောင်ပင်ကြီးရွာ
2023.06.12
ရသေ့တောင်မြို့နယ်၊ ကူတောင်တိုက်နယ်၊ ညောင်ပင်ကြီးရွာက မိဘမောင်နှမတွေနဲ့ မိသားစု ခြောက်ယောက် အတူတူနေခဲ့တဲ့ အသက် ၁၃ နှစ်အရွယ် မာမောက်အာဏစ်ဟာ မိုခါမုန်တိုင်းကြောင့် အမေ ဆုံးရှုံးသွားပါပြီ။
မေလ ၁၄ ရက်နေ့လယ်ပိုင်း မုန်တိုင်းကြမ်းလာတဲ့အချိန် မာမောက်အာဏစ်ဟာ အသက် ၃၀ အရွယ် သူ့အမေ မကော်ရီမာရဲ့လက်ကိုဆွဲပြီး ကုန်းမြင့်ပိုင်းကျတဲ့ ကပ်ချောင်း ရွာဘက်ကို ထွက်ပြေးကြပါတယ်။
ရွာအရှေ့ဘက်က ချောင်းလေးကို ဖြတ်အကူးမှာတော့ လှိုင်းပုတ်ခံလိုက်ရပြီး သူ့အမေ ချောင်းရေထဲ မျောသွားသလို၊ သူ့ကို ရခိုင်လူမျိုးတစ်ယောက်က ဘေးလွတ်ရာ ခေါ်သွားပါတော့တယ်။
"သွားနေတဲ့အချိန်မှာပဲ အမေ ရေနဲ့ မျောပါသွားတာပေါ့။ အမေလည်း မျောပါ သွားရောကျွန်တော်လည်း လည်ထွက်သွားပြီးရေနဲ့ မျောသွားခဲ့တယ်။ မျောသွားရင်းနဲ့ ကျွန်တော် ပုံးတစ်လုံးရလိုက်တယ်။ အဲဒါနဲ့ ကူးသွားပြီးတော့မှ အပင် တစ်ပင်ပေါ် တက်နေလိုက်တာပေါ့။ အပင်ပေါ်တက်နေတဲ့ အချိန်မှာပဲ ရခိုင်သား တစ်ယောက်က ကျွန်တော့်ကိုတွေ့ပြီး ကြက်ရိုးဆိတ်ရွာကို ခေါ်သွားခဲ့တာပါ"
မာမောက်အာဏစ်ရဲ့ အဖေကတော့ အသက် ၄၀ အရွယ် ကိုဘဒူလာမိန်ပါ။ သူကတော့ အသက် ၁၁ နှစ်နဲ့ ၂ နှစ်အရွယ် သမီးနှစ်ယောက်နဲ့ ၃ လသားအရွယ်သားလေးကိုခေါ်ပြီး ကုန်းမြင့်ပိုင်း ကပ်ချောင်းရွာကို သွားပို့နေတဲ့အချိန်မှာပဲ သူ့ဇနီးနဲ့သားက ဒီဖြစ်ရပ်ဆိုးနဲ့ ကြုံလိုက်တာပါ။
မိသားစုစုံစုံနဲ့ နေခဲ့ရတုန်းက ဘယ်လိုအခက်အခဲတွေရှိရှိ စိတ်ချမ်းသာ ပျော်ရွှင်ခဲ့တယ်လို့ ကိုဘဒူလာမိန်က ပြောပါတယ်။
"အခုချိန်ကျတော့ ကျွန်တော့မှာ စိတ်အရမ်းဆင်းရဲတယ်။ ဇနီးမရှိရင် ကျွန်တော်တို့ ပြည့်ပြည့်စုံစုံနဲ့နေရ စားရရင်တောင်မှ စိတ်ဆင်းရဲတယ်။ သားသမီးမျက်နှာ ကြည့်ပြန်ရင်လည်း သားသမီးတွေမှာ မျက်နှာငယ်လို့။ သားသမီးတွေလည်း မပျော်ရွှင်ကြဘူး။ သူ့တို့လေးတွေကိုကြည့်ပြီး ကျွန်တော်လည်း စိတ်မချမ်းသာဘူးလေ"
အဲဒီ ညောင်ပင်ကြီးရွာမှာ အိမ်လေးရာနီးပါး (၃၂၈ အိမ်) ရှိပြီး လူဦးရေ နှစ်ထောင်ကျော် နေထိုင်ကြပါတယ်။ မုန်တိုင်းကြောင့် အိမ်အားလုံးပျက်စီးသွားသလို ကိုဘဒူလာမိန်ရဲ့ ဇနီးအပါအဝင် ကလေးနဲ့ အမျိုးသမီး ၁၉ ယောက်အထိ သေဆုံးခဲ့ရပါတယ်။
သေဆုံးခဲ့တဲ့ ကလေးတွေထဲ အသက် ၃၀ အရွယ် ကိုဇာဟိတ်တူဆင်ရဲ့ သား အသက် ၅ နှစ်အရွယ် မောင်ဟာဘဲစ်အာမတ်လည်း ပါပါတယ်။
ဒီရေတက်လာတဲ့အချိန်မှာ သားနှစ်ယောက်ကိုချီပြီး ကုန်းမြင့်ပိုင်းရွာတွေကို ထွက်ပြေးတော့ လှိုင်းပုတ်ခံရပြီး သားအကြီး လွတ်ထွက်သွားတာလို့ RFA ကိုပြောပါတယ်။
"လေတိုက်လာတဲ့အချိန်မှာ ကျွန်တော်တို့အိမ်က ထွက်ပြေးကြတယ်။ ကလေးနှစ်ယောက် လက်မှာ ချီပြီးသွားတဲ့အချိန် တစ်ယောက်ပါသွားတာ။ အဲဒါနဲ့ ကျန်တဲ့ တစ်ယောက်ကိုချီပြီး ကုန်းဘက်က ရွာတွေဆီ တက်သွားခဲ့တယ်။ သားတစ်ယောက်ကတော့ လှိုင်းနဲ့ပါသွားတယ်"
ညောင်ပင်ကြီးရွာဟာ လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီး မော်တော်ဆိုင်ကယ် လမ်းတစ်လမ်းတည်း ရှိပါတယ်။
မုန်တိုင်းမတိုက်ခင် ရက္ခိုင့်တပ်တော် AA က မုန်တိုင်းသတိပေးချက်တွေ အဆက်မပြတ် လုပ်ခဲ့လို့ ရွာသူ၊ ရွာသား ၂၁၀၀ ထဲက ၇၀၀ ကျော်ဟာ ကုန်းမြင့်ပိုင်းဖြစ်တဲ့ ကြက်ရိုးဆိတ်နဲ့ ကပ်ချောင်းရွာက ဘုန်းကြီးကျောင်းတွေကို ပြောင်းရွှေ့ခဲ့ကြတာလို့ပြောပြကြပါတယ်။
ကျန်ခဲ့တဲ့ ၁၄၀၀ ကျော်ကတော့ မုန်တိုင်းတိုက်တဲ့အချိန်မှာ ရွာထဲကခိုင်ခံ့တဲ့အိမ်တွေမှာပဲ စုနေကြတယ်လို့ ရွာသားတွေကပြောပါတယ်။
ဒါပေမဲ့ မုန်တိုင်းလာတဲ့ချိန်မှာ အိမ်တစ်အိမ်မှာခိုလှုံနေတဲ့ ကလေးတွေနဲ့ အမျိုးသမီးတွေ အပြင်ထွက် ပြေးကြလို့ သေဆုံးတာလို့ ကျေးရွာတာဝန်ရှိသူတစ်ယောက်က RFA ကိုပြောပါ တယ်။
"သူတို့ အဲအိမ်မှာနေကြပြီးတော့ အမျိုးသမီးတစ်ယောက်က အပေါ့သွားမယ်ဆိုပြီးတော့ အပြင်ကို ထွက်သွားတယ်။ သူအပြင်ထွက်တော့ သူ့ရဲ့ကလေးတွေလည်း အိမ်ထဲကနေ အပြင်ကိုထွက်လိုက်သွားကြတယ်။ နောက်တော့ ကျန်တဲ့လူအားလုံးလည်း ဆင်းလိုက်သွားကြတာပေါ့။ နောက် ကြက်ရိုးဆိတ်ရွာဘက် အားလုံး တက်သွားကြတာပေါ့။ သွားကြတဲ့အချိန် လေလည်းတိုက်တဲ့အချိန်၊ ရေလည်း တက်တဲ့ အချိန်ဆုံပြီးတော့ အားလုံးသေကုန်ပါတယ်။ လေးယောက်လောက်ပဲ ရှင်တာပေါ့"
ဆုံးသွားတဲ့သူတွေရဲ့ ရုပ်အလောင်းတွေကိုတော့ မုန်တိုင်းပြီးနောက်တရက် မေလ ၁၅ ရက်နေ့ မနက် လိုက်ရှာမှ ကြက်ရိုးဆိတ်ရွာနားမှာ တွေ့ခဲ့ကြပါတယ်။
"လူ ၁၉ ယောက်သေသွားတာမှာ အမျိုးသမီးကြီးတွေက ၅ ယောက်လောက်ပါတယ်။ ၁၅၊ ၁၈ အရွယ်တွေလည်းပါတယ်။ ကျန်တာအကုန်ကလေးတွေပဲ"
ကလေးသုံးယောက် ဆုံးရှုံးလိုက်ရတဲ့ အသက် ၂၈ နှစ်အရွယ် မအာလီမာက ခေါင်းမှာ ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့လို့ မေလ ၁၆ ရက်နေ့ကစပြီး စစ်တွေမြို့နယ်၊ သက္ကေပြင်တိုက်နယ်ဆေးရုံကို ပို့ပြီး ဆေးကုထားတယ်လို့ ရွာတာဝန်ရှိသူတွေက ပြောပါတယ်။
ညောင်ပင်ကြီးရွာဟာ အခုတော့ ပူဆွေးနေချိန်မရဘဲ လာမယ့် မိုးနဲ့လေပြင်းတွေကို ရင်ဆိုင်ဖို့ အိမ်တွေကို ကိုယ်ထူကိုယ်ထစနစ်နဲ့ ပြင်ဆင်ရှင်းလင်းနေကြပါပြီ။
"ကလေးနှစ်ယောက် လက်မှာ ချီပြီးသွားတဲ့အချိန် တစ်ယောက်ပါသွားတာ။"
ရက္ခိုင့်တပ်တော် AA ကတော့ အဲဒီရွာအတွက် ဆန်၊ ရေနဲ့ ရေစုပ်စက်တွေ ထောက်ပံ့ပေးတဲ့အပြင် ဆေးဘက်ဆိုင်ရာ အကူအညီတွေလည်း ပေးနေတယ်လို့ ကျေးရွာသားတွေက ပြောပါတယ်။
ဒါပေမဲ့ တခြားအဖွဲ့တွေရဲ့ အကူအညီတွေက လုံးဝမရောက်သေးဘူးလို့ ရွာသားတွေကပြောပါ တယ်။
ဥရောပသမဂ္ဂ EU က မိုခါမုန်တိုင်းဒဏ် ခံစားခဲ့ရတဲ့ မြန်မာနဲ့ဘင်္ဂလားဒေ့ရှ် နိုင်ငံကလူတွေအတွက် ယူရိုငွေ ၂ ဒသမ ၅ သန်း (အမေရိကန်ဒေါ်လာ ၂ ဒသမ ရ သန်းနီးပါး) ထောက်ပံ့ထားတယ်လို့ ထုတ်ပြန်ပါတယ်။
EU ရဲ့ အကျပ်အတည်း စီမံခန့်ခွဲရေးမဟာမင်းကြီး Janez Lenarčič (ယန်းနက် လန်နာချိ) က သဘာဝဘေးဒဏ် ခံခဲ့ရတဲ့သူတွေအတွက် အရေးပေါ်အကူအညီတွေ အမြန်ဆုံးပေးဖို့ အရေးကြီးတယ်လို့ မေလ ၂၅ ရက်နေ့က ထုတ်ပြန်တဲ့ကြေညာချက်မှာ ပြောထားပါတယ်။
အမေရိကန်ကလည်း လေဘေးဒုက္ခသည်အတွက် လူသားချင်းစာနာမှုအကူအညီ ဒေါ်လာ ၁၇ သန်းနီးပါး ထပ်တိုးပြီးကူညီမယ်လို့ မေလ ၂၃ ရက်နေ့က ပြောထားပါတယ်။
မြန်မာနိုင်ငံက မိုခါဆိုင်ကလုန်းမုန်တိုင်းသင့် ဒေသတွေကို အကူအညီတွေ သေသေချာချာ ရောက်အောင်လည်း ကူညီပေးရေးလမ်းကြောင်းတွေကို ဖွင့်ပေးဖို့ ကုလလူ့အခွင့်အရေး ဆိုင်ရာအကြီးအကဲ Volker Turk (ဗော်ကာ တာ့ခ်) က မေလ ၂၄ ရက်နေ့က စစ်ကောင်စီကို တိုက်တွန်း တောင်းဆိုထားပါတယ်။