နွမ်းပါးတဲ့ ကလေးသုံးရာကျော်အတွက် ရုန်းကန်နေရတဲ့ ပရဟိတကျောင်း

RFA Burmese
2024.02.09
နွမ်းပါးတဲ့ ကလေးသုံးရာကျော်အတွက် ရုန်းကန်နေရတဲ့ ပရဟိတကျောင်း မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့နယ် ဥယျာဉ်ငယ်ရွာမှ မာဃိန္ဒာရာမ ဥယျာဉ်လေးပရဟိတနှင့် လူငယ်ဖွံ့ဖြိုးရေးကျောင်းတွင် စာသင်ကြားနေသည့် ကလေးငယ်များအား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ဆင်းရဲနွမ်းပါးတဲ့ မိသားစုထဲက ကလေးတွေနဲ့ မိဘမဲ့ကလေးငယ်တွေဟာ ပညာရေးအတွက် ဘကကျောင်း လို့ခေါ်တဲ့ ဘုန်းကြီးကျောင်းတွေမှာ သင်ပေးတဲ့ပညာရေးကို အားကိုးကြရတာများပါတယ်။ အခုတော့ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းဖြစ်လာတဲ့ အကျပ်အတည်းမျိုးစုံကြောင့် ဘကကျောင်းတွေလည်း အခက်အခဲရှိလာနေပါတယ်။

""စာသင်ရတယ် ရွာကျရင် စာမသင်ရဘူး။ လယ်တွေပဲ လုပ်ရတာ။ ဟိုဘက်ကနေရတာ မပျော်ဘူး။ ဒီမှာနေရတာ ပျော်တယ်"

မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့နယ် ဥယျာဉ်ငယ်ရွာက မာဃိန္ဒာရာမ ဥယျာဉ်လေးပရဟိတနဲ့ လူငယ်ဖွံ့ဖြိုးရေးကျောင်းမှာ ကလေးငယ် ၃၀၀ ကျော်ကို ကျွေးမွေးပြုစု စောင့်ရှောက်ထားပါတယ်။

"တစ်ဖြည်းတစ်ဖြည်းနဲ့ သူတို့ရဲ့ အဆက်အသွယ်လေးတွေနဲ့ ဘုန်းဘုန်းကျောင်းကို လာထားကြတာပေါ့။ အရင်တုန်းကလည်း အဆက်အသွယ်တွေရှိတယ်။ အခုလည်းပဲ သူတို့ တောင်ပေါ်ဒေသတွေဆိုတာ ရှားပါးတယ်၊ ဆင်းရဲတယ်၊ မိဘတွေဆိုတာလည်း တစ်ခြမ်းပဲ့၊ နှစ်ခြမ်းပဲ့တွေပေါ့။ အဲလို ပုဂ္ဂိုလ်တွေများတဲ့အခါကျတော့ ဘုန်းကြီးကျောင်းကို ပို့ကြတာပေါ့။ ဒီမှာလည်း ပညာရေးတို့၊ ဘာတို့လည်း ကောင်းမွန်တဲ့အခါကျတော့ ဒီမှာပဲလာပြီးတော့ ပို့ကြတာပေါ့"

မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့နယ် ဥယျာဉ်ငယ်ရွာက မာဃိန္ဒာရာမ ဥယျာဉ်လေးပရဟိတနဲ့ လူငယ်ဖွံ့ဖြိုးရေးကျောင်းရဲ့ နာယကဆရာတော် ဘဒ္ဒန္တမာဃိန္ဒ မိန့်ကြားနေတာပါ။

မြန်မာနိုင်ငံမှာ ဆင်းရဲနွမ်းပါးတဲ့ မိသားစုထဲက ကလေးတွေနဲ့ မိဘမဲ့ကလေးငယ်တွေဟာ ဘကကျောင်းလို့ခေါ်တဲ့ ဘုန်းကြီးကျောင်းတွေမှာ သင်ပေးတဲ့ပညာရေးကို အားကိုးကြရတာ များပါတယ်။

ဆရာတော်မာဃိန္ဒရဲ့ ကျောင်းမှာ ကလေးငယ် ၃၀၀ ကျော်ကို ပညာသင်ကျွေးမွေး စောင့်ရှောက်ထားပါတယ်။ ကလေးအများစုကတော့ ယောက်ျားလေးဆိုရင် ကိုရင်ဘဝ၊ မိန်းကလေးဆိုရင် သီလရှင်ဘဝနဲ့နေပြီး ပညာသင်ကြပါတယ်။

ဒီကျောင်းကို ၁၉၈၈ ခုနှစ်နောက်ပိုင်းကစလို့ ဖွင့်ခဲ့တာကြောင့် သက်တမ်းအနေနဲ့ အနှစ် ၃၀ ကျော်ခဲ့ပါပြီ။

ကျောင်းမှာ ရှမ်း၊ ပအိုဝ်း၊ ပလောင်နဲ့ ဗမာကလေးငယ်တွေအပြင် အဲဒီနားတစ်ဝိုက်ရွာတွေက မွတ်စလင် ကလေးငယ်တချို့လည်း အတန်းပညာသင်နေကြပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း မိုင်းရယ်မြို့နယ် ဖျင့်အယ်ရွာကနေ ရောက်နေတဲ့ မပန်းနုဝါ (ခေါ်) ဆရာလေး ပုဏ္ဏမီက ဒီကျောင်းကိုရောက်နေတာ ၅ နှစ်ရှိပြီလို့ ပြောပြပါတယ်။

"စာသင်ရတယ် ရွာကျရင် စာမသင်ရဘူး။ လယ်တွေပဲ လုပ်ရတာ။ ဟိုဘက်ကနေရတာ မပျော်ဘူး။ ဒီမှာနေရတာ ပျော်တယ်။ ကြီးရင်တော့ ပန်းချီဆရာမ လုပ်ချင်တယ်။ ပုံဆွဲ တော်ချင်တယ်။ သူများပုံ ဆွဲတာလှတယ်။ ကိုယ်လည်း သူတို့လိုမျိုး လှအောင်ဆွဲချင်တယ် ဒါပေမဲ့ မဆွဲတတ်ဘူး"

ဒီပရဟိတ ဘကကျောင်းလေးမှာ ဆရာ၊ ဆရာမ ၁၇ ယောက်ရှိပါတယ်။

ပအိုဝ်းတိုင်းရင်းသူ နန်းစုလှိုင်မိုးဟာ ၅ တန်းကျောင်းသူ ဘဝကတည်းက ဒီကျောင်းကိုရောက်လာပြီး မနှစ်က ဆယ်တန်းအောင်မြင်ခဲ့ပါတယ်။ အဲဒီနောက်တော့ ဆရာ၊ ဆရာမလိုအပ်တဲ့ ဒီကျောင်းလေးမှာ ဆရာတော်ကို ကျေးဇူးပြန်ဆပ်ချင်တာကြောင့် ဆရာမ ပြန်လုပ်နေပါတယ်။

"သူတို့ကို တစ်နှစ်တစ်တန်း အောင်စေချင်တယ်။ ပြီးရင် စာတော်တဲ့ကလေးတွေ ဖြစ်စေချင်တယ်။ အောင်မြင်တဲ့ကလေးတွေ ဖြစ်စေချင်တယ်ရှင့်။ သူတို့ ရည်ရွယ်ချက်က ဆရာဝန်ဖြစ်ချင်တယ်ဆိုရင် ဆရာဝန်ဖြစ်တဲ့အခါ ကိုယ့်ရပ်ကိုယ့်ရွာမှာ ဆရာဝန် လုပ်စေချင်တယ်။ ကျောင်းဆရာ၊ ဆရာမတွေ ဖြစ်လာရင်လည်း ကိုယ့်ရွာမှာ သင်နိုင်သလောက် သင်စေချင်တယ်"

မနှစ်ကတော့ မာဃိန္ဒာဥယျဉ်ကျောင်းမှာ ဆယ်တန်းအထိ သင်ကြားပေးနိုင်ခဲ့ပေမယ့် ဒီနှစ်မှာတော့ အလှူရှင်နည်းပြီး ဘတ်ဂျက်မလုံလောက်လို့ ကိုးတန်းအထိပဲ သင်ပေးနိုင်တော့တယ်လို့ ဆိုပါတယ်။ ကျောင်းဟာ စဉ့်ကိုင်မြို့နဲ့ဆိုရင် ၄ မိုင်လောက် ဝေးပါတယ်။ ကိုရင်လေးတွေ ဆွမ်းခံထွက်လို့ရတာကလည်း သူတို့ တစ်နေ့တာအတွက် မဖူလုံတော့ပါဘူး။

မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့နယ် ဥယျာဉ်ငယ်ရွာမှ မာဃိန္ဒာရာမ ဥယျာဉ်လေးပရဟိတနှင့် လူငယ်ဖွံ့ဖြိုးရေးကျောင်းတွင် စာသင်ကြားနေသည့် ကလေးငယ်များအား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့နယ် ဥယျာဉ်ငယ်ရွာမှ မာဃိန္ဒာရာမ ဥယျာဉ်လေးပရဟိတနှင့် လူငယ်ဖွံ့ဖြိုးရေးကျောင်းတွင် စာသင်ကြားနေသည့် ကလေးငယ်များအား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

အမေနဲ့ အစ်မက ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေရပြီး သူတို့ ညီအစ်ကိုက ဒီမှာကျောင်းနေတယ်လို့ ကိုရင်ရှင်ဇောတိစာရက ပြောပါတယ်။

"ကျွန်တော့် အမေကတော့ အိမ်ဖော်ပေါ့။ ထိုင်းမှာသွားနေပြီး အိမ်ဖော်လုပ်တာ၊ အစ်မရောပဲဗျ။ ညီမလေးကတော့ ရွာမှာပေါ့။ ညီလေးကတော့ ကျွန်တော်နဲ့ ဒီမှာရှိတယ်ဗျ။ ကုသိုလ်ရှင်တွေ မလာတဲ့ရက်ဆို ဘုန်းဘုန်းကိုယ်တိုင် ချက်ကျွေးတာပေါ့။ မနက်တိုင်း ကိုယ်ရင်တွေ ဆွမ်းခံထွက်လို့ရတဲ့ ဟင်းတွေက မနက်စာပဲလောက်တာလေ။ ကျန်တဲ့ နေ့လယ်စာ၊ ညစာတွေက ဘုန်းကြီး ချက်ကျွေးတာ။ ဒါထဲက အလှူရှင်တွေ၊ ကုသိုလ်ရှင်တွေရှိရင်တော့ ဟင်းကောင်းနဲ့ စားရတာပေါ့"

အခုနောက်ပိုင်းမှာ စစ်ဘေးဒုက္ခသည် ကလေးတွေနဲ့ ဆင်းရဲနွမ်းပါးတဲ့ ကလေးငယ်တွေ ပိုပြီးရောက်လာတယ်လို့ ဆရာတော်က မိန့်ပါတယ်။

"အခုကျတော့ ကျောင်းသားဦးရေက ပိုလည်းများလာတယ်။ ကိုဗစ်တုန်းက ကျောင်းသား နှစ်ရာကျော်လောက်ပဲ ရှိတဲ့အခါကျတော့ ကိုဗစ်ကာလလည်းဖြစ်နေတော့ ဘုန်းဘုန်းက ကုသိုလ်ရှင်တွေဘာတွေလည်း အဝင်မခံဘူးလေ။ နှစ်လလောက် တံခါးပိတ်ပြီး ဒီကလေးတွေကို ကျွေးတဲ့အခါမှာ ကိုယ့်ဆွမ်းခံတဲ့ ကားလေးတောင် ပြုတ်သွားတယ်။ ဆွမ်းကွမ်းကတော့ နံပါတ်တစ် လိုအပ်ချက်၊ နောက် ဆရာ၊ ဆရာမတွေ ပညာဒါန လစာအတွက်ကလည်း တော်တော်လေး လိုအပ်ချက်ရှိတယ်။ ကလေးတွေရဲ့ ကျန်းမာရေးအတွက် ဆေးခန်းလေးတွေတို့၊ ဆေးဝါးလေးတွေတို့ ဒါလေးတွေလည်း ဘုန်းဘုန်းအနေနဲ့ကတော့ တော်တော်လိုအပ်ချက်ရှိတယ်ပေါ့"

ကလေးတွေ ကျောင်းပညာရေး ဆုံးခန်းတိုင်သွားတဲ့အခါမှာလည်း ကိုယ့်ဘဝကိုယ်ရပ်တည်နိုင်အောင် သူ့အနေနဲ့ ဒီထက်ပိုပြီး ပံ့ပိုးပေးချင်တယ်လို့ ဆရာတော် ဘဒ္ဒန္တမာဃိန္ဒက မိန့်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။