အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်တော်လှန်တဲ့ ဆိုင်းပညာရှင်
2024.06.02
“ အစ်ကို့ကို စစ်ကား လေး၊ငါးစီးနဲ့ စစ်သားအယောက်ပေါင်း လေး၊ငါးဆယ်လောက်နဲ့ အိမ်ကို ဝင်ဖမ်းတာပေါ့။ ဝိုင်းဖမ်းတော့ ကံကောင်းလို့ ဖရဲသီးပေါ့နော်။ ဖရဲသီးရဲ့ ကျေးဇူးကြောင့် ၁၅ မိနစ်၊ မိနစ် ၂၀ လောက် လက်မတင်လေး လွတ်သွားတယ်ပေါ့။ အဲဒီကနေစပြီးတော့ ငါတို့တော့ နေလို့ မရတော့ဘူး။ နေလို့မရတဲ့အခါမှာ ၂၀၂၁ ၈ လပိုင်း ၉ ရက်နေ့မှာ အစ်ကိုထွက်လာခဲ့တယ် “
ဆိုင်း၊ ပတ္တလားနဲ့ စန္ဒရားရွှေတံဆိပ်ဆုများရှင် ကိုဖိုးသင်္ကြန်ပါ။
စစ်တပ်အာဏာသိမ်းပြီးတည်းက သူတတ်ကျွမ်းတဲ့ အနုပညာနဲ့ တော်လှန်ခဲ့တာကြောင့် စစ်တပ်ရဲ့ ပိုက်စိပ်တိုက်ရှာဖွေတာကို ခံခဲ့ရသူပါ။ အမျိုးသမီးဖြစ်သူကလည်း ယဉ်ကျေးမှုဝန်ကြီးဌာနရဲ့ ဦးစီးအရာရှိဖြစ်ပြီး အစောဆုံး CDM ဝင်ခဲ့တဲ့သူပါ။ ဒါကြောင့် လွတ်မြောက်နယ်မြေကို သူတို့မိသားစု တိမ်းရှောင်ခဲ့ကြရပါတယ်။
“အစ်ကို့ သူငယ်ချင်း တိုင်းကျော်ပေါ့နော်။ သူတို့တော်လှန်အငြိမ့်ဆို စလုပ်တဲ့အခါမှာ ရန်ကုန်ကနေ အစ်ကို တောက်လျှောက်တီးပေးနေတာ။ အစ်ကို့ကားနံပါတ်ကို မှတ်မိနေလို့ အစ်ကို့ကားကို ထားခဲ့ပြီးတော့ ပုံဖျက်ပြီးတော့ တက္ကစီနဲ့သွားရတယ်၊ ကိုယ်က အနုပညာတတ်တာ ဖြစ်တဲ့အတွက် အနုပညာနဲ့တော်လှန်ရတာ ပြောစရာမလိုအောင် ကိုယ့်ရဲ့တာဝန်လို့ မြင်တယ်။”
ဆိုင်းတီးတဲ့ အလုပ်ဆိုတာဟာ မြန်မာ့ယဉ်ကျေးမှုအနုပညာတွေထဲက ခက်ခဲနက်နဲတဲ့ ပညာရပ်တစ်ခုလည်း ဖြစ်ပါတယ်။ ကိုဖိုးသင်္ကြန်အတွက် ဆိုင်းပညာရဲ့ လက်ဦးဆရာဟာ သူ့ရဲ့ ဖခင်လည်း ဖြစ်လို့နေပါတယ်။
“အဖေ့ရဲ့ နည်းစနစ်ကောင်းကောင်းနဲ့ သင်ပေးတဲ့ ကျေးဇူးကြောင့်ပဲ။ ပတ်လုံးလေး စီတယ်။ပတ်လုံးလေးရဲ့ အလယ်ကို လက်ဆိုရင် ဘယ်လို၊ လက်အဆစ်ထိပဲ သွင်းရမယ်။ ကျော်ပြီးတီးလို့မရဘူး။ အဲဒါတွေ စနစ်တကျသင်ပေးတယ်"
မြန်မာ့ဆိုင်းလို့ ပြောလိုက်ရင် အများစုက ဗမာလူမျိုးတွေနဲ့သာ ဆိုင်တယ်လို့ ထင်နေကြပေမဲ့ တကယ်တမ်းတော့ ဆိုင်းဝိုင်းတစ်ခုမှာ မြန်မာနိုင်ငံက လူမျိုးစုတွေရဲ့ တူရိယာတွေ ပါဝင်နေတာလို့လည်း သူက အဓိပ္ပာယ်ဖွင့် ပါတယ်။
“ ဆိုင်းဝိုင်းပေါ့နော်၊ ဗမာလူမျိုး၊ ဒီဘက်က ပတ်မကြီးရှိတယ်၊ စခွန့်ရှိတယ် ရှမ်းဒိုးတွေဘာတွေ တီးမယ် ဆိုလို့ရှိရင် စခွန့်နဲ့တီးတယ်ပေါ့၊ ဒါရှမ်းလူမျိုးစုရဲ့ ကိုယ်စားပြု၊ ဆိုင်းဆရာရဲ့ ညာဘက်ကိုကြည့်မယ်ဆိုရင် ကြေးနောင်ရှိတယ်၊ မောင်းရှိတယ်ပေါ့နော်၊ ကြေးနောင်ဆိုရင် မွန်လူမျိုးတွေရဲ့ အထင်ကရ တူရိယာ ဖြစ်တယ်၊ ကရင်မှာဆို ဒုံးဆိုရင် နှဲနဲ့ အိုးစည်နဲ့သွားတာ၊ ဆိုင်းမှာလည်း အဲလိုစည်တိုကြီးတွေနဲ့ သံစုံတီးဝိုင်းလို သွားတဲ့ဟာ ဒါက ရခိုင်ကို ကိုယ်စားပြုတာပေါ့။”
သူဟာ စစ်အစိုးရလက်ထက်မှာ နှစ်စဉ်ကျင်းပခဲ့တဲ့ ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲတွေကို ၁၉၉၆ သူ့အသက် ၆ နှစ် ကတည်းက ဆိုင်း,စပြိုင်ခဲ့ပြီး အဲနှစ်မှာပဲ ရွှေတံဆိပ်ဆု စတင်ရခဲ့ကာ ၂၀၀၄ အထိ ၈ နှစ်အတွင်း ဆိုင်း၊ ပတ္တလားနဲ့ စန္ဒရား စတာတွေမှာ ရွှေ ၁၅ ဆု အပါအဝင် စုစုပေါင်း ၁၉ ဆု ရရှိထားသူပါ။
“စစ်အစိုးရ လက်ထက်မှာ အစ်ကိုတို့ ဆို၊ က၊ ရေး၊ တီး ပြိုင်တော့ ဆုတွေအများကြီးရခဲ့တယ်၊ ဦးခင်ညွန့်ဆိုလည်း သားဘာလိုချင်လဲ၊ ကြိုက်တာပြော၊ လိုချင်တဲ့ဟာကို အစ်ကို့ကို ပေးတယ်၊ ဒါကတော့ အစ်ကိုနဲ့ ရင်းရင်းနှီးနှီးနေခဲ့တဲ့ Player တွေ၊ အစ်ကို့ အကြောင်းသိတဲ့ အနုပညာရှင်တွေ အားလုံးသိပါတယ်၊ ဘာအခွင့်အရေးတစ်ခုမှ ယနေ့အချိန်ထိ ယူခဲ့ခြင်း ဘာမှမရှိဘူး။“
သူဟာ ဆယ်တန်းကို ဂုဏ်ထူး သုံးဘာသာနဲ့ အောင်မြင်ခဲ့ပြီး သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်ကိုလည်း နောက်ဆုံးနှစ်အထိ တက်ရောက်ခဲ့သူပါ။ ဒါပေမဲ့ အခြေနေအကြောင်းကြောင်းကြောင့် ဆိုင်းပညာကိုပဲ ဘဝအတွက် ရွေးချယ်ခဲ့ရတယ်လို့ ကိုဖိုးသင်္ကြန်က ပြောပါတယ်။
အခုချိန်မှာတော့ သူဟာလွတ်မြောက်နယ်မြေမှာ သူတတ်ကျွမ်းတဲ့ အနုပညာနဲ့ တော်လှန်ရေးအတွက် တစ်ဖက်တစ်လမ်းကနေ ရန်ပုံငွေတွေ ရှာဖွေပေးနေပါတယ်။
“အစ်ကိုတို့ဆိုင်းတီးခဲ့တဲ့နေရာတွေ၊ အစ်ကိုတို့ကို ထမင်းကျွေးခဲ့တဲ့နေရာတွေဆိုလည်း စုတ်ပြတ်သတ်ပြီးတော့ မမှတ်မိလောက်အောင်ကို နာမည်ပဲ သိတော့တယ်။ နေရာတွေ မမှတ်မိလောက်အောင်ကို ဖြစ်သွားတဲ့နေရာတွေ အများကြီးပဲ။ ပြောပြရင် ကုန်မှာမဟုတ်ဘူး။ ဒီကောင်တွေကို အနိုင်တိုက် အပြတ်ဖြုတ်ရမယ်ဆိုတာ စိတ်ကဝင်သွားပြီ၊ ရှင်းပါတယ်။”
သုံးနှစ်ဆိုတဲ့ အချိန်ကာလတစ်ခုဟာ ပုံမှန်ဆို ဘာမှမကြာလိုက်သလိုဖြစ်ပေမဲ့ သူ့အတွက်တော့ ရုပ်ပိုင်းရော စိတ်ပိုင်းရော ကြီးမားတဲ့ အပြောင်းအလဲကြီးတစ်ခု ဖြစ်ခဲ့ရတာပါ။ ဒါပေမဲ့ နောင်တတော့ မရဘူးလို့ သူက ဆိုပါတယ်။
“သားသမီးထဲမှာလည်း အငယ်ဆုံးဆိုတော့ အစ်မကအစ အစ်ကို့ကို အမေလို ထမင်းစားမယ်ဆို လက်ဆေးဖို့ကရှေ့အရောက်၊ မျက်နှာသစ်မယ်ဆို ခွက်နဲ့ သဘက်နဲ့ အကုန်လုံးက အဆင်သင့်ပေါ့နော်၊ ဘဝက အကုန်လုံးပြောင်းလဲသွားတဲ့အခါ၊ နောင်တရတာတော့ မရှိပါဘူး"
အာဏာသိမ်းစစ်တပ်ကို လူတန်းစားပေါင်းစုံ၊ အလွှာပေါင်းစုံက ပြည်သူပြည်သားတွေ စုပေါင်းပြီး ဝိုင်းဝန်း တော်လှန်နေကြသလို တော်လှန်ရေးကြီး အောင်သွားတဲ့အခါမှာလည်း အသီးအပွင့်တွေကို အတူတူ မျှဝေခံစားကြဖို့ သူက မျှော်လင့်နေပါတယ်။
“တို့လူမျိုးစုတွေအကုန်လုံး စည်းစည်းလုံးလုံးနဲ့ အနစ်နာခံတော့လည်း အကုန်ခံကြမယ်။ သူကြက်သားဟင်းနဲ့ စားရင် ငါလည်း ကြက်သားဟင်းနဲ့စားမှာပေါ့။ သူရထားစီးရင် ငါလည်း ရထားတိုးစီးမယ်။ အဲဒီလိုမျိုး တန်းတူညီမျှလေး အစ်ကိုတို့က မြင်ချင်တာဖြစ်တဲ့အတွက် အားလုံးကို မေတ္တာလည်းရပ်ခံတယ်။ ဖြစ်လိမ့်မယ်လို့လည်း ယုံကြည်ပါတယ်။ အားလုံးညီညီညာညာနဲ့ ပြန်လည်ထူထောင်ရေးကာလမှာ လုပ်ကြမယ်ဆိုရင် မြင်ခွင့်ရမယ်လို့လည်း ပြောကြားပါရစေ”