ပျောက်ကွယ်မှာ စိုးရိမ်နေရတဲ့ မြန်မာ့ရုပ်သေး

RFA Burmese
2023.10.08
ပျောက်ကွယ်မှာ စိုးရိမ်နေရတဲ့ မြန်မာ့ရုပ်သေး မြန်မာ့ရိုးရာ ရုပ်သေးမင်းသမီးရုပ်တစ်ရုပ်အား ကြိုးဆွဲဖျော်ဖြေနေသည့် မြင်ကွင်းတစ်ခု။
RFA

လွန်ခဲ့တဲ့ ၁၈ ရာစုလောက်ကတည်းကရှိခဲ့တဲ့ မြန်မာ့ကြိုးဆွဲရုပ်သေးအနုပညာဟာ ကမ္ဘာ့အလယ်မှာ ဂုဏ်ယူဝင့်ကြွားရတဲ့ ဉာဏပစ္စည်းတစ်ခုပါ။

မြန်မာဘုရင်တွေလက်ထက်က ဇာတ်၊ အငြိမ့်၊ ရုပ်သေးဆိုပြီး သဘင်သုံးမျိုးရှိတဲ့အထဲက အမြင့်သဘင် လို့ခေါ်တဲ့ ရုပ်သေးဟာ သဘင်လောကမှာ အနက်ရှိုင်းဆုံးပညာရပ်တစ်ခုလို့ သဘင်ပညာရှင်တွေက မှတ်ယူကြပါတယ်။

မြန်မာပြည်မှာ ဖွံ့ဖြိုးတိုးတက်မှု နှေးကွေးတဲ့ခေတ်တွေ ရောက်လာတဲ့အခါမှာတော့ မြန်မာ့ရုပ်သေးသဘင်ရဲ့ အခန်းကဏ္ဍဟာလည်း မှေးမှိန်နေခဲ့ရပါတယ်။ ဒီကြားထဲမှာပဲ ရှေးဟောင်းယဉ်ကျေးမှုတွေရှိနေသေးတဲ့ မန္တလေးမြို့မှာ မြန်မာ့ရုပ်သေးကြိုးဆွဲပညာနဲ့ ပြည်ပဧည့်သည်တွေကိုဖျော်ဖြေပြီး ဘဝရပ်တည်ကြတဲ့ ပညာရှင်တွေရှိနေပါသေးတယ်။

အဲဒီထဲမှာ ကိုစိုးရန်နောင်လည်း အပါအဝင်ပါ။ အခုတော့ ကိုဗစ်ကပ်ရောဂါဖြစ်တဲ့အချိန်ကစလို့ ရုပ်သေးလောကနဲ့ အလှမ်းဝေးခဲ့ရတာ အခုချိန်ထိပါပဲ။

သူက ရုပ်သေးကြိုးဆွဲတာအပြင် ကိုယ်တိုင်ကလည်း မြန်မာအကမှာပါကျွမ်းကျင်တဲ့အတွက် နယ်မြို့တွေကိုသွားပြီး မင်းသားအကနဲ့ ဖျော်ဖြေတဲ့အခါ ရုပ်သေးတွေပါ သယ်သွားတယ်လို့ဆိုပါတယ်။ ဒါပေမဲ့ နယ်တွေရောက်တဲ့အခါ ရုပ်သေးပညာနဲ့ ဖျော်ဖြေတဲ့အခါတွေမှာတော့ ပရိသတ်ရဲ့အားပေးမှု သိပ်မတွေ့ရဘူးလို့ပြောပါတယ်။

"နိုင်ငံခြားသားတွေ ဖျော်ဖြေရတာက ပိုပြီးအဆင်ပြေတယ်။ တစ်ပုဒ်ပြီးတစ်ပုဒ်ကပြီဆိုရင် သူတို့တွေက အလွန်အားပေးတာ၊ လက်ခုပ်တွေ တီးကြတာဆိုတော့ ကိုယ့်ကိုအားပေးတယ်။ ကိုယ့်မြန်မာ့ရိုးရာ ယဉ်ကျေးမှုကို သဘောကျ နှစ်သက်တယ်ဆိုတော့ ကိုယ်က စင်ပေါ်ကနေကပြရတာက အားရှိတယ်။ နယ်တွေမှာ ကပြရင် မြန်မာတွေက လက်ခုပ်တီးတာတွေ မရှိဘူး။ ရုပ်သေးကို အခုမှမြင်ဖူးတာလား၊ အရင်က မြင်ဖူးလို့လား မသိဘူးပေါ့။ လက်ခုပ်လဲမတီးဘူး အားလဲမပေးဘူး။ ကိုယ့်ကိုအားပေးသလား အားမပေးသလားဆိုတာ မဝေခွဲတတ်တာပေါ့။ ရုပ်သေးက ဆက်ပြီးက ရမလား၊ လူကိုယ်တိုင်ပဲ ကရမလား၊ သီချင်းပဲဆိုရမလား မသိဘူးပေါ့နော်"

ဒါကြောင့် ကိုစိုးရန်နောင်ဟာ သူတတ်တဲ့ပညာကို မေ့ထားပြီး ဝမ်းရေးအတွက် ကွမ်းရွက်အရောင်းအဝယ်လုပ်ရင်း ဘဝကို ရပ်တည်နေရပါတယ်။

သူ့လိုပဲတစ်ချိန်က ရုပ်သေးကြိုးဆွဲပညာနဲ့ရပ်တည်ခဲ့တဲ့သူတွေလည်း တစ်ခြားအဆင်ပြေတဲ့အလုပ်ကို ပြောင်းလဲ လုပ်ကိုင်နေကြရတယ်လို့ သူကပြောပါတယ်။

မြန်မာ့ရိုးရာ ရုပ်သေးရုပ် ပြင်ဆင်ထုတ်လုပ်သည့် လုပ်ငန်းခွင်တစ်ခုအား တွေ့မြင်ရစဉ်။ (Photo: RFA)
မြန်မာ့ရိုးရာ ရုပ်သေးရုပ် ပြင်ဆင်ထုတ်လုပ်သည့် လုပ်ငန်းခွင်တစ်ခုအား တွေ့မြင်ရစဉ်။ (Photo: RFA)

မြန်မာ့ရုပ်သေးသဘင် မှေးမှိန်လာတာကြောင့် ရုပ်သေးရုပ်လုပ်တဲ့လုပ်ငန်းတွေလည်း နည်းပါးလာခဲ့ရပါတယ်။ ထုတ်လုပ်တဲ့သူတွေဟာ ကြိုးဆွဲရုပ်သေးတွေထက် ရောင်းတန်းဝင်တဲ့ အလှရုပ်သေးတွေကိုပဲ အဓိကထုတ်လုပ် ရောင်းချနေရတာပါ။ ဒီကြားထဲမှာ ကိုဗစ်ကပ်ရောဂါနဲ့ နိုင်ငံရေးမတည်ငြိမ်မှုကြောင့် ပြည်ပဧည့်သည်မရှိသလောက် ဖြစ်သွားတာဟာ ရုပ်သေးလောကကို ပိုပြီးအရှိုက်ထိစေတယ် လို့ ပြောကြပါတယ်။

ရုပ်သေးလုပ်ငန်းကို မိသားစုစီးပွားရေးအဖြစ်နဲ့ အနှစ် ၃ဝ နီးပါး လုပ်နေတဲ့ ဦးသိန်းဝင်းဟာ ပြည်ပဧည့်သည် ရှားပါးသွားတဲ့ အချိန်မှာတော့ ပြည်တွင်းက မှာတဲ့သူတွေအကြိုက် အလှရုပ်သေးလေးတွေကိုပဲ လုပ်နေရပါတယ်။

"ဒါပြီးရင် နောက်အော်ဒါရှိပါ့မလားဆိုပြီး စိုးရိမ်စိတ်တော့ရှိတာပေါ့။ အော်ဒါကတော့ မပြတ်ပါဘူး။ ခေတ်ကောင်းတဲ့ အချိန်တုန်းကတော့ မစိုးရိမ်ရဘူးပေါ့။ ရုပ်သေးကိုယ်တွဲ လုပ်တဲ့သူတွေဆိုရင်ပြောတယ်။ ကျွန်တော်တို့က အသားရှိရင် အားရှိတယ်။ သူတို့က ကျွန်းသားကို ကားတစ်စီးတိုက်လောက် ဝယ်ထားလိုက်တာ။ အော်ဒါမရှိသေးလည်း သူတို့က အားရှိတယ်။ အော်ဒါရှိတဲ့အချိန် ဒါတွေက ငွေဆိုတာသိတယ်လေ။ ကျွန်တော်တို့လဲ ဒီအတိုင်းပဲပေါ့။ ခေတ်ကောင်းနေရင် ကျွန်တော်တို့က မကြောက်ဘူး။ ဘာလို့ဆို ပွင့်လင်းရာသီရောက်တဲ့အချိန် ဧည့်လာတဲ့အချိန် အဆင်ပြေပြီပဲပေါ့။ အခုဟာကကျတော့ သို့လော သို့လောလေးပေါ့"

အရင်ကတော့ ရောင်းတန်းဝင် မြန်မာ့ရုပ်သေး အလှရုပ်တွေကို နိုင်ငံခြားက များများစားစားမှာယူတာကြောင့် လက်မလည်အောင် လုပ်ခဲ့ရတယ်လို့ ဆိုပါတယ်။

မြန်မာ့ရိုးရာ ရုပ်သေးရုပ်ပြုလုပ်သည့် လုပ်ငန်းခွင်တစ်ခုအား တွေ့မြင်ရစဉ်။ (Photo: RFA)
မြန်မာ့ရိုးရာ ရုပ်သေးရုပ်ပြုလုပ်သည့် လုပ်ငန်းခွင်တစ်ခုအား တွေ့မြင်ရစဉ်။ (Photo: RFA)

ရုပ်သေးလုပ်ငန်းနဲ့ မိသားစုစားဝတ်နေရေး မဖူလုံတော့လို့ လုပ်ငန်းရပ်ဆိုင်းလိုက်ကြတဲ့သူတွေလည်း ရှိလို့ ရုပ်သေးပန်းပုပညာရှင် ဦးထွန်းနိုင်က ပြောပါတယ်။

"အရင်တုန်းကတော့ မန္တလေးမှာ တော်တော်များတယ်။ ဆယ်ဦးလောက်ကတော့ အနည်းဆုံးရှိတယ်။ ရုပ်သေးကိုယ်တွဲ အသေးလုပ်တာတွေရောပေါ့။ ဒီ Professional ကရုပ် လုပ်တဲ့သူကတော့ နည်းတာ ပေါ့ နှစ်ဦး သုံးဦးလောက်ပဲရှိမယ်။ လောလောဆယ် ဒီမှာအလုပ်မဖြစ်တော့ ဒီပြင်လုပ်ငန်းတွေ ပြောင်းကုန်ကြတာပေါ့"

ကုန်ကြမ်းပစ္စည်းစျေးတွေ မြင့်တက်နေတာကြောင့်လည်း လုပ်ငန်းမပြတ်ရုံသာ လုပ်နေကြရတယ်လို့ ရုပ်သေးလုပ်ငန်းရှင် တစ်ယောက်ဖြစ်တဲ့ ဦးသိန်းဝင်းကပြောပါတယ်။

"ဟိုအရင်တုန်းကတော့ လုပ်ငန်းတွေအလွန်ကောင်းတယ်ဆိုလို့ရင် ကိုယ့်မိသားစုတင်မကဘူး၊ အလုပ်သမားပါ ခေါ်ရတာ။ လုပ်ငန်းကောင်းအောင် အချိန်လေးကောင်းဖို့ပဲ လိုတာပေါ့။ လူတွေ စိတ်ဝင်စားအောင် ကျွန်တော်တို့ ရုပ်သေးလေးတွေကို အားပေးကြပါဆိုတာထက် သူတို့အား ပေးလာအောင် ကျွန်တော်တို့ ကြိုးစားရမှာ။ အဲဒီလို ကြိုးစားဖို့လည်း ကျွန်တော်တို့မှာ အားအင်ရှိတယ်ပေါ့နော်။ တကယ်လို့ ခေတ်အခြေအနေလေးကောင်းသွားရင်တော့ ရုပ်သေးမျိုးဆက်လေး တွေ ထားနိုင်အောင်၊ ရုပ်သေးကို လူတိုင်းစိတ်ဝင်စားလာအောင်လုပ်ဖို့ ကျွန်တော်တို့မှာ အစီအစဉ် ရှိပါတယ်"

လက်ရှိအခြေအနေအရ မြန်မာ့ရုပ်သေးလောက တဖြည်းဖြည်းမှေးမှိန်နေရာကနေ ပျောက်ကွယ်သွားမှာကို စိုးရိမ်နေကြရပါတယ်။

မြန်မာ့အနုပညာရပ်တွေ ပေါင်းစုံတဲ့ မြန်မာ့ရုပ်သေး ဆက်လက်ရှင်သန်တည်တံ့နိုင်ဖို့ ရုပ်သေးနဲ့ သက်ဆိုင်တဲ့သူတွေအပြင် မြန်မာပြည်သူတွေကပါ ရုပ်သေးအနုပညာကို ပိုပြီးတန်ဖိုးထားပေးဖို့ ပညာရှင်တွေက မျှော်လင့်အားကိုးနေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။