ထိုင်းရောက် မြန်မာအလုပ်သမားတွေ ဒီမိုကရေစီအရေးအတွက် ဘယ်လိုပံ့ပိုးနေကြသလဲ

2022.09.09
ထိုင်းရောက် မြန်မာအလုပ်သမားတွေ ဒီမိုကရေစီအရေးအတွက် ဘယ်လိုပံ့ပိုးနေကြသလဲ ထိုင်းနိုင်ငံရှိ မြန်မာအထည်ချုပ်လုပ်ငန်းတစ်ခုမှာ လုပ်ကိုင်နေကြသူများကို တွေ့ရစဉ်
Photo: RFA

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ထိုင်းနိုင်ငံကို မြန်မာတွေ ပိုမိုဝင်ရောက် လာကြပြီး ရရာအလုပ်တွေကို လုပ်ကိုင်နေကြပါတယ်။ သူတို့ရတဲ့ဝင်ငွေက တစ်လကို ဘတ်ငွေ တစ်သောင်းခွဲဝန်းကျင်လောက်ပဲရှိတဲ့အတွက် များလှတာ မဟုတ်ပေမယ့်လည်း မြန်မာအလုပ်သမားအများအပြားဟာ သူတို့ ပင်ပင်ပန်းပန်း ရှာဖွေရရှိတဲ့ ဝင်ငွေ တစ်စိတ် တစ်ပိုင်းကို မြန်မာပြည် ဒီမိုကရေစီပြန်လည်ရရှိရေးအတွက် လှူဒါန်းနေကြပါတယ်။ NUG အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ချိတ်ဆက်လှုပ်ရှားနေတဲ့ မြန်မာဖယ်ဒရယ် ဒီမိုကရေစီ အောင်နိုင်ရေးအဖွဲ့ပေါင်းချုပ် MFDMC မှာပါဝင်တဲ့ အဖွဲ့တစ်ခုကတော့ ဘန်ကောက်မြို့ အခြေစိုက် KTJ Supporting Group အဖွဲ့ဖြစ်ပါတယ်။ အဖွဲ့ဝင် တစ်ထောင်ကျော်ရှိပြီး တစ်လကို ဘတ်ငွေ ၃ဝဝ စီထည့်ဝင်နေကြတဲ့အတွက် လက်ရှိမှာ NUG ကို ဘတ်ငွေ သုံးသိန်းလောက် လစဉ်ထောက်ပံ့နိုင်တယ်လို့ ဆိုပါတယ်။ အဖွဲ့ဝင်တွေထဲမှာ ဘန်ကောက် မြို့လယ်ကနေ မိုင် ၂ဝ လောက်အဝေးမှာရှိတဲ့ ပက်ကဆင်လမ်းပေါ်က အထည်ချုပ် လုပ်ငန်းရှင် ကိုဌေးနိုင်ဦးနဲ့ ဇနီး မခိုင်တို့လည်း ပါဝင်ပါတယ်။

မေး - မခိုင်က အခု ဒီအမျိုးသားညီညွတ်ရေးအစိုးရကို ဒီလိုရန်ပုံငွေ ထောက်ပံ့တဲ့ လုပ်ငန်းကို ဘာကြောင့်လုပ်ကိုင်တာလဲခင်ဗျ။

ဖြေ - ဘာကြောင့်လုပ်ကိုင်တာလဲဆိုတော့ အာဏာသိမ်းထားတာလည်းမကြိုက်ဘူး။ အရင်တုန်းက ၈၈တုန်းက ကျနော်တို့အသက်က ဆယ်နှစ်ပေါ့နော်။ ကျောင်းတက်နေတဲ့ အရွယ်မှာ သူတို့က အာဏာသိမ်းဖူးတဲ့အခါ ဆန္ဒတွေပြတယ်ဆိုတော့ အဲတုန်းကလည်း ကိုယ်ကလည်း အဲတိုင်းပဲမခံနိုင်ဘူး လိုက်ပြီးတော့ ဆန္ဒတွေလိုက်ပြတယ်။ အဲလိုဆို အမေကတော့လေ နင်ကလေးဖြစ်ပြီးတော့ တုတ်နဲ့ရိုက်မယ် ဘာမယ် အဲလိုမျိုး လူကြားထဲမှာ ညပ်မှာစိုးလို့ဆိုပြီးတော့ ပြန်ပြန်ခေါ်ထားတယ်ပေါ့နော်။ အဲတုန်းတည်းက မကြိုက်တာ၊ အခုကျတော့ ပိုပြီးတော့ဆိုးသွားတာပေါ့။ သူတို့တွေက မဲခိုးတာလည်း မဟုတ်ဘဲနဲ့ မဲခိုးတယ်၊ မဲခိုးတယ်အကြောင်းပြပြီးတော့ လျှောက်ပြီးတော့ လုပ်တာ ပေါ့နော်။ ကျနော်တို့တွေလည်း ဒီလိုပဲ သတင်းတွေဆို အမြဲတမ်းနားထောင်တယ်။ ပြီးရင် ကိုယ့်ပတ်ဝန်းကျင်မှာလည်း စစ်သားမိသားစုလိုမျိုးပေါ့နော်၊ အဲလိုမျိုးရင်းနှီးတဲ့ သူတွေလည်းရှိတယ်ဆိုတော့ သူတိူ့အကြောင်းတွေ သိတာပေါ့။ အဲဒါကြောင့်မို့လို့ မခံနိုင်ဘူး။ တစ်ထောင့်တစ်နေရာကနေ နည်းနည်းပဲဖြစ်ဖြစ်ပေါ့နော်၊ နှမ်းစေ့တစ်စေ့ လောက်ပဲဖြစ်ဖြစ် ကိုယ့်ဘက်ထဲက ဘယ်သူ့မှ သိသိမသိသိ ကိုယ်လုပ်လိုက်ရမှ အဲလိုမျိုး။ စပြီးတော့မှ အာဏာသိမ်းတဲ့မနက်တည်းက သတင်းမှာတွေ့လိုက်တည်းက စိတ်တွေ တော်တော်ထိခိုက်ပြီးတော့မှ ငိုတာပေါ့နော်၊ မျက်ရည်တောင်ကျတယ်။ အဲလိုမျိုး ဖြစ်ပြီးတော့မှ ဒီလိုမျိုးကြီးလုပ်တာ မတရားဘူးဆိုပြီးတော့ အဲလိုမျိုးခံစားရတယ်ပေါ့။ အခုချိန်ထိခံစားရတုန်းပဲ။ အဲတည်းက အရင်တုန်းကဆို ဘုရားတရားလုပ်တာမှ အခုတောင် ဖြောင့်ဖြောင့်မလုပ်နိုင်တော့ဘူး။

မေး - အလုပ်သမားဘယ်လောက်ရှိလဲ မခိုင်ဆီမှာ။

ဖြေ - အလုပ်သမားက (၁၈)ယောက် ရှိပါတယ်။

မေး - အဲဒီ(၁၈) ယောက်တည်းကနေ ဘယ်နှစ်ဦးလောက်က ထောက်ပံ့ကြသလဲ လစဉ်။

ဖြေ - တချို့ကျတော့လည်း သုံးရာစီပေးတယ် တချို့ကျတော့လည်းပဲ တစ်ရာပဲ ပေးပါတယ်။ (၁၅)ယောက်လောက်ကတော့ လစဉ်ထောက်ပံ့ပါတယ်။ ကျန်တဲ့သူတွေက ကျတော့ သူတို့ညီအကို၊ မောင်နှမတွေဆိုတော့ အတူတူပဲ ဒီထဲပဲရောပြီးတော့ ထည့်တဲ့သဘောဖြစ်မှာပါ။

မခိုင်တို့ အထည်ချုပ်လုပ်ငန်းမှာ မြန်မာနိုင်ငံ အနှံ့အပြားက လူငယ်တွေကို RFA က တွေ့ခဲ့ရပါတယ်။

မခိုင်ရဲ့ ခင်ပွန်း ကိုဌေးနိုင်ဦးကလည်း ဒီမိုကရေစီရရင် မြန်မာပြည်မှာ ဒီလုပ်ငန်းကို ထူထောင်မယ်၊ အခုတော့ NUG ကို ထောက်ပံ့မယ်လို့ ပြောပါတယ်။

"မြန်မာပြည်ပြန်ဖို့လုပ်ထားရင်းနဲ့ ကျနော်တို့က စက်တွေဘာတွေ အကုန်လုံး ဝယ်ထားပြီးတော့ မြန်မာပြည်မှာ ကျနော်တို့ အခြေပြန်ချမယ်ပေါ့။ အဲလိုမျိုးလုပ်ထားတဲ့ အခါကျတော့ အခုလိုအာဏာလည်း သိမ်းလည်းသိမ်းလိုက်ရော ကျနော်တို့က မြန်မာပြည် မပြန်ဖြစ်တော့ဘူး။ မြန်မာပြည် မပြန်တော့ဘဲ ဒီမှာပဲ ကျနော်တို့ အခြေချ လိုက်တာပေါ့နော်။ အကယ်၍ပေါ့ မြန်မာပြည်မှာ ဒီမိုကရေစီရမယ်ဆိုရင် ကျနော်တို့ ဒီမိုကရေစီရတဲ့နေ့ ကျနော်တို့ ပြန်တဲ့နေ့ပဲပေါ့နော်။ အခုက ကျနော်တို့က ဒီမှာ ကြိုးစားပမ်းစားနဲ့ လုပ်နေတယ်။လုပ်လို့ရတဲ့ပိုက်ဆံကို ကျနော်တို့စားဖို့သက်သက် ဖယ်ထားတယ်။ ပိုတဲ့ပိုက်ဆံကို ကျနော်တို့က NUG အစိုးရကို ကျနော်တို့ ထောက်ပံ့ ပေးတယ်။ ကျနော်တို့နိုင်ငံကြီး အမြန်လွတ်လပ်ရေး ရစေချင်တယ်ပေါ့"

naingtunoo-thailand.jpg
ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေသည့် ကိုနိုင်ထွန်းဦးကို တွေ့ရစဉ် (Photo: RFA)

NUG ကိုလစဉ် ဘတ်ငွေ ၅ဝဝ လှူဒါန်းနေတဲ့ ကိုနိုင်ထွန်းဦး ဆိုသူကတော့ ဘန်ကပိဆိုတဲ့ ရပ်ကွက်မှာ နေပါတယ်။ သူက ရေခဲအိတ်တွေနဲ့ တခြားပစ္စည်းတွေကို လက်တွန်းလှည်းနဲ့ လိုက်လံပို့ဆောင်သူပါ။

"ဖေဖော်ဝါရီ တစ်ရက်နေ့မှာ အဲစစ်ခွေးတွေက မလုပ်သင့်တာကိုလုပ်သွားလို့ ကျနော်တို့ စိတ်နာပြီးတော့ ဒီလိုမျိုးလုပ်ရခြင်းဖြစ်ပါတယ်။ ပြီးတော့ ကျနော်တို့ရဲ့ အသက်ပေါင်း မကဘူး၊ ကျနော်တို့ရဲ့ ညီငယ်၊ ညီမငယ်တွေရဲ့ အသက်ပေါင်းများစွာလည်း ပေးဆပ် ခဲ့ပြီးသွားပြီ။ ပြီးတော့ ကျနော်တို့ ဒီလိုမှမတော်လှန်ရင် ကျနော်တို့မျိုးဆက်လည်း နောက်ထပ် ဒီလိုပဲထပ်ပြီးတော့ ခံစားနေရဦးမယ်"

မေး - အဲတော့ ကိုနိုင်ထွန်းက အခု ဘာလုပ်ငန်းလုပ်လဲ။

ဖြေ - ကျနော်က ရေခဲပို့တယ်၊ လှည်းဆွဲပါတယ်ခင်ဗျ။

မေး - အဲတော့ ခင်ဗျား အခု ရေခဲပို့၊ လှည်းဆွဲလို့ရတဲ့ငွေနဲ့ လှူဒါန်းနေတာပေါ့။

ဖြေ - ဟုတ်ကဲ့ခင်ဗျ။

မေး - ခင်ဗျားဝင်ငွေက ဘယ်လောက်လောက်ရလဲ အဲ့တော့။

ဖြေ - ကျနော်က တစ်လ တစ်သောင်းလေးထောင် ရပါတယ်။ ကျနော်က လစဉ်ကို တစ်လ ငါးရာ လှူပါတယ်ခင်ဗျ။

မေး - အဲတော့ခင်ဗျားစိတ်ထဲမှာ ဒီလိုလှူခြင်းအားဖြင့် ဘယ်လိုခံစားမှုတွေရှိလဲ။

ဖြေ - ကျနော် အပြည့်အဝယုံကြည်လို့ ပြီးတော့ တကယ်ကိုယုံကြည်တယ် ဒီအစိုးရကို လှူဒါန်းရခြင်းက၊ ကျနော်တို့ နိုင်မယ်ဆိုတာလည်း ကျနော်တို့ ယုံကြည်လို့ ကျနော်တို့ လှူဒါန်းခြင်း ဖြစ်ပါတယ်။

နောက်တစ်ဦးကတော့ ကိုသူရဦး ဆိုတဲ့လူငယ်ပါ။ အစ်ကမိုင်ဆိုတဲ့ ရပ်ကွက်က ဈေးကြီးတဲ့ အဆင့်မြင့်စားသောက်ဆိုင်တစ်ခုမှာ သူက အဖျော်ယမကာ ရောင်းပါတယ်။

"အဓိကကတော့ ကျနော်တို့ ဒီစစ်အာဏာရှင်ကျရှုံးပြီးတော့ ကျနော်တို့ ပြည်သူတွေ လွတ်လပ်တဲ့ ဒီမိုကရေစီပြန်ရရေးအတွက် ကျနော်တို့ ပါဝင်နေပါတယ်။ ဒီမှာကျနော်တို့ NUG ထောက်ပို့တပ်သားကတ်ပါ။ ကျနော်တို့က ဒီပြည်ပထောက်ပို့တပ်သားအဖြစ်ပဲ ကျနော်တို့လစဉ်ပုံမှန် ထောက်ပံ့ကြေးတွေ ကျနော်တို့ထည့်ဝင်နေပါတယ်"

အခုလို NUG ကိုထောက်ပံ့ရေးလုပ်ဆောင်နေတဲ့ KTJ Supporting Group ဟာ ကိုရီးယား၊ ထိုင်းနဲ့ ဂျပန်နိုင်ငံတွေမှာ အဖွဲ့ခွဲတွေ ရှိပါတယ်။ ထိုင်းနိုင်ငံအဖွဲ့ခွဲရဲ့ ခေါင်းဆောင်ကတော့ ကိုဝင်းထွေး ဖြစ်ပါတယ်။

"ဟုတ်ကဲ့ပါခင်ဗျ ကျနော်က မတရားမှုကို မနှစ်သက်တဲ့အတွက် မတရားတာကို ငြိမ်မနေနိုင်လို့ ဦးဆောင်ပြီးတော့ ပါဝင်နေတာပါခင်ဗျ။ ဒီ NUG ရဲ့လမ်းညွှန်မှုနဲ့ ကာကွယ်ရေးဝန်ကြီးရဲ့လက်မှတ်နဲ့ပေါ့နော်၊ ကျနော်တို့ထုတ်ပေးထားတယ်။ အသင်းဝင် ကတ်လေးပေါ့နော် ဒီလိုကတ်လေးတွေကကျတော့ ကျနော်တို့က ခြောက်လစာ တိုက်ရိုက်သွင်းတဲ့လူကို ကျနော်တို့က ယာယီကတ်ပုံစံမျိုး အရင်ထုတ်ပေးပါတယ်။ ယာယီကတ်ပြီးသွားမှ ကျနော်တို့ ခြောက်လပြည့်မှ လူတိုင်းကို ဒီလိုမျိုး ကတ်အမာလေး တွေ ထုတ်ပေးပါတယ်။ လောလောဆယ်ဆယ်တော့ ကျနော်တို့က နယ်မြေတာဝန်ခံ တွေကို ဒီလိုကတ်လေးတွေနဲ့ အခုလောလောဆယ် ထုတ်ပေးနေပါတယ်ခင်ဗျ။ ငွေစီးဆင်းမှုဆိုတာကိုလည်း ကျနော်တို့က လစဉ်လတိုင်း ကျနော်တို့က အလှူရှင်တွေရဲ့ မန်ဘာဝင်တွေရဲ့နာမည်ကို မဖော်ပြရင်တောင်မှ သူတို့ရဲ့မန်ဘာကုဒ်နံပါတ်တွေနဲ့ ကျနော်တို့က လစဉ်လတိုင်း ကျနော်တို့ ပေ့ချ်ကနေပြီးတော့ ကြေငြာပေးပါတယ်ခင်ဗျ"

KTJ Supporting Group အဖွဲ့ဝင်တစ်ဦးကတော့ ကိုစိုင်းလို့ ခေါ်ပါတယ်။

"ဒီအဖွဲ့အစည်းက ကျနော် ဆန်းစစ်လေ့လာကြည့်သလောက်အရဆိုရင် နာမည်ပျက် တွေ မရှိဘူး ငွေရေးကြေးရေး အရှုပ်အရှင်းတွေကင်းတယ်ဗျ။ ပြီးတော့ သူ လစဉ်လတိုင်း စာရင်းဇယားနဲ့ အတိအကျ သူဖော်ပြတယ်ဗျ။ အဲကြောင့်မို့လည်း ယုံကြည်ပြီး လက်တွဲတယ်ပေါ့ဗျ"

မိမိတို့ ပင်ပန်းစွာနဲ့ ရိုးသားစွာ ရှာဖွေရရှိတဲ့ဝင်ငွေထဲက လှူဒါန်းငွေတွေကို NUG အနေနဲ့ အလေအလွင့်မရှိအောင် အသုံးချမယ်လို့ လက်တွန်းလှည်းဆွဲသူ ကိုနိုင်ထွန်းဦးက မျှော်လင့်နေပါတယ်။

"ကျနော်တို့ရဲ့ချွေးနဲစာနဲ့ တိုင်းပြည်အတွက် တတ်နိုင်တဲ့ဘက်ကနေပြီးတော့ ကူညီတဲ့ အတွက်ကြောင့် NUG အစိုးရအနေနဲ့လည်း ကျနော်တို့ရဲ့ချွေးနဲစာကို အထိရောက်ဆုံး အသုံးချဖို့လိုပါတယ်"

မြန်မာအလုပ်သမားတွေရဲ့ NUG အပေါ်ယုံကြည်ချက်နဲ့ ထောက်ခံကူညီမှုတွေကို တစေ့တစောင်း ကြည့်ရှုနားဆင်ခဲ့ရတာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။