ပန်းဆိုးတန်းက လက်သည်း၊ ခြေသည်းညှပ်သူတွေ ဖောက်သည်နည်းပါးလာ

RFA Burmese
2025.02.25
ပန်းဆိုးတန်းက လက်သည်း၊ ခြေသည်းညှပ်သူတွေ ဖောက်သည်နည်းပါးလာ ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ ပန်းဆိုးတန်းခုံးကျော် တံတားအောက်မှ လက်သည်း၊ ခြေသည်းညှပ်နေသူများအား ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

စစ်အာဏာသိမ်းထားလို့ အထွေထွေကျပ်တည်းလာတဲ့ခေတ်မှာ ရန်ကုန် ပန်းဆိုးတန်း ခုံးတံတားအောက်မှာ လက်သည်း၊ ခြေသည်းညှပ်တဲ့သူတွေလည်း အရင်လောက် ဖောက်သည်မလာတော့လို့ ဝင်ငွေနည်းလာပြီး စားဝတ်နေရေး ခက်ခဲလာပါတယ်။

“စီးပွားရေးမကောင်းတော့ လူမလာဘူးပေါ့။ လူမလာတော့ အန်တီတို့လည်း မလာဘူး။ ပိုက်ဆံ မရဘူးပေါ့။ အဲလို သဘောပေါ့။ ဒါက အမျိုးမျိုးဖြစ်တာပေါ့နော်။ စျေးသည်တိုင်း ဖြစ်တဲ့အလုပ်။ အန်တီတို့ဖြစ်တာတင် မဟုတ်ဘူး။ ဟိုးတုန်းကတော့ အခြေအနေကောင်းတာပေါ့။ လူရတာပေါ့နော်”

လမ်းဘေးမှာ လက်သည်း၊ ခြေသည်းညှပ်တဲ့အလုပ်ကို နှစ်ပေါင်း သုံးဆယ်လုပ်လာတဲ့ အသက် ၆၀ အရွယ် ဒေါ်စန်းပါ။ သူက ရန်ကုန်တစ်ဘက်ကမ်း ဒလမြို့နယ်မှာနေပြီး ရန်ကုန်မြို့လယ် ပန်းဆိုးတန်း ခုံးကျော်တံတားအောက်မှာ ဒီအလုပ်လုပ်နေတာပါ။ သူက လက်သည်း၊ ခြေသည်း ရိုးရိုးညှပ်တာတင် မဟုတ်ပဲ၊ လက်သည်း အလှဆေးခြယ်ပုံဖော်တာ၊ ခြေစွယ်ငုပ်တာ၊ နားကိုက်တာ၊ နားပြည်ယိုတာတွေကိုလည်း ကောင်းအောင်လုပ်ပေးပါတယ်။

“အခန်းတွေ၊ ဘာတွေနဲ့ လုပ်စားချင်တာပေါ့။ ဒါပေမဲ့ အခန်းခက အန်တီတို့ မတတ်နိုင်ဘူး"

ဒါကြောင့်အရင်က လက်မလည်အောင်လုပ်ခဲ့ရတဲ့ ဒေါ်စန်း တစ်ယောက် အခုတော့ ခေတ်မကောင်းတဲ့အတွက် တစ်နေ့ကို ဖောက်သည် ငါးယောက် ရဖို့တောင် ခက်လာပါတယ်။

အခုအချိန်မှာ ကုန်စျေးနှုန်းတွေတက်နေပြီး အလုပ်အကိုင် မကောင်းကြတဲ့အတွက် ဖောက်သည်တွေ နည်းလာတာလို့ အဲဒီ နေရာမှာလက်သည်း၊ ခြေသည်းညှပ်တဲ့ ဦးသန့်ဇင်ကလည်း ပြောပါတယ်။

“ပျမ်းမျှနှုန်းကတော့ တစ်နေ့ကိုတော့ ငါးယောက်၊ ခြောက်ယောက်လောက်တော့ ပုံမှန်လေးတော့ သွားပါတယ်။ အရင်တုန်းကဆိုရင်တော့ လုပ်တဲ့သူက တော်တော်များတယ်။ တစ်နေ့ကို ထမင်းစားတောင် မစားနိုင်ဘူး။ ထမင်းတောင် သုံးနာရီ၊ လေးနာရီမှ စားရတယ်။ အခုနောက်ပိုင်းတော့ ပါးတာပေါ့”

သူက ရွှေပြည်သာမြို့နယ်မှာနေပြီး ပန်းဆိုးတန်း ခုံးတံတားအောက်ကို နေ့တိုင်းလာပြီး အလုပ်လုပ်နေတဲ့သူပါ။

အခုတော့ ရန်ကုန်မြို့ထဲမှာ ဒေါ်စန်း အပါအဝင် ဒီအလုပ်လုပ်တဲ့သူ အယောက်လေးဆယ်ဝန်းကျင် ရှိပါတယ်။


ဆက်နွှယ်သောသတင်းများ

ရာသီဥတုကိုမမှုဘဲ ဝမ်းစာရှာရတဲ့ဘဝများ

ရန်ကုန်မြို့က တစ်ခွက်ငါးရာတန် ရွေ့လျားလက်ဖက်ရည်ဆိုင်

ခိုစာရောင်းရင်း ဘ၀ကို ရုန်းကန်နေရတဲ့ ဒေါ်ညို


အသက် ၆၇ နှစ်အရွယ် ဦးအောင်ဝင်းကလည်း ဒီအလုပ်ကိုလုပ်နေတာ နှစ်ပေါင်း လေးဆယ်ကျော်ပါပြီ။ သူက သာကေတမြို့နယ်မှာ နေပါတယ်။

“ဟိုတုန်းကရတဲ့ ပိုက်ဆံနဲ့ အခုရတဲ့ပိုက်ဆံက တော်တော်လေးကို ကွာဟသွားတယ်။ ဘယ်လို ကွာဟသွားလဲဆိုတော့ ကုန်စျေးနှုန်းမှာ ကွာဟသွားတာ။ အရင်တုန်းက တစ်သောင်းလောက်ရတယ်။ တစ်နေကုန် အလုပ်လုပ်တာ။ တစ်နေကုန်လုပ်မှ ပိုက်ဆံလေး ရှစ်ထောင်၊ တစ်သောင်းပဲရတာ။ အဲဒီတုန်းကတော့ လောက်တယ်။ လက်ရှိ ခေတ်ကာလမှာ ဥပမာ သုံးသောင်းရတယ်၊ မပိုဘူး”

တချို့ကလည်း ကျွမ်းကျင်တဲ့သူတွေနဲ့ပဲ လက်သည်းခြေသည်း လှီးကြပါတယ်။

“အိမ်မှာကျတော့ သာမန်ညှပ်လိုက်ရော ခြေစွယ်တွေငုပ်ရော သိလား။ အစွယ်ကျန်တာတို့ နောက်တစ်ခါ ဟုတ်လား မလိုအပ်တဲ့နေရာတွေ ထိတာပေါ့။ ဒီကလေးတွေကျတော့ အလေ့အကျင့်ရတော့ လက်လည်းငြိမ်တယ်။ ပိုးသတ်ဆေးနဲ့ အသုံးပြုတယ်။ ဒါတွေ ကွာတာပေါ့”

ကိုဇာနည်ဆိုတဲ့ ပုံမှန်ဖောက်သည်တစ်ယောက်ကလည်း ပန်းဆိုးတန်း ခုံးတံတားအောက်က ကျွမ်းကျင်တဲ့သူတွေဆီမှာ ခြေသည်း၊ လက်သည်းညှပ်ရတာ သူ့အတွက် ပိုအဆင်ပြေတယ်လို့ ပြောပါတယ်။

“ဒီမှာတော့ လာလုပ်ရတာ အဆင်ပြေတာပေါ့လေ။ ခြေသည်း၊ လက်သည်းပေါ့။ ကျွန်တော်တို့က ဝတဲ့သူဆိုတော့ ဒီခါး၊ ဒီလိုမျိုးကုန်းပြီးတော့မှ ခြေသည်းညှပ်ရတာ သိပ်အဆင်မပြေဘူးပေါ့ အိမ်မှာဆိုရင်။ အခု ဒီမှာလာလုပ်တော့ အဆင်ပြေပါတယ်”

ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ ပန်းဆိုးတန်းခုံးကျော် တံတားအောက်မှ လက်သည်း၊ ခြေသည်းညှပ်နေသူများအား ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့က တွေ့ရစဉ်။ (RFA Photo)
ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ ပန်းဆိုးတန်းခုံးကျော် တံတားအောက်မှ လက်သည်း၊ ခြေသည်းညှပ်နေသူများအား ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့က တွေ့ရစဉ်။ (RFA Photo)

လက်သည်းခြေသည်းလှီးပေးတဲ့သူတွေဟာ ဒီအလုပ်ကို ဆယ်စုနှစ်နဲ့ချီပြီး လုပ်နေတဲ့သူတွေဖြစ်လို့ ကျွမ်းကျင်နေကြပါပြီ။ ဒါပေမဲ့ ဆိုင်ဖွင့်ပြီးလုပ်ဖို့ အရင်းအနှီးမတတ်နိုင်ကြတဲ့အတွက် အခုလို လမ်းဘေးမှာ လုပ်နေကြတာပါ။ လက်သည်း၊ ခြေသည်းတစ်ခါညှပ်ရင် ဝန်ဆောင်ခ ငါးထောင် (ကျပ်)၊ နားသန့်ရှင်းရေးလုပ် ငါးထောင် (ကျပ်) ယူပါတယ်။ ဆိုင်ခန်းနဲ့ဆိုရင်တော့ ဒီထက်ပိုပြီး ဝန်ဆောင်ခရတဲ့အတွက် ဒေါ်စန်းဟာ ဆိုင်ခန်းဖွင့်ချင်စိတ် ပြင်းပြနေဆဲဖြစ်ပါတယ်။

“အခန်းတွေ၊ ဘာတွေနဲ့ လုပ်စားချင်တာပေါ့။ ဒါပေမဲ့ အခန်းခက အန်တီတို့ မတတ်နိုင်ဘူး။ ပိုက်ဆံလည်း အဲဒီလောက် မရှိဘူး။ ဒါမျိုး အခန်းလေးဘာလေးနဲ့ တချို့ လက်သည်းပြင်တာတို့၊ လက်သည်း အလှပြင်တာတို့၊ အန်တီ့ လက်သည်းလေးလို ဒီလိုမျိုး အလှပြင်တာတို့ဆို ဟိုမှာက တစ်သောင်းခွဲ နှစ်သောင်း ဆိုင်တွေဆိုရင်လေ။ အန်တီတို့က ဒီမှာ ငါးထောင်ပဲရတာ”

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။