စစ်ဘေးဒုက္ခသည်ထပ်ဖြစ်ရတဲ့ နမ်ဆန်ယန်ရွာသားများ

RFA Burmese
2023.12.07
စစ်ဘေးဒုက္ခသည်ထပ်ဖြစ်ရတဲ့ နမ်ဆန်ယန်ရွာသားများ ဝိုင်းမော်မြို့နယ် အောင်မြေ (၁) ရွာရှိ ယာယီစစ်ဘေးဒုက္ခသည်စခန်းတွင် ခိုလှုံနေကြသည့် နမ်ဆန်ယန်ရွာသားအချို့အား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

KIO/KIA ဌာနချုပ် လိုင်ဇာမြို့နဲ့ ခြောက်မိုင်လောက်မှာရှိတဲ့ နမ်ဆန်ယန်ရွာသားတွေဟာ အရင်က ဆယ်နှစ်လောက် စစ်ဘေးဒုက္ခသည်ဖြစ်ခဲ့ရသလို၊ အခုတစ်ခါလည်း ဒုတိယအကြိမ် စစ်ဘေးကနေ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

သူတို့ဟာ ၂၀၁၁ က ဖြစ်လိုက်တဲ့စစ်ပွဲကြောင့် ထွက်ပြေးရပြီး ၂၀၁၉ ခုနှစ်မှာမှ စစ်ကောင်စီနဲ့ ကေအိုင်အေရဲ့ ခွင့်ပြုချက်နဲ့ ရွာမှာပြန်နေရတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ ဇူလိုင်လဆန်းပိုင်းမှာတစ်ခါ စစ်ကောင်စီတပ်နဲ့ ကေအိုင်အေတို့ တိုက်ပွဲတွေ ပြန်ဖြစ်လာတဲ့အတွက် ရွာက လူဦးရေ တစ်ထောင်ကျော်ဟာ လိုင်ဇာ၊ ဝိုင်းမော်နဲ့ မြစ်ကြီးနားမြို့တွေဘက်ကို ထွက်ပြေးရတာပါ။

အသက် ၄၀ အရွယ် ဒေါ်ဇုန်းညွယ်ဟာ ပထမအကြိမ်စစ်ဘေးဒုက္ခသည်စခန်းမှာ နေခဲ့ရတုန်းက ကြိုးစားစုဆောင်းခဲ့တဲ့ငွေလေးနဲ့ နမ်ဆန်ယန်ရွာမှာ ပြန်နေရတဲ့အချိန်မှာ အထည်ဆိုင်ဖွင့်ပြီး မိသားစုနဲ့အတူ အခြေကျဖို့ ကြိုးစားနေတဲ့သူပါ။

အထည်ဆိုင်ဖွင့်ပြီး ရှစ်လအကြာမှာပဲ အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ထပ်ပြီး ထွက်ပြေးတိမ်းရှောင်ရလို့ ပိုင်ဆိုင်မှုအကုန်ဆုံးရှုံးပြီး ဘဝကို ဘယ်ကပြန်စရမလဲ မသိတော့ဘူးလို့ ဒေါ်ဇုန်းညွယ်က RFA ကို ပြောပါတယ်။

"အဲမှာက အထည်တွေရောင်းထားတာ သိန်းရာချီရှိတာ ဟုတ်တယ်၊ ဘာမှမရှိတော့ဘူး အခု။ အဲဒါ စုထားတာကြာလှပြီ။ ကိုးနှစ်၊ ဆယ်နှစ် စုထားတာ။ တစ်ခါစုရင် တစ်ထောင်၊ နှစ်ထောင်ရှိရင် လေး၊ ငါးထောင် အဲဒီလို စုထားတာ။ အိမ်ပြန်ရတဲ့အခါကျတော့ ရောင်းရတာပေါ့။ ရှိတာအကုန် မထင်မှတ်ဘဲ အကုန်ဆုံးရှုံးခံရတာဆိုတော့ ကျွန်မတို့မျှော်လင့်ထားတာက အခုမှ စခါစပဲ ရှိသေးတယ်။ အခုလို ပြန်ဖြစ်တယ်။ ဘယ်လိုနဲ့ ဘယ်က ပြန်စရမလဲ မသိတော့ဘူး"

သူဟာ ပိုင်ဆိုင်မှုလည်းဆုံး၊ ခင်ပွန်းသည်နဲ့လည်း အဆက်အသွယ် ပြတ်သွားရပါတယ်။ နမ်ဆန်ယန်မှာ တိုက်ပွဲဖြစ်တဲ့အချိန်မှာ သူတို့ထွက်ပြေးရတော့ သူ့ခင်ပွန်းက တောင်ယာမှာ အလုပ်လုပ်နေတာလို့ ပြောပါတယ်။ အခုအချိန်ထိ အဆက်အသွယ်မရတာ လေးလကျော်ပြီလို့ ဒေါ်ဇုန်းညွယ်က ပြောပါတယ်။ 

"ရှိတာအကုန် မထင်မှတ်ဘဲ အကုန်ဆုံးရှုံးခံရတာဆိုတော့ ကျွန်မတို့မျှော်လင့်ထားတာက အခုမှ စခါစပဲ ရှိသေးတယ်။ အခုလို ပြန်ဖြစ်တယ်။ ဘယ်လိုနဲ့ ဘယ်က ပြန်စရမလဲ မသိတော့ဘူး"

သူတို့မှာ သားသမီး လေးယောက်ရှိပြီး ဒေါ်ဇုန်းညွယ်က အသက် ရှစ်နှစ်အရွယ် အငယ်ဆုံးသမီးနဲ့ ဝိုင်းမော်မြို့နယ် အောင်မြေ (၁)ရွာမှာ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) က စီစဉ်ပေးထားတဲ့ ယာယီစစ်ဘေးဒုက္ခသည်စခန်းမှာ ခိုလှုံနေပါတယ်။ ကျန်တဲ့ သားသမီးသုံးယောက်ကိုတော့ လိုင်ဇာမြို့မှာ ကျောင်းတက်ဖို့ ပို့ထားပါတယ်။ အဲဒီသားသမီးတွေအတွက်လည်း စိုးရိမ်ပူပန်နေရတယ်လို့ ဒေါ်ဇုန်းညွယ်က ပြောပါတယ်။ 

သူတို့ရောက်နေတဲ့ ဒုက္ခသည်စခန်းမှာ နမ်ဆန်ယန်ရွာကနေ ထွက်ပြေးတိမ်းရှောင်လာတဲ့ အိမ်ထောင်စု ၂၉ စု၊ လူဦးရေနဲ့ဆို ၅၉ ယောက်ရှိနေပါတယ်။ ကျန်တဲ့သူတွေက လိုင်ဇာနဲ့ ဝိုင်းမော်မှာ အရင်ကတည်းကရှိတဲ့ ဒုက္ခသည်စခန်းတွေမှာပဲ ခိုလှုံနေကြသလို၊ တချို့ကတော့ မြစ်ကြီးနားမြို့ပေါ်က ဆွေမျိုးတွေအိမ်မှာ ခိုလှုံနေကြရပါတယ်။ 

ဝိုင်းမော်ကဒုက္ခသည်တွေအတွက် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) ရဲ့ ပုံမှန်ထောက်ပံ့မှု မရသေးပါဘူး။ သူတို့ကို KBC အသင်းတော်ကပဲ တစ်ယောက်ကို ၃၃,၀၀၀ ကျပ်နှုန်း လတ်တလော ထောက်ပံ့ပေးလို့ အဲဒီငွေနဲ့ စားဝတ်နေရေး ဖြေရှင်းနေရတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။

ရေရှည်ဖြစ်လာရင် ဒုက္ခသည်တွေအတွက် စားဝတ်နေရေးပိုခက်လာနိုင်တယ်လို့ ဝိုင်းမော် အောင်မြေ (၁) ယာယီဒုက္ခသည်စခန်းက ဘာသာရေးဆရာ ဦးနော်လတ်က RFA ကို ပြောပါတယ်။

"အခြေခံ အစားသောက်တွေကို ဘယ်လိုလုပ်ရမလဲ။ ပြီးရင် ကလေးတွေနဲ့ ပတ်သက်တဲ့ဟာတွေ၊ အလုပ်အကိုင် အခွင့်အလမ်း ဘယ်လိုဖန်တီးမယ်ဆိုတဲ့ဟာတွေ၊ ကျွန်တော်တို့က ၂၀၁၁ က တစ်ခါ ပြေးပြီးပြီဆိုတော့ အဲဒါတွေက အဓိက အိမ်ထောင်စုတွေအတွက် စိန်ခေါ်ချက်ဖြစ်လာမယ်လို့ ကျွန်တော်ထင်တယ်။ တစ်လ ၃၃,၀၀၀ ဆိုတာ အခုငွေဈေးနဲ့ အခုကာလ ကုန်ဈေးနှုန်းနဲ့က အရမ်း အခက်အခဲ ရှိတယ်လေ"

ဝိုင်းမော် အောင်မြေ (၁) ယာယီ စစ်ဘေးဒုက္ခသည်စခန်းအတွက် စစ်ကောင်စီအဖွဲ့ ကချင်ပြည်နယ်အစိုးရက ဆန် ၂၁ အိတ် တစ်ခေါက်လာလှူဒါန်းတာကလွဲပြီး နောက်ထပ်ဘာအကူအညီမှမရတော့ဘူးလို့ ဒုက္ခသည်တွေက ပြောပါတယ်။

နမ်ဆန်ယန်ရွာဟာ မြစ်ကြီးနား-ဗန်မော် ကားလမ်းမပေါ်မှာရှိပြီး၊ ရွှေတူးတဲ့လုပ်ငန်းများလာတာကြောင့် တခြားဒေသကပြောင်းလာတဲ့သူတွေလည်း ရှိပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းကနေ အဲဒီကိုပြောင်းလာရင်း မမျှော်လင့်ဘဲ စစ်ဘေးဒုက္ခသည်ဘဝ ရောက်သွားတဲ့အတွက် စိတ်ညစ်ရတယ်လို့ ဒေါ်မာနန်က RFA ကို ပြောပါတယ်။

"အရမ်းမျှော်လင့်ပြီး အရင်နှစ်တွေမှာ မလုပ်နိုင်လည်း ဒီနှစ်မှာ လုပ်နိုင်အောင်ဆိုပြီး မျှော်လင့်နေတာ။ အခုလို နေလို့မရဘဲ ပြန်ပြေးရတော့ ငွေလည်း မရှာနိုင်။ အလုပ်လည်း မလုပ်နိုင်ဘူး။ စိတ်ညစ်တာပေါ့။ အရင်တုန်းကလို အကြီးအကျယ် တစ်ရွာလုံး ရစရာမရှိအောင် ပြန်ဖြစ်မလားပေါ့။ စိတ်ညစ်တာကတော့ ပြောမပြတတ်လောက်အောင်ကို စိတ်ညစ်တယ်"

ဒေါ်မာနန်မှာလည်း သားသမီး သုံးယောက်ရှိပြီး သူတို့ကို လိုင်ဇာမြို့မှာ ကျောင်းတက်ဖို့ ပို့ထားပါတယ်။ ဒုက္ခသည်စခန်းမှာတော့ သူ့ခင်ပွန်း၊ ယောက္ခမတို့နဲ့အတူ ခိုလှုံနေတယ်လို့ ပြောပါတယ်။

ဝိုင်းမော်မြို့နယ် အောင်မြေ (၁) ရွာရှိ ယာယီစစ်ဘေးဒုက္ခသည်စခန်းတွင် ခိုလှုံနေကြသည့် နမ်ဆန်ယန်ရွာသားအချို့အား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
ဝိုင်းမော်မြို့နယ် အောင်မြေ (၁) ရွာရှိ ယာယီစစ်ဘေးဒုက္ခသည်စခန်းတွင် ခိုလှုံနေကြသည့် နမ်ဆန်ယန်ရွာသားအချို့အား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

အသက် ၇၀ ဝန်းကျင် ဒေါ်ထုဘူဟာ ၂၀၁၁ ခုနှစ်ကဖြစ်တဲ့ တိုက်ပွဲတွေကြောင့် နမ်ဆန်ယန်ရွာကနေ လိုင်ဇာမြို့ ဂျေယန်စစ်ဘေးဒုက္ခသည်စခန်းမှာ ၁၂ နှစ်လောက် နေခဲ့ရပါတယ်။ သူဟာ ရွာမှာပြန်နေတာ လပိုင်းလောက်ပဲရှိသေးပြီး အခုတစ်ခါ ထွက်ပြေးရလို့ အသက်မရှင်ချင်တော့လောက်အောင် ခံစားရတယ်လို့ RFA ကိုပြောပါတယ်။

"ဘယ်လောက်ခံစားရလဲဆိုတာတောင် မပြောပြတတ်ဘူး ငိုပဲ ငိုတတ်တော့တယ်။ နွားမ သုံးကောင်ဝယ်ထားတာ၊ အခက်အခဲဖြစ်လာရင် ရောင်းစားမယ်ဆိုပြီး ဝယ်ထားတာ။ အဲဒါလည်း ပြန်ထားခဲ့ရတယ်။ အခု ပြန်ရင်ရော အဲဒီနွားတွေရှိဦးမလား၊ မရှိတော့ဘူးလားလည်း မသိဘူး။ သေပဲ သေချင်တော့တယ် မနေချင်တော့ဘူး အရမ်းဒုက္ခရောက်တယ်။ ပြေးပဲ ပြေးနေရတယ်"

ဒီရက်ပိုင်းတွေအထိလည်း နမ်ဆန်ယန်ရွာတစ်ဝိုက်မှာ စစ်ကောင်စီတပ်နဲ့ ကေအိုင်အေတို့အကြား နေ့တိုင်းလိုလို တိုက်ပွဲတွေဖြစ်နေပြီး စစ်ကောင်စီကလည်း လေကြောင်းနဲ့ မကြာခဏ တိုက်ခိုက်နေတာကြောင့် မပြန်ရဲသေးဘူးလို့ ဒုက္ခသည်တွေက ပြောပါတယ်။

စစ်ဘေးဒုက္ခသည်ရဲ့ စားဝတ်နေရေးနဲ့ပတ်သက်လို့ စစ်ကောင်စီ ကချင်ပြည်နယ် ပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးဝင်းရဲထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။

ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ စာရင်းတွေအရ စစ်တပ် အာဏာသိမ်းပြီးတဲ့နောက် နေရပ်စွန့်ခွာထွက်ပြေးရတဲ့သူ ၁ ဒသမ ၇ သန်းရှိတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။