ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကြားက သီလရှင်တွေရဲ့ အခက်အခဲ

ဇာဏီထွဏ်း
2020-10-22
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

ကိုဗစ်ဒုတိယလှိုင်းကာလလို့ခေါ်ကြတဲ့ စက်တင်ဘာ၊ အောက်တိုဘာလတွေမှာဆိုရင် ဗုဒ္ဓဘာသာ သီလရှင်တွေဟာ ဆွမ်းခံမထွက်ရသလို၊ လှူဒါန်းတဲ့အလှူရှင်တွေကလည်း နည်းနေတာကြောင့် အခက်ခဲ ဖြစ်နေကြပါတယ်။

ရန်ကုန်တိုင်းထဲက သီလရှင်ကျောင်းပေါင်း အများဆုံးမြို့နယ်ဖြစ်တဲ့ မင်္ဂလာဒုံမြို့နယ်က သံလွင်ရတနာ ပရဟိတ စာသင်တိုက်မှာ စာသင်သီလရှင် ၈၅ ပါးရှိပါတယ်။

တစ်ရက်ကို ဆွမ်းအတွက် ဆန် ၁၃ ပြည်ချက်ရပြီး ဟင်းစားအတွက် အသီးအရွက်တွေကို ချက်ပြုတ်ပြီး ဆွမ်းဘုန်း ပေးကြရပါတယ်။

ကိုရိုနာဗိုင်းရပ်စ် မကူးစက်ခင်ကာလတွေမှာတော့ တစ်ပတ်မှာ နှစ်ရက် ဆွမ်းဆန်စိမ်း အလှူခံထွက်လို့ရပြီး အခု ကိုရိုနာဗိုင်းရပ်စ် ကူးစက်တာများနေတဲ့ ကာလမှာတော့ ဆွမ်းဆန်အလှူခံထွက်လို့ မရတော့ပါဘူး။

ဆွမ်းအတွက် အခက်ခဲတွေဖြစ်ကြရပေမယ့် ဒကာ၊ ဒကာမတွေလည်း စားဝတ်နေရေး ခက်ခဲနေတာကို သိနေတာကြောင့် အလှူခံဖို့ မဝံ့မရဲဖြစ်နေတာကို ဆရာလေး ဒေါ်ထေရဉာဏီက အခုလို မိန့်ပါတယ်။

“အခုချိန်မှာ ဆရာလေးတွေက ဆွမ်းဆန်မထွက်တော့ အဲဒါလေးတော့ နည်းနည်းလေးတော့ ခဲယဉ်းတယ်။ အရင်တစ်ပတ်တုန်းက ကိုဗစ်ဖြစ်တုန်းက အလှူတွေက လာကြတယ်။ အခုတစ်ပတ်က အလှူတွေကို တစ်ဦးမှ မရောက်သေးဘူး။ ဆရာလေးတော့ ဒကာမတွေတော့ ရှိတယ်ပေါ့နော်။ ဒါပေမဲ့ အလှူခံသင့် မခံသင့်၊ စဉ်းစား ရတယ်။ သူတို့လည်း သူတို့အခက်ခဲနဲ့ သူတို့ဆိုတော့လေ။ ကိုယ့်ရှိတာလေးနဲ့ပဲ မျှတအောင်စားဦးမယ်၊ နေလိုက်ဦးမယ်ဆိုပြီးတော့ အဲဒီအရှိန်နဲ့ နေနေတာပေါ့။ အလှူရှင်ကတော့ အခုချိန်ထိအောင် မရောက်သေး ဘူးပေါ့။”

ဆွမ်းဆန်အလှူခံလို့ရတာ၊ ဝတ္ထုငွေကပ်လှူတာတွေကို ခွဲခြမ်းစိတ်ဖြာပြီး ကျောင်းရဲ့ ဆွမ်းစရိတ်၊ ရေဖိုး၊ မီးဖိုး၊ ထင်းဖိုး စတာတွေမှာ သုံးကြရတာပါ။

အခုချိန်မှာ ဆွမ်းဆန်လည်းမထွက်ရ၊ စာသင်တာလည်း ရပ်နားထားရတဲ့အတွက် စာသင်သား သီလရှင်လေးတွေ ကို သီလရှင်ဝတ်စုံချုပ်နည်းတွေကိုလည်း သင်ပေးပါသေးတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်တာစတင်ခဲ့တဲ့ မေ၊ ဇွန်၊ ဇူလိုင်လ တွေမှာ ဆွမ်းဆန်အလှူခံ မထွက်ရပေမယ့် အလှူရှင် တွေများတာကြောင့် စိတ်ပူစရာ မရှိခဲ့ပါဘူး။ အခုအချိန်မှာတော့ သံလွင်ရတနာ သီလရှင်ကျောင်းတိုက်လိုမျိုး သီလရှင်ကျောင်းတွေ အားလုံးလိုလိုမှာ ဒီအခက်ခဲတွေကို ရင်ဆိုင်နေကြရပါတယ်။

မင်္ဂလာဒုံမြို့နယ်၊ သီလရှင်အမှုဆောင်အဖွဲ့ဥက္ကဋ္ဌ၊ ဒေါ်အဂ္ဂဉာဏီရဲ့ကျောင်းတိုက်ဖြစ်တဲ့ သုခကာမီ စာသင်တိုက် မှာဆိုရင်လည်း စာသင်သား သီလရှင် ၁၉၀ နီးပါးရှိနေပါတယ်။ တစ်ရက်တစ်ရက် ချက်ရတဲ့ ဆွမ်းစရိတ်ဖိုးကလည်း မနည်းလှပါဘူး။

ဆွမ်းဆန်မထွက်ရတဲ့ တစ်လကျော်ကြာ ကာလအတွင်းမှာလည်း အလှူရှင်အဖွဲ့အစည်းတွေ လာလှူတာ တစ်ကြိမ်လောက်သာ ရှိနေပါသေးတယ်။

အလှူရှင်တွေ လာလှူတဲ့အထဲကပဲ ဆွမ်းအခက်ခဲဖြစ်နေတဲ့ စာသင်တိုက်တွေကို တဆင့်ပြန်လှူပေးနေတယ်လို့ ဆရာလေး ဒေါ်အဂ္ဂဉာဏီက မိန့်ပါတယ်။

“ဆရာလေးဆီမှာ လှူတာရှိရင် ရှိသလို ဆရာလေးကပြန်ပြီး ပေးကမ်းစွန့်ကြဲ လှူဒါန်းတယ်ပေါ့နော်။ အသီးအရွက်တွေလည်း လာလှူတယ်။ အသီးအရွက် လာလှူလည်း ကျောင်းတွေကို အကုန်မျှပေးတယ်။ လာလှူရင် နေဖို့ညစာ သိပ်မချန်ဘူး။ မျှပေးတာ များပါတယ်။”

မင်္ဂလာဒုံမြို့နယ်ထဲမှာဆိုရင် သီလရှင်စာသင်တိုက်ပေါင်း ၁၆၇ တိုက်ရှိပြီး အစိုးရအထောက်အပံ့ရဖို့ ဆင်းရဲနွမ်းပါး တဲ့ကျောင်းတွေထဲကမှ စာရင်းတင်ထားတာ ၃၅ ကျောင်းရှိပါတယ်။ လတ်တလော အချိန်အထိတော့ အစိုးရက ထောက်ပံ့တာ မရသေးဘူးလို့လည်း စာသင်တိုက်တွေကနေ စုံစမ်းသိရှိရပါတယ်။

သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနက ရန်ကုန်တိုင်းအတွင်း ဘုန်းတော်ကြီးကျောင်း ၇၃၀ ထဲက ၂၃၈ ကျောင်း ကို လှူဒါန်းနေပြီး သီလရှင်ကျောင်းတွေကိုလည်း ဆွမ်းဆန်တွေ ဆက်ကပ်လှူဒါန်းနေတယ်လို့ အောက်တိုဘာ ၁၇ ရက်က ထုတ်ပြန်ထားပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုမြင့်နေတဲ့ လတ်တလောကာလမှာ လူတော်တော်များများ စားဝတ်နေရေး၊ အလုပ် အကိုင် အခက်ခဲတွေနဲ့ ရင်ဆိုင်နေကြရတာပါ။ အဲဒါတွေကို လှူဒါန်းပေးတဲ့ အလှူရှင်အသင်း အဖွဲ့အတွေလည်း ရှိကြပါတယ်။

ပြည်သူမှ ပြည်သူသို့ မျှဝေခြင်းအဖွဲ့ တည်ထောင်သူ ဦးဇော်နိုင်က အခု သီလရှင်ကျောင်းမှာ လာလှူပေးလိုက်တဲ့ အထဲမှာ ခရစ္စယာန်၊ မွတ်စလင်၊ ဟိန္ဒူစတဲ့ ဘာသာရေး မတူကွဲပြားတဲ့ အလှူရှင်တွေလည်း ပါဝင်နေတယ်လို့ ပြောပါတယ်။

“ခရစ်ယာန်ဘာသာဝင်တွေ၊ မွတ်စလင်ဘာသာဝင်တွေ၊ ဟိန္ဒူဘာသာဝင်တွေ ပါကြပါတယ်။ အဲဒီအခါကြတော့ ဒီအလှူငွေတွေနဲ့ သီလရှင်ကျောင်းတွေကို လှူတဲ့အခါကျရင် တခြားဘာသာဝင်တွေအနေနဲ့ ပြောစရာဖြစ်နိုင် တယ်ပေါ့ ဆိုပြီးတော့ အဲအဖွဲ့ထဲမှာ ပြန်ဆွေးနွေးပါတယ်။ အဖွဲ့ထဲမှာပဲ ခရစ်ယာန်၊ အစ္စလာမ်၊ ဟိန္ဒူ ဘာသာဝင်တွေက လိုအပ်နေတဲ့နေရာကို လှူတာဖြစ်တယ်။ ဆရာလေးတွေကလည်း လိုအပ်နေတဲ့သူတွေ ဖြစ်တယ်ဆိုပြီး လက်ခံကြတယ်။ ”

စာသင်တိုက်တွေမှာ စာသင်နေကြရတဲ့ သီလရှင်တွေအများစုဟာ မြန်မာနိုင်ငံ အရပ်ရပ်က မဖွံ့ဖြိုးတဲ့ ဒေသတွေ၊ တိုက်ပွဲဖြစ်ပွားတဲ့ ဒေသတွေ၊ ပညာသင်ကြားဖို့ အခက်ခဲဖြစ်တဲ့ ဒေသက ကလေးငယ်တွေ အများစုပါ။

သီလရှင်ဝတ်ပြီး စာသင်ကြားတာဟာ ပညာရေးအပြင် သာသနာတည်တံ့ရေးအတွက်လည်း အရေးကြီးတဲ့ အင်အားတွေ ဖြစ်တယ်လို့လည်း မြို့နယ်သီလရှင် အမှုဆောင်အဖွဲ့ဥက္ကဋ္ဌ ဒေါ်အဂ္ဂဉာဏီက မိန့်ပါတယ်။

“ကလေးတွေက သီလရှင်မဝတ်ဘဲ အပြင်မှာဆိုရင် လမ်းဘေးမှာ ရှိတာတွေလည်းရှိမယ်။ အမျိုးမျိုးပေါ့နော်။ ကေတီဗွီတွေမှာရှိမယ်။ မာဆတ်တွေမှာရှိမယ်၊ အဲလိုမျိုးပေါ့၊ အဲလိုမျိုးတွေ မရောက်အောင် ဆရာလေးတို့၊ သီလရှင်ဆရာကြီးတွေက ပြုစုစောင့်ရှောက် ထိန်းသိမ်းပြီးတော့ ဆရာလေးတို့ အဆုံးမ ကောင်းပေါ်မူတည် ပြီးတော့ သာသနာ့ဘောင်မှာ မြဲသွားရင် ဒီကလေးတွေက သာသနာအတွက် အရေးကြီးတဲ့ကလေးတွေ၊ အရေးကြီးဆုံးတွေပေါ့။ တဖက်တလမ်းက လက်ဆင့်ကမ်းပြီး ၁၀၀ မှာ ၁၀‌ ယောက်လောက် ပေါ်ရင်တောင် မနည်းဘူးလေ။”

ဒါ့ကြောင့် သီလရှင်ဘဝမှာပျော်အောင်၊ စည်းကမ်းရှိပြီး လေးစားထိုက်သူတွေဖြစ်အောင် ကျောင်းထိုင်ဆရာလေး တွေက ထိန်းကျောင်းပေးနေရပြီး ကျန်းမာရေးကောင်းအောင်၊ ရောဂါပိုး မကူးစက်အောင်လည်း စနစ်တကျ စောင့်ရှောက်နေကြရပါတယ်။

သာသနာအတွက် အရေးကြီးတဲ့ သီလရှင်စာသင်သားလေးတွေအတွက် လိုအပ်နေတဲ့ စရိတ်တွေအတွက် အလှူရှင်တွေပြေလည်စေဖို့၊ ရောဂါကပ်ဆိုးကြီး အမြန်ဆုံးပျောက်ကွယ်စေဖို့ တရားဓမ္မတွေ ရွတ်ဖတ်ပူဇော်ရင်း ဆုတောင်းပေးနေကြတာကို တွေ့ခဲ့ရပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့