မိဘမဲ့ကလေးတွေအတွက် ရုန်းကန်နေရတဲ့ မေတ္တာပျိုးခင်း

RFA Burmese
2023.05.19
မိဘမဲ့ကလေးတွေအတွက် ရုန်းကန်နေရတဲ့ မေတ္တာပျိုးခင်း မြစ်ကြီးနားမြို့ ရှဒေါင်ရွာမှာ ဖွင့်လှစ်ထားတဲ့ မေတ္တာပျိုးခင်း မိဘမဲ့ဂေဟာမှ ကလေးသူငယ်များကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့က တွေ့ရစဉ်။
RFA

ဒါက ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ရှဒေါင်ရွာမှာ ဖွင့်လှစ်ထားတဲ့ မေတ္တာပျိုးခင်း မိဘမဲ့ဂေဟာပါ။ ၁၀ ကျော်သက်အရွယ် အမျိုးသမီးငယ်တွေဟာ ဂေဟာတစ်ခုလုံးအတွက် ညနေစာကို တာဝန်ယူချက်ပြုတ်ပေးဖို့ ပြင်ဆင်နေကြတာဖြစ်ပါတယ်။ သူတို့ဟာ မတူညီတဲ့ မိသားစုအသိုင်းဝိုင်းကနေ အခက်ခဲအမျိုးမျိုးနဲ့ ဒီမိဘမဲ့ဂေဟာကို ရောက်လာကြပေမယ့် ဂေဟာရဲ့ တစ်မိုးအောက်မှာတူညီတဲ့ စိတ်ခံစားချက်နဲ့ အချင်းချင်း ဖေးမကူညီရင်း နေထိုင်နေကြတာပါ။

စစ်အာဏာသိမ်းမှု နောက်ဆက်တွဲ စီးပွားရေးအကျပ်အတည်းမှာ မိဘမဲ့ဂေဟာတွေကို လာရောက်အပ်နှံတဲ့ ကလေးအရေအတွက်က နှစ်ဆကျော်မြင့်တက်လာတယ်လို့ မေတ္တာပျိုးခင်း မိဘမဲ့ဂေဟာတာဝန်ခံ ဦးဒေါင်ဒိုင်က RFA ကိုပြောပါတယ်။

“စီးပွားရေးကဏ္ဍမှာ ချွတ်ခြုံကျတဲ့အခါ ဒီမှာလာရောက်ပြီးတော့ တောင်းပန်သံနဲ့ အတူပေါ့လေ ကလေးတစ်ယောက်လောက် စောင့်ရှောက်ပေးပါဦးဆိုပြီး အကူညီတောင်းတဲ့ မိခင်တွေ ရှိကြပါတယ်။ တချို့မိခင်ကတော့ တစ်နှစ်လေးပေါ့ နိုင်ငံရေး ချွတ်ခြုံကျနေတဲ့ အခက်မှာ သူတို့ရဲ့ စီးပွားရေး လုပ်ငန်းဆောင်သာကလည်း ဒုက္ခကြုံတော့ ဒီနှစ်များ နိုင်ငံရေးက လွတ်လာ မလားပေါ့။ အဲဒါကြောင့်မို့ တစ်နှစ်လောက် ဆရာ့ရဲ့ မိဘမဲ့ကျောင်းမှာ ကျွန်တော့သားကို ထားချင်တယ်။ နောက်နိုင်ငံရေး ကောင်းလာရင်တော့ ကျွန်တော်ပြန်လာခေါ်ယူမယ် ကျေးဇူးပြုပြီး အရမ်းခက်ခဲပါတယ် တစ်နှစ်လောက် ထားပေးပါတဲ့”

စီးပွားရေးအကျပ်အတည်းကြောင့် လာအပ်နှံတဲ့ ကလေးတွေကို တစ်နှစ်တစ်ဦးသာ လက်ခံပေမယ့် မိဘနှစ်ပါးလုံးမရှိတော့တဲ့ ကလေးတွေကိုတော့ အကန့်သတ်မရှိ လက်ခံတယ်လို့ ဦးဒေါင်ဒိုင်က ပြောပါတယ်။

၂၀၁၇ ခုနှစ်ကစလို့ ကိုယ်ထူကိုယ်ထ ထူထောင်ထားတဲ့ မေတ္တာပျိုးခင်းမိဘမဲ့ဂေဟာမှာ လက်ရှိ ကလေး ၃၀ ကျော်ကို ပြုစုစောင့်ရှောက်ပေးနေပါတယ်။ ဂေဟာရဲ့ ကုန်ကျစရိတ်ကို အပြင်ကရတဲ့ အလှူငွေနဲ့ တာဝန်ခံ ဦးဒေါင်ဒိုင်ရဲ့ ဘာသာရေးအမှုတော်ဆောင်လစာ တစ်သိန်းခွဲကို အသုံးပြုပြီး မိဘမဲ့ကလေးတွေကိုရေရှည်စောင့်ရှောက်နိုင်ဖို့ ရုန်းကန်နေရပါတယ်။

ဝိုင်းမော်မြို့နယ်၊ ဆော့လော်မြို့ကနေ ရောက်လာတဲ့ အသက် ၁၈ နှစ်အရွယ် မလွမ်းလာမ့်ဟာ အရာရာမှာ ကြိုးစားအားထုတ်တတ်သူဖြစ်လို့ ဂေဟာရဲ့ စံပြတစ်ဦးအဖြစ် သတ်မှတ်ခံထားရသူပါ။

သူ့အသက် ၁၂ အရွယ်မှာ ဖခင်ဖြစ်သူ ဆုံးပါးသွားပြီးနောက် မေတ္တာပျိုးခင်းမိဘမဲ့ဂေဟာကို မိခင်ကိုယ်တိုင် လာရောက်ပို့ဆောင်ခဲ့တာလို့ မလွမ်းလာမ့်က ပြောပါတယ်။

“ဟိုမှာက ဆယ်တန်းဖြေဆို အောင်မြင်ရင်တောင် တခြားဆက်တက်ဖို့က ခက်ခဲတယ်။ ငွေရေး ကြေးရေးကအစ အရမ်းခက်ခဲတယ်။ ပြီးတော့ အခွင့်ရေးတွေလည်း တောင်ပေါ်ကဆိုတော့ အရမ်းရှားတယ်။ ငွေရေးကြေးရေး ခက်ခဲတော့ အဲမှာ ကျောင်းဆက်တက်ဖို့က မဖြစ်နိုင်ဘူးလေ။ အဲဒါကြောင့် အမေလာပို့ထားတာ ကျွန်မလည်း စာအရမ်းသင်ချင်တယ်။ ဒီမှာနဲ့ ဟိုမှာက အရမ်းကွာတယ်”

မလွမ်းလာမ့်ရဲ့ မိသားစုဟာ တစ်ပိုင်တစ်နိုင်တောင်ယာလုပ်ငန်းကို အဓိကလုပ်ကိုင်ပါတယ်။ မလွမ်းလာမ့်ဟာ မောင်နှမ ငါးယောက်ထဲမှာ စတုတ္ထမြောက်သမီးဖြစ်ပါတယ်။

ကိုဗစ်ကပ်ရောဂါနဲ့ အာဏာသိမ်းပြီး နောက်ဆက်တွဲ အခြေနေတွေကြောင့် မလွမ်းလာမ့်ဟာ အစိုးရကျောင်းကို ဆက်မတက်တော့ဘဲ မြစ်ကြီးနားမြို့မှာ ဖွင့်လှစ်ထားတဲ့ Kachinland Collage မှာ ပညာသင်ယူနေပါတယ်။

"နောက်နောင် နိုင်ငံရေး ဒီအတိုင်းပဲ ဆက်ခက်နေမယ်ဆိုရင်တော့ အများကြီး ရောက်လာဦးမှာ"

Kachinland Collage မှာ ကျောင်းက အင်္ဂလိပ် ဘာသာစကား၊ ကချင်ဘာသာနဲ့ အဓိကသင်ကြားပေးပြီး ကျောင်းစရိတ် တစ်လ တစ်သိန်းခြောက်သောင်းကျပ်ကို မိဘမဲ့ဂေဟာက ထောက်ပံ့ပေးထားတာဖြစ်ပါတယ်။

အလားတူ မိုးကောင်းမြို့နယ်၊ နမ္မတီးမြို့ဇာတိဖြစ်တဲ့ အသက် ၁၅ နှစ်အရွယ် မောင်ရောတ်ဂျတ်အောင်ဟာ မိဘနှစ်ပါးလုံး ဆုံးပါး သွားတာကြောင့် ဆွေးမျိုးတွေက မိဘမဲ့ဂေဟာကို ၂၀၁၉ ခုနှစ်မှာ ပို့ဆောင်ခဲ့တာပါ။

စက်ပစ္စည်းတွေကိုချစ်တဲ့ မောင်ရောတ်ဂျတ်အောင်က အနာဂတ်မှာ အင်ဂျင်နီယာတစ်ယောက် ဖြစ်ချင်တယ်လို့ ပြောပါတယ်။

“ကျွန်တော်ကြီးလာရင် အင်ဂျင်နီယာ လုပ်မယ်လို့တော့ စိတ်ကူးထားတယ်။ကျွန်တော့လို ခက်ခဲတဲ့သူတွေကို ကူညီမယ် ကျွန်တော်တို့ထက် ပိုပြီးအခက်အခဲ ကြုံလာတဲ့သူတွေကို ထောက်ပံ့ကူညီပေးချင်တယ်။ ဒီမှာဘိုးဘွားရိပ်သာဖွင့်ဖို့လည်း ဆရာက စီစဉ်နေတာကို အင်ဂျင်နီယာ တစ်ယောက်အနေနဲ့ ပါဝင် ဆပ်ကပ်ပေးချင်တယ်”

ဒီဂေဟာမှာတော့ ကလေးတွေကို ကျောင်းပညာရေးအပြင် ဂီတ၊ လက်မှုပညာ၊ မွေးမြူရေးပညာနဲ့ ဘာသာရေးတရားတွေကို သင်ကြားပေးနေသလို အိမ်မှုကိစ္စ လုပ်ကိုင်တတ်အောင်လည်း လေ့ကျင့်သင်ကြားပေးပါတယ်။

မြစ်ကြီးနားမြို့ ရှဒေါင်ရွာမှာ ဖွင့်လှစ်ထားသည့် မေတ္တာပျိုးခင်း မိဘမဲ့ဂေဟာမှာ လာရောက် ခိုလှုံနေထိုင်ကြသူများကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
မြစ်ကြီးနားမြို့ ရှဒေါင်ရွာမှာ ဖွင့်လှစ်ထားသည့် မေတ္တာပျိုးခင်း မိဘမဲ့ဂေဟာမှာ လာရောက် ခိုလှုံနေထိုင်ကြသူများကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

လက်ရှိမှာ စီးပွားရေးအကျပ်အတည်းအောက် အလှူရှင်နည်းလာတာကြောင့် မိဘမဲ့ကလေးတွေထပ်ပြီးလက်ခံဖို့ အခက်ခဲကြုံရတယ်လို့ ဂေဟာတာဝန်ခံ ဦးဒေါင်ဒိုင်က ဆိုပါတယ်။

“နောက်နောင် နိုင်ငံရေး ဒီအတိုင်းပဲ ဆက်ခက်နေမယ်ဆိုရင်တော့ အများကြီး ရောက်လာဦးမှာ ကျွန်တော်တို့က လက်မခံဘူးဆိုရင်လည်း မသင့်တော်ဘူး။ ဆရာလည်း အတတ်နိုင်ဆုံး စိစစ်ပြီးတော့မှ တကယ်ကို ခက်ခဲတဲ့ ကလေးကိုကျတော့ လက်ခံသွားမှာ။ ဆိုတော့ တစ်နှစ် တစ်နှစ်ဆိုရင်တော့ တဖြေးဖြေးတော့ များလာလိမ့်မယ်”

တိုင်းပြည်ရဲ့ အနာဂတ်အဖြစ် တင်စားကြတဲ့ ကလေးတွေကို တာဝန်ယူဖို့ခက်ခဲလာတာက အင်မတန် စိုးရိမ်းစရာကောင်းတဲ့ အခြေအနေဖြစ်တယ်လို့ သူက ပြောပါတယ်။

ကချင်ပြည်နယ်မှာ ၂၀၁၁ ခုနှစ် တစ်ကျော့ပြန်တိုက်ပွဲနဲ့ အာဏာသိမ်းပြီးနောက် ပြင်းထန်လာတဲ့ တိုက်ပွဲတွေကြားမှာ လုပ်ကိုင်စားသောက်ဖို့ ခက်ခဲလာတဲ့ မိသားစုတွေက ကလေးတော်တော်များများဟာ မေတ္တာပျိုးခင်လို မိဘမဲ့ဂေဟာနဲ့ စစ်ဘေးဒုက္ခသည် စခန်းတွေမှာ ခိုလှုံနေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။