ဒီးမော့ဆို တိုက်ပွဲသံတွေကြားက နွေဦးဂုရုလေးများ

2022.06.01
ဒီးမော့ဆို တိုက်ပွဲသံတွေကြားက နွေဦးဂုရုလေးများ ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်မှ နွေဦးဂုရုလေးများ အမည်ပေးထားတဲ့ ပညာရေးစင်တာအား ၂၀၂၂ ခုနှစ် မေလ ၁၆ ရက်နေ့က တွေ့ရစဉ်
Photo: RFA

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းမှာ တိုက်ပွဲတွေကြောင့် မိဘတွေနဲ့ အတူ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရတဲ့ အထက်တန်းကျောင်းသူ၊ ကျောင်းသားတွေ အတွက် နွေဦးဂုရုလေးများလို့ အမည်ပေးထားတဲ့ ပညာရေးစင်တာတစ်ခု ဖွင့်ထားပါတယ်။

ဒီစင်တာကို ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဩဂုတ်လက လူငယ် ခြောက်ဦးကနေ စတင်ဖွဲ့စည်းခဲ့ တာပါ။ ဒီနှစ် ဇန်နဝါရီလက ပထမဆုံးအသုတ်အနေနဲ့ ကျောင်းသား၊ ကျောင်းသူ ၅၄ ဦးကို စတင်သင်ကြားခဲ့ပြီး အခု ဒုတိယအသုတ်မှာတော့ ကျောင်းသား၊ ကျောင်းသူ ၆၀ ကို ဆက် လက်သင်ကြားပေးနေပါတယ်။ တစ်သုတ်စီကို နှစ်လကြာ သင်ကြားပေးနေတာလည်း ဖြစ်ပါတယ်။

"သင်တဲ့ဟာအများကြီးရှိတာဆိုတော့ ကိုယ့်အတွက် အချိန်မလောက်သလို ခံစားရတယ်"

စစ်အာဏာသိမ်းမှုနဲ့အတူ ဖြစ်ပေါ်လာတဲ့ တိုက်ပွဲတွေကြောင့် အချိန်နှစ်နှစ်လောက် ကျောင်းနဲ့ အလှမ်းဝေးနေတဲ့ ကလေးတွေအတွက် ဒီပညာရေးစင်တာကို ကြိုးစားဖွင့် လှစ်ခဲ့တာလို့ ကျောင်းတာဝန်ခံ ဒေါ်ခင်စန္ဒာညွန့်က ပြောပါတယ်။

“ဒီတော်လှန်ရေး လိုအပ်ချက်ကတော့ ပညာရေးလိုအပ်ချက်က ကြာလာလေလေ ပညာရေးလိုအပ်ချက်က ပိုပိုကြီးလာလေပဲ ဖြစ်မှာပေါ့နော်။ အဲလိုဆိုတော့ ဒီတော်လှန် ရေးကာလမှာ ကိုယ့်ဒေသမှာရှိတဲ့ နိုင်ငံရေး အခြေအနေ၊ တိုက်ပွဲအခြေအနေ ဒေသ လိုအပ်ချက်ရှိတဲ့ အရင်းအမြစ်ပေါ့၊ ဒါတွေအပေါ်မှာ အခြေခံပြီးတော့မှ အဖြစ်နိုင်ဆုံး ပညာရေးပုံစံ၊ လက်တွေ့အကျဆုံးပညာရေးပုံစံ ဒါကို ကျမတို့ လုပ်သွားရမှာပဲ။ ပုံစံကတော့ နည်းမျိုးစုံ ရှိမယ်။ အဓိက ကတော့ ကိုယ့်ဒေသအခြေအနေနဲ့ ဘယ်လို လုပ်နိုင်၊ ကိုင်နိုင်၊ ရှိနိုင်မယ့် ပညာရေးပုံစံ ရှိမလဲပေါ့။ ဒီလိုအပ်ချက်ကို ဖြည့်ဆည်းပေး နိုင်ဖို့ ဘာဖြစ်မလဲပေါ့၊ ဒါကိုစဉ်းစားပြီး ကျမတို့တော်လှန်ရေး ကာလတစ်လျှောက်လုံး တွဲလုပ်သွားမယ်ဆိုတာ ဖြစ်တယ်။ အဲလိုဆိုတော့ ဒီကာလမှာ ပညာရေး အရေးကြီးတယ်။ ကိုယ့်ဒေသရဲ့ လိုအပ်ချက် သင့်တော်တဲ့ပညာရေးကို လုပ်ဆောင်ကြဖို့ အရေးကြီး တယ်လို့ အားလုံးကိုလည်း တိုက်တွန်းချင်ပါတယ်”

သင်တန်းနှစ်လတာအတွင်း ကရင်နီစာပေ၊ သမိုင်းကြောင်း၊ လူ့အခွင့်အရေး၊ နိုင်ငံရေး၊ အနုပညာ၊ အင်္ဂလိပ်စာနဲ့ စိုက်ပျိုးရေးဘာသာရပ်တွေအပြင် စိတ်ပိုင်းဆိုင်ရာ ခွန်အားမြှင့် တင်ရေးကိုပါ သင်ကြားပေးနေတာပါ။

လတ်တလောမှာတော့ သင်ကြားရေး ဆရာ၊ ဆရာမ လိုအပ်ချက်အပြင် သင်တန်းကာလ အတွင်း စားနပ်ရိက္ခာနဲ့ အခြားကုန်ကျစရိတ်တွေအတွက် အခက်အခဲ ရှိနေသေးတယ်လို့ ဆိုပါတယ်။

တက္ကသိုလ်ဝင်တန်းအောင်မြင်ထားတဲ့ လွိုင်ကော်မြို့က ကျောင်းသူတစ်ဦးကတော့ စစ် အာဏာသိမ်းပြီး နောက်ပိုင်း တိုက်ပွဲတွေ ဆက်တိုက်ဖြစ်လာလို့ တက္ကသိုလ် ဆက်မတက် နိုင်ခဲ့ပါဘူး။ ဒါပေမဲ့ သူဟာ တိုက်ပွဲတွေကြောင့် မိသားစုနဲ့အတူ ထွက်ပြေးရင်း နွေဦးဂုရု လေးများ ပညာရေးစင်တာမှာ လေ့လာဆည်းပူးခွင့်ရနေပါတယ်။

“အများကြီးသင်တယ်။ သင်တဲ့ဟာအကုန်လုံးကိုလည်း ရသလောက်ယူသွားမှာပေါ့။ အခု သင်တဲ့ဟာအများကြီး ရှိတာဆိုတော့ ကိုယ့်အတွက် အချိန်မလောက်သလို ခံစားရတယ်။ ဆယ်နာရီဆို အိပ်ပြီဆိုပေမယ့် အဲဒီအချိန်ထက် ပိုလေ့လာချင်ပေမယ့် မီးက အဆင်မပြေ ဘူးလေ။ ပညာဆိုရင်တော့ စာကြည့်တိုက်ပညာ လေ့လာတယ်။ ဂီတတွေ လေ့လာတယ်။ ပန်းချီရယ် နောက်ပြီး အင်္ဂလိပ်စာဆိုရင်လည်း ကိုယ်က အခြေခံဆို နည်းနည်းပဲ ရသေးတာလေ၊ အဲ့ဒါကြောင့် သေသေချာချာ လေ့လာတယ်။ နောက် စာကြည့်တိုက် ပညာပေါ့။ ကျန်တဲ့ဟာ ဆိုရင်တော့ ဝါသနာပါရာ နည်းနည်းစီလေ့လာတယ်”

ဒီသင်တန်းကျောင်းမှာ အသက် ၁၈ နှစ်ကနေ ၂၂ နှစ်ကြား အထက်တန်းကျောင်းသူ၊ ကျောင်းသားတွေကို အဓိကထား သင်ပေးနေတာပါ။

ဒီသင်တန်းကျောင်းမှာ တက်ရောက်ဖို့ ကျောင်းတာဝန်ရှိသူတွေက လူတွေ့မေးမြန်းတာတွေ လုပ်ပြီး ကျောင်းတက်ခွင့် ရခဲ့တာလို့ စစ်ဘေးဒုက္ခသည် ကျောင်းသူ နောက်တစ်ဦးက ပြောပါတယ်။

“ဒီနွေဦးဂုရုလေးသင်တန်း လာမတက်ခင်တုန်းကတော့ စစ်ဘေးရှောင်နေတယ်။ စစ်ဘေးရှောင်ပြီးတော့ အိမ်အလွတ် ဦးလေးအိမ်မှာပဲ နေတယ်။ တောင်ယာလုပ်ကိုင် စားသောက်တာပေါ့။ တစ်ရက် တစ်ရက် တောင်ယာ သွားရတယ်။ အဲဒါ နောက်တစ်ရက် ကျမှ သင်တန်းလာတက်ခဲ့ရတာပါ။ အင်တာဗျူးကတော့ အဲ့လောက် မခက်ပါဘူး၊ လွယ်ပါတယ်။ ဒါပေမဲ့ သူများကို ကြည့်ရတာ တအားကြာတယ်။ အခုကျတော့ အဲဒါ ဖြေပြီးတော့ အောင်တယ်။ လာတက်ရတာပေါ့”

nwayoogurulaymyar.jpg
ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်မှ နွေဦးဂုရုလေးများ အမည်ပေးထားတဲ့ ပညာရေးစင်တာအား ၂၀၂၂ ခုနှစ် မေလ ၁၆ ရက်နေ့က တွေ့ရစဉ် (Photo: RFA)

ဒီကျောင်းမှာ တက်ရောက်နေတဲ့ ကျောင်းသားတစ်ဦးကတော့ တောတောင်ထဲမှာ ဖွင့် ထားတဲ့ ကျောင်းဖြစ်လို့ အဆင်မပြေမှုတွေရှိနေပေမယ့် ဒီမှာပဲ ပညာဆက်ပြီးလေ့လာဖို့ ဆုံးဖြတ်ထားတယ်လို့ ပြောပါတယ်။

“နေရေးထိုင်ရေးက ဒီလိုမျိုးစစ်ရှောင်စခန်းဆိုတော့ သိပ်ပြီးတော့ အဆင်မပြေဘူး။ တောနက်ထဲမှာ ဆိုရင်လည်း သိပ်ပြီးတော့ အဆင်မပြေဘူး။ စားရေး ဝတ်ရေးဆို ရင်တော့ အဆင်ပြေပါတယ်။ တစ်ခါတလေ ဟင်းမကောင်းတော့ ကိုယ်က အဆင်မပြေဘူးဖြစ်နေတယ်။ ဒါပေမဲ့ ကျနော်နားလည်တာက သွားရေး၊ လာရေး ခက်ခဲတော့ ဒီအတိုင်းပဲဆက်နေမယ်ပေါ့ ကျနော် နားလည်လိုက်တယ်”

ဒီသင်တန်းကျောင်းကို ဦးဆောင်ဖွင့်လှစ်ထားတဲ့ နွေဦးဂုရုလေးများ အဖွဲ့ဟာ အခုဆိုရင် အဖွဲ့ဝင် ၁၅ ဦးနဲ့အတူ ကရင်နီဒေသခံတွေရဲ့ ကျန်းမာရေး၊ ပညာရေး၊ စစ်ဘေးဒုက္ခသည် အရေးတွေကိုပါ ပါဝင်ဆောင်ရွက်ပေးနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။