ဘဝကိုအရှုံးမပေးတဲ့ မသန်စွမ်းပန်းချီဆရာ

RFA Burmese
2023.06.16
ဘဝကိုအရှုံးမပေးတဲ့ မသန်စွမ်းပန်းချီဆရာ ရန်ကုန်မြို့လယ် လမ်းဘေးတစ်နေရာတွင် ပန်းချီရေးဆွဲနေသည့် ဦးစိုးခိုင်အား ၂၀၂၃ ခုနှစ် ဇွန်လ ၁ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ကိုဗစ်ကပ်ရောဂါနဲ့ အာဏာသိမ်းနောက်ဆက်တွဲ အကျပ်အတည်းမျိုးစုံကြောင့် သာမန်ပြည်သူတွေ ဝမ်းရေးအတွက် ခက်ခက်ခဲခဲရုန်းကန်နေရတဲ့အချိန်မှာ ဦးစိုးခိုင်ဆိုတဲ့ ပန်းချီဆရာဟာ မသန်ပေမယ့် စွမ်းဆောင်နိုင်သူအဖြစ်နဲ့ ရန်ကုန်မြို့လယ် လမ်းဘေး တစ်နေရာမှာ ပန်းချီဆွဲရင်း ဘဝကို ကြိုးစားရှင်သန်နေပါတယ်။

သူ့နာမည်က ဦးစိုးခိုင်၊ လက်ရှိအသက်က ၄၃ နှစ်ပါ။ မသန်ပေမယ့် စွမ်းဆောင်နိုင်တဲ့ ပန်းချီဆရာ တစ်ယောက်ဖြစ်ပါတယ်။

"သူက သူ့ရဲ့ဘဝကို အရှုံးမပေးဘဲနဲ့ သူ ကျွမ်းကျင်တဲ့ နားလည်တဲ့ အနုပညာနဲ့ ပြည်သူတွေကို ချပြနိုင်တဲ့စွမ်းအားရှိတယ်လေ"

ပြီးခဲ့တဲ့ ကိုဗစ်ကပ်ရောဂါကာလမှာ သာမန်လူတွေတောင် ခက်ခက်ခဲခဲကျော်ဖြတ်ခဲ့ရတဲ့ ရန်ကုန်မြို့ကြီးရဲ့ အခြေအနေကို သူက တစ်လမ်းဝင် တစ်လမ်းထွက်သွားပြီး ပန်းချီဆွဲခဲ့ပါတယ်။

အဲဒီပန်းချီကားတွေကို လမ်းဘေးပလက်ဖောင်းမှာပဲ ဈေးချိုချိုနဲ့ရောင်းချရင်း ကျော်ဖြတ်ခဲ့သူပါ။

"ကိုဗစ်ဖြစ်တဲ့အချိန်လမ်းပေါ်မှာ ကျွန်တော်နဲ့ ခွေးနဲ့ ဒါပဲရှိပါတယ်။ ကျွန်တော်က အဲဒီလို ခြောက်ခြောက်သွေ့သွေ့နဲ့ ပန်းချီရေးရတဲ့အရသာလေးကို သဘောကျတာ။ လူတွေ ဝယ်ချင်နေ၊ မဝယ်ချင်နေ လမ်းပေါ် ကျွန်တော်က လျှောက်သွားတာ။ တစ်လမ်းဝင်၊ တစ်လမ်းထွက် ပန်းချီကားတွေ ရေးတယ်၊ ရေးပြီးသား ပန်းချီကားတွေ ပလက်ဖောင်းပေါ်မှာချိတ်ပြီးရောင်းတယ်။ ကိုဗစ်က လူသား အားလုံးကို အစိတ်စိတ်အမြွှာမြွှာဖြစ်အောင်လုပ်ခဲ့ပေမယ့် ကျွန်တော့်အတွက်တော့ ပန်းချီကားတွေ ပြန်ဆွဲဖြစ်အောင် ကိုဗစ်က တွန်းအားပေးခဲ့ပါတယ်"

သူက မန္တလေးဇာတိပါ။ မွေးချင်း ခုနစ်ယောက်မှာ အငယ်ဆုံးသားဖြစ်ပါတယ်။ သူ တစ်နှစ်သားအရွယ်မှာ အပြင်းဖျားလို့ ဆေးထိုးမှားပြီး မသန်စွမ်းဖြစ်ခဲ့ရတယ်လို့ ဦးစိုးခိုင်က ပြောပါတယ်။

"ဆေးဆရာဝန်က ဆေးထိုးပေးတာ သာမန်မဟုတ်ဘူးဗျ၊ ဗိုက်ကို ထိုးတာ။ သာမန်ဆိုရင် တင်ပါးဆုံတို့မှာ ထိုးတာကိုး။ အဲလို ဗိုက်ကို ဆေးထိုးလိုက်တာ ကြမ်းပြင်နဲ့ခေါင်းနဲ့ ဒုန်းဒုန်းဒုန်းလို့ အဆက်မပြတ် ရိုက်တယ်။ အဲဒီကနေ ကျွန်တော့် ညာခြေတစ်ဖက်ခွင်ပြီး မသန်ဖြစ်သွားတယ်။ နောက် ဘယ်ဘက်လက်ပါ အဲလိုဖြစ်သွားတော့ ဒေါင့်တန်း ဖြစ်သွားတာပေါ့"

ဒါပေမဲ့ သူဟာ စိတ်အားမငယ်ဘဲ မန္တလေးမြို့က ပန်းချီ၊ ပန်းပုအနုပညာကျောင်းမှာ သူ ဝါသနာပါတဲ့ ပန်းချီပညာကို သုံးနှစ်တိတိ လေ့လာသင်ယူခဲ့ပါတယ်။

၂၀၁၇ ခုနှစ်မှာတော့ ရန်ကုန်ကို သူ ပြောင်းခဲ့ပါတယ်။ ရောက်ကာစက မဂ္ဂဇင်းတိုက်နဲ့ ပုံနှိပ်တိုက်တွေမှာ ဝတ္ထုစာအုပ်နဲ့ မဂ္ဂဇင်းတွေအတွက် မျက်နှာဖုံးတွေ၊ ဂရပ်ဖစ်ဒီဇိုင်းနဲ့ သရုပ်ဖော်ပန်းချီတွေကို သူ ဆွဲခဲ့ပါတယ်။

ကိုဗစ်ကြောင့် မဂ္ဂဇင်းတိုက်နဲ့ ပုံနှိပ်တိုက်အတော်များများ ပိတ်သွားချိန်မှာတော့ သူ လမ်းဘေးပန်းချီဆရာ ဖြစ်သွားခဲ့ပါတယ်။ အခုလည်း ပုံမှန်ဝင်ငွေရယ်လို့မရှိပေမယ့် တစ်ရက်ကို ကျပ်တစ်သောင်းကနေ တစ်ခါတလေမှာ ကျပ်တစ်သိန်းလောက်အထိ ရတတ်တယ်၊ တချို့နေ့တွေဆိုလည်း ပန်းချီ တစ်ကားမှ မရောင်းရဘဲ စာထိုင်ဖတ်နေရတဲ့ ရက်တွေလည်းရှိတယ်လို့ ပြောပါတယ်။

ဆရာဦးစိုးခိုင်ဟာ မသန်စွမ်းတစ်ယောက်ဖြစ်ပေမယ့် သူ တတ်တဲ့အနုပညာနဲ့ ရပ်တည်နေတာကို ဂုဏ်ပြုချင်တဲ့အတွက် သူနဲ့ အလုပ်လုပ်နေတာလို့ ပွင့်ပန်းသစ္စာ စာပေတိုက်ပိုင်ရှင် ဦးသန်းဝင်းက ပြောပါတယ်။

"သူက သူ့ရဲ့ဘဝကို အရှုံးမပေးဘဲနဲ့ သူကျွမ်းကျင်တဲ့ နားလည်တဲ့ အနုပညာနဲ့ ပြည်သူ တွေကို ချပြနိုင်တဲ့စွမ်းအားရှိတယ်လေ။ ဒါကြောင့် ကျွန်တော်တို့ စာအုပ်တိုက်ကနေ စာအုပ်တွေထုတ်တဲ့အခါမှာ ပန်းချီသုံးမယ့်စာမူတွေဆို ကိုစိုးခိုင်နဲ့ပဲ ဆက်သွယ်ပြီးတော့ လုပ်ကိုင်နေပါတယ်။ မသန်စွမ်းတဲ့သူကို မြှင့်တင်ချင်တာလည်းပါတယ်။ ပြီးတော့ သန်စွမ်းတဲ့သူတစ်ယောက်နဲ့ ယှဉ်ပြိုင်ပြီးတော့ အလုပ်လုပ်နိုင်တယ်ဆိုတာကို ဂုဏ်ပြုချင်တဲ့အတွက် ကိုစိုးခိုင်နဲ့ အလုပ်အတူတူလုပ်ရခြင်း ဖြစ်ပါတယ်"

သူကိုယ်တိုင်ကလည်း ဦးစိုးခိုင်လိုပဲ မသန်စွမ်းသူများ အသင်းဝင်တစ်ယောက် ဖြစ်ပါတယ်။

ရန်ကုန်မြို့လယ် လမ်းဘေးတစ်နေရာတွင် ပန်းချီရေးဆွဲနေသည့် ဦးစိုးခိုင်အား ၂၀၂၃ ခုနှစ် ဇွန်လ ၁ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
ရန်ကုန်မြို့လယ် လမ်းဘေးတစ်နေရာတွင် ပန်းချီရေးဆွဲနေသည့် ဦးစိုးခိုင်အား ၂၀၂၃ ခုနှစ် ဇွန်လ ၁ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

လမ်းဘေးပလက်ဖောင်းက ဆရာဦးစိုးခိုင်ရဲ့ပန်းချီတွေဟာ နာမည်ကြီး ပန်းချီဆရာတွေရဲ့ လက်ရာတွေလိုပဲ ကောင်းမွန်တာကြောင့် သူ့ရဲ့အနုပညာတွေကို အားပေးကြဖို့ တိုက်တွန်းချင်ပါတယ်လို့ မသန်စွမ်း အသင်းဝင် ကဗျာဆရာ၊ သတင်းစာဆရာ ကိုမြင့်မြတ်အောင်မြင် က ပြောပါတယ်။

"သူတတ်ထားတဲ့ပညာနဲ့ အနုပညာမြောက်တဲ့ ပန်းချီတွေဆွဲတယ်။ လမ်းဘေး ဆိုပေမယ့်လည်း သူ့ပန်းချီတွေက ပန်းချီဆရာကြီးတွေလို သူ့လက်ရာတွေက ကောင်းမွန်ပါတယ်။ အများပြည်သူ ဝယ်ယူနိုင်တဲ့ ဈေးနှုန်းလေးတွေလည်း ဖြစ်တာကြောင့် သူ့ပန်းချီတွေကို အားပေးကြဖို့ တိုက်တွန်းချင်ပါတယ်။ သူက မသန်စွမ်းလည်းဖြစ်တယ်။ သူ့ကို ပိုက်ဆံပေးတာထက်စာရင် သူ့ပန်းချီလေးတွေကို အားပေးလိုက်ရင် သူ့အတွက်လည်းကောင်းတယ်။ ပန်းချီဝယ်လိုက်တဲ့သူလည်း စုဆောင်းပြီးသား ဖြစ်သွားနိုင်ပါတယ်"

ဘဝကိုအနိုင်ရဖို့ တောင်ပံတစ်ဖက်ရှိရင် တစ်ဖက်နဲ့ပျံပါလို့ ဆရာ ဦးစိုးခိုင်က ပြောပါတယ်။

"နိုင်ငံခြားမှာ ခြေမပါ၊ လက်မပါတဲ့သူတောင် ရေကူးမှာချန်ပီယံ ဖြစ်ခဲ့သေးတာပဲ၊ ကိုယ့်ကိုယ်ကိုယ် မေးရမှာပေါ့၊ မင်းက ဘာဖြစ်ချင်တာလဲ၊ လောကကြီးကို အရှုံးပေး မှာလား၊ လောကကြီးကို လှောင်ပြောင်ပြီးတော့ အနိုင်ယူမှာလား၊ လောကကြီးကို အရှုံးပေးမယ်ဆိုရင်တော့ ဒီအတိုင်းပဲ ထိုင်နေလိုက်တော့၊ အနိုင်ယူချင်တယ်ဆိုရင်တော့ ကိုယ့်မှာ တောင်ပံတစ်ဖက်ရှိရင် တစ်ဖက်နဲ့ပျံပါ။ တက်ကျိုးရင် လက်ထိုးလှော် ရမယ်လေ။ ရှိတဲ့အားနဲ့ ဖြစ်ကိုဖြစ်ရမယ်၊ ကြိုးစားမယ်၊ ပျံသန်းမယ်ဆိုရင်တော့ ဟိုကမ္ဘာ အစွန်းဘက်တောင် ဖောက်ထွက်လို့ရပါတယ်"

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။