မဲဆောက်က ပန်းပွင့်၊ သစ်ရွက်တွေနဲ့ ပန်းချီဖန်တီးတဲ့သင်တန်း

RFA Burmese
2025.03.07
မဲဆောက်က ပန်းပွင့်၊ သစ်ရွက်တွေနဲ့ ပန်းချီဖန်တီးတဲ့သင်တန်း ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် ပန်းပွင့်၊ သစ်ရွက်တွေနဲ့ ပန်းချီဖန်တီးတဲ့သင်တန်းအား အခမဲ့ ဖွင့်လှစ်သင်ကြားပေးနေစဉ်။
RFA

စက္ကူ၊ အဝတ်စ၊ သစ်ရွက်၊ ပန်းပွင့် စတာတွေကပ်ပြီး ပုံဖော်ရေးဆွဲတဲ့ ပန်းချီသင်တန်းကို စစ်အာဏာရှင်ဆန့်ကျင်ရေးမှာ ထဲထဲဝင်ဝင် ပါဝင်လှုပ်ရှားနေကြတဲ့ တော်လှန်ရေးရဲဘော်၊ ရဲမေတွေ၊ အကြမ်းမဖက်အာဏာရှင်ဆန့်ကျင်ရေး CDM လှုပ်ရှားမှုမှာ ပါဝင်နေသူတွေနဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို အဓိက ဦးစားပေး သင်ကြားပေးတာဖြစ်ပါတယ်။

ကရင်ပြည်နယ် ဘားအံမြို့ဇာတိ အသက် ၃၉ နှစ်အရွယ် ကိုမင်းသက်ထက်အောင်က သင်ကြားပို့ချပေးတာပါ။

ဆရာသက်လို့လည်းခေါ်တဲ့ ဦးမင်းသက်ထက်အောင်ဟာ စစ်တပ်အာဏာမသိမ်းခင်အထိ ရွှေဂွန်းမြို့မှာ မဟော်သဓာ ကိုယ်ပိုင်စာသင်ကျောင်း တည်ထောင်ခဲ့တဲ့ ကျောင်းဆရာတစ်ယောက် ဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း PDF ရဲဘော်အဖြစ် တော်လှန်ရေးမှာ ပါဝင်လာပြီး ခုတော့ Cobra Column 2 Venom စစ်ကြောင်းမှာ တာဝန်ထမ်းဆောင်နေပါတယ်။

တစ်ချိန်က အနောက်နိုင်ငံမှာ ပညာသင်ကြားခဲ့တုန်းက ဒီပန်းချီအနုပညာကို လေ့လာဆည်းပူးခဲ့ပါတယ်။ အခုလည်း သူတတ်ထားတဲ့ပညာကို ဒီလ မတ် ၂ ရက်ကစတဲ့ ခြောက်ရက်သင်တန်းမှာ သင်တန်းသား၊ သင်တန်းသူ ၁၅ ယောက်ကို လက်ဆင့်ကမ်း သင်ကြားပို့ချပေးနေပါတယ်။

ဒီပညာနဲ့ စီးပွားဖြစ်လုပ်လို့ရတယ်လို့ ကိုမင်းသက်ထက်အောင်က ပြောပါတယ်။

“ပန်းစည်းတွေပေါ့၊ အခုဆိုရင် မင်္ဂလာဆောင်ပန်းစည်းတွေကို လက်ခံပြီး၊ ပန်းတွေကို အခြောက်ခံ Dry ပြီးတော့ ပြန်ပြီးတော့ ပုံဖော်လို့ရတယ်၊ အဲဒါကိုစီးပွားဖြစ် လုပ်လို့ရတယ်ဗျ၊ ပြီးတော့ ဘောင်တွေ အပြည့်မှာ ပန်းတွေဖန်တီးပြီးတော့လည်း ရောင်းလို့ရတယ်၊ သူတို့ရဲ့ မင်္ဂလာဆောင်ဖိတ်စာတွေကို ပန်းတွေနဲ့ အလှဆင်လို့ရတယ်၊ ပြီးတော့ အစားအသောက်တွေမှာ ဒီပန်းတွေကို အခြောက်ခံပြီး ကုန်ကြမ်းအဖြစ်နဲ့ ရောင်းလို့ရတယ်၊ အများကြီး လုပ်လို့ရတယ်ဗျ၊ ဖယောင်းတွေအတွက် လုပ်လို့ရတယ်၊ အများကြီး၊ အများကြီးလုပ်လို့ရတယ်၊ ဒီပန်းကိုအခြေတည်ပြီးတော့ ဈေးကွက်ထဲကို Art ဈေးကွက်ထဲကို အများကြီး ထိုးဖောက်ဝင်ရောက်လို့ ရတယ်ဗျ”

အရင်ဆုံး ပန်းပွင့်ဖတ်တွေ၊ သစ်ရွက်တွေကို မီးနဲ့ အပူပေးပြီး အခြောက်ခံပါတယ်။ အဲဒီနောက် ခြောက်သွေ့သွားတဲ့ သစ်ရွက်တွေ၊ ပန်းပွင့်တွေကို Cutting Board လို့ခေါ်တဲ့ အောက်ခံပြားပေါ်မှာ Art Knife လို့ခေါ်တဲ့ ဓားနဲ့ လိုအပ်တဲ့ အရွယ်အစားအလိုက် လှီးဖြတ်၊ ပုံဖော်လိုက်တဲ့အခါ ပန်းချီကားဖြစ်လာပါတယ်။

သစ်ရွက်ခြောက်၊ ပန်းပွင့်ပန်းဖတ်ခြောက်တွေရဲ့ အရောင် အနုအရင့်အလိုက် ပန်းချီကားမှာ အရောင်နဲ့ အလင်းအမှောင် ကစားပြတဲ့ အနုပညာလည်း ဖြစ်ပါတယ်။

ဒီသင်တန်းမျိုးတက်ရတာ အသက်မွေးဝမ်းကျောင်းပညာတစ်ရပ် ရလိုက်သလိုပါပဲလို့ PDF ရဲမေ မဖူးဖူးက ပြောပါတယ်။

“လက်ရှိ ဒီဘက်ကို ကျွန်တော်တို့ပြေးလာကြတယ်ပေါ့၊ ပြေးလာတဲ့ အခြေအနေတစ်ခုမှာ ဒီဟာက ကျွန်တော်တို့ အသက်မွေးဝမ်းကျောင်းပညာအတွက် အထောက်အကူဖြစ်မယ်ထင်လို့ပေါ့နော်၊ ရည်မှန်းတာကတော့ အများကြီးပေါ့နော်၊ နိုင်ငံတကာအထိလည်း ဒီဟာက ထိုးဖောက်နေတာဆိုတော့လေ၊ ဒီပညာနဲ့ပဲ ထပ်ပြီးတော့ အသက်မွေးဝမ်းကျောင်းပညာတစ်ခုအနေနဲ့ ထပ်ပြီးတတ်မြောက်ချင်တာပါရှင့်”


ဆက်နွှယ်သောသတင်းများ

သစ်ရွက်၊ ပန်းပွင့်တွေနဲ့ ပုံဖော်တဲ့ ပန်းချီပြပွဲ မဲဆောက်မှာ ပြသ

ပန်းချီဆွဲ တက်တူးထိုးပြီး တော်လှန်ရေးကို ထောက်ပံ့ကူညီနေသူ စောစေးဝါး

ထမင်းတစ်နပ် ၁၅ ဘတ်အဖွဲ့က တစ်နပ်စာ ထပ်တိုးချဲ့ဖို့စီစဉ်


ဒါပထမဆုံးသင်တန်းဖြစ်ပြီး နောက်ပိုင်းမှာ အခမဲ့ သင်ကြားပေးဖို့ အခက်အခဲရှိတယ်လို့ ကိုမင်းသက်ထက်အောင်က ဆိုပါတယ်။

“အခုတော့ ကျွန်တော်က ဒီသင်တန်းကို ပထမအကြိမ် ကြိုးစားတာပေါ့နော်၊ အခက်အခဲတွေ အများကြီး ရှိတယ်ခင်ဗျ၊ ငွေကြေးအခက်အခဲတွေ ရှိတယ်၊ နေရာအခက်အခဲတွေ ရှိတယ်၊ ကုန်ကြမ်း အခက်အခဲတွေ ရှိတယ် ဒါကို ကျွန်တော်ကြိုးစားပြီး လုပ်တာပေါ့နော်၊ ဒါပေမဲ့ နောက်ထပ်တစ်ကြိမ်က ဒီလိုမျိုး အခမဲ့ လုပ်နိုင်ပါ့မလားပေါ့နော်၊ ကျွန်တော့်မှာ ခွန်အားရှိတယ်၊ ပညာရှိတယ်ဆိုပေမဲ့ ကျွန်တော်တို့မှာ ငွေကြေး အခက်အခဲ ရှိနိုင်တယ်လေဗျ၊ ဘာကြောင့်လဲဆို ဒီ Art (အနုပညာ) နဲ့ ကျွန်တော့်ရဲ့စစ်ကြောင်းကို Supporting (ထောက်ပံ့) လုပ်ပေးနေတယ်၊ ပြီးတော့ လေးနှစ်တာကာလလုံးမှာ ဒီ Art နဲ့ လှူလိုက်တဲ့ စစ်ကြောင်းတွေလည်း အများကြီးရှိတယ်၊ ဒါကြောင့်မို့ ကျွန်တော့်မှာ ငွေကြေးအခက်အခဲရှိနိုင်တယ်၊ ရှိလာရင်တော့ နောက်ထပ် သင်တန်းတွေ Free (အခမဲ့) ဖွင့်ပေးနိုင်မှာ မဟုတ်ဘူး၊ တကယ်လို့ ကျွန်တော့်ကို Supporting လုပ်ပေးလာရင်တော့ ကျွန်တော်ဖွင့်ပေးနိုင်မယ်ဗျ”

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ သူဖန်တီးထားတဲ့ ပန်းချီ ၄၇ ကားကို မဲဆောက်မြို့က Borderline ပြခန်းမှာ ခင်းကျင်းပြသခဲ့ပါတယ်။

အခုလည်း သင်တန်းသား၊ သင်တန်းသူ ၁၅ ယောက်တို့ ဖန်တီးထားတဲ့ ပန်းချီလက်ရာတွေကို Borderline ပြခန်းမှာ ခင်းကျင်းပြသမယ်လို့လည်း ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။