တယောပညာရှင် PDF ရဲဘော် ကိုအောင်သွေး
2024.12.08
ကိုအောင်သွေးဟာ နိုင်ငံကျော်တယောပညာရှင်ကြီး ဦးတင်ရီဆီမှာ တပည့်ခံယူရင်း ဆရာကောင်း တပည့်ပီသစွာနဲ့ ဂီတဖန်တီးသူအဖြစ်နဲ့ရော လူငယ်တွေအတွက် တယောပညာကိုပါ လက်ဆင့်ကမ်း သင်ကြားပေးနေသူ ဖြစ်ပါတယ်။
စစ်တပ်အာဏာမသိမ်းခင်အထိ ပွဲလမ်းသဘင်တွေ၊ ရှိုးပွဲတွေမှာ တယောထိုးရင်း အသက်မွေးခဲ့ပြီး မျိုးဆက်သစ်လူငယ်တွေကိုလည်း လက်ဆင့်ကမ်း ပညာသင်ပေးခဲ့သူပါ။
"စတိတ်ကျောင်းသားဘဝကတည်းက အဘဦးတင်ရီဆီမှာပဲ သင်ပြီးတော့ ဆယ်တန်းပြီးတော့ အဘ ဦးတင်ရီဆီမှာပဲ ကျောင်းအိပ်ကျောင်းစားပေါ့။ သူ့အိမ်မှာပဲနေ၊ သူ့အိမ်မှာပဲစားပြီးတော့ ပညာလည်း သင်ရင်း သူ့အလုပ်လည်း ဝိုင်းကူလုပ်ပေးရင်း၊ သူ့အလုပ်ဆိုတာ တီးတဲ့ ခတ်တဲ့အလုပ်တို့ ဂီတနဲ့ ပတ်သက်တဲ့ တယောနဲ့ ပတ်သက်တဲ့ အလုပ်ပါပဲ။ ပညာလည်းရတယ်ပေါ့လေ။ ပြောရရင် အလုပ်လည်း ဖြစ်တယ်။ တော်လှန်ရေးမတိုင်ခင်အထိကတော့ အဲလိုပဲ တယောထိုးတဲ့အလုပ်နဲ့ပဲ အသက်မွေးခဲ့တာပေါ့’’
သူ့အသက်က ၄၂ နှစ်ရှိပါပြီ။ ၁၅ နှစ်အရွယ် ရှစ်တန်းကတည်းက တယောထိုး ဝါသနာပါခဲ့ပြီး တယောဦးတင်ရီဆီမှာ စနစ်တကျ သင်ကြားတတ်မြောက်ခဲ့တယ်လို့ ဆိုပါတယ်။ မိသားစု ငါးယောက်ရှိခဲ့ပြီး သူ့ဇာတိနယ်မြို့လေးမှာပဲ မိသားစုဝင်အားလုံး ကွယ်လွန်ခဲ့ကြတယ်လို့ သူ့ဘဝဖြစ်စဉ်ကိုလည်း ပြောပြပါတယ်။
"အဖေက ကျောင်းဆရာပေါ့။ အငြိမ်းစားကျောင်းဆရာ၊ အမေက ကုန်သည်၊ ညီအစ်ကိုမောင်နှမက သုံးယောက်ရှိတဲ့အထဲမှာ အစ်မအကြီးဆုံးကတော့ အသည်းရောင် အသားဝါနဲ့ဆုံးတယ်၊ ညီတစ်ယောက် ကလည်း တီဘီရောဂါနဲ့ ဆုံးသွားတယ်။ အမေကလည်း ဆီးချိုရောဂါ လေဖြတ်ပြီးတော့ ဆုံးတယ်ပေါ့၊ အဖေလည်း လူကြီးရောဂါနဲ့ဆုံးသွားတယ်။ တော်လှန်ရေးမတိုင်ခင်မှာ မိသားစုမရှိတော့ဘူးပေါ့။ ပြောရရင် ကျွန်တော်တစ်ယောက်ပဲ ကျန်တယ်’’
တယောပညာကို နက်နက်နဲနဲဆက်လက်လေ့လာသင်ယူရင်း ဘဝရှေ့ခရီးလမ်းကို တယောထိုးရင်းနဲ့ပဲ အသက်မွေးမယ်လို့ ကြံရွယ်ထားသူပါ။
ဒါပေမဲ့ စစ်တပ်အာဏာသိမ်းလို့ ဇာတိမြို့က ဆန္ဒပြပွဲတွေမှာ တက်တက်ကြွကြွပါဝင်ခဲ့ပြီး နောက်ပိုင်းမှာ စစ်အာဏာရှင်ကို လက်နက်ကိုင်တော်လှန်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့လည်း ဆိုပါတယ်။
"အာဏာသိမ်းပြီးတော့ ကျွန်တော်တို့မြို့မှာစပြီးတော့ ဆန္ဒပြသပိတ်လုပ်တဲ့အချိန် တောက်လျှောက် သပိတ်နဲ့ပဲ ပါတာပေါ့။ အဲဒီမှာ သပိတ်ထက်ကိုပိုပြီးတော့ လူငယ်တွေနဲ့ပေါင်းပြီးတော့ ကျွန်တော် တိုက်ခိုက်ရေးတွေမှာ ဝင်ပါလိုက်သေးတယ်။ ဒါပေမဲ့ ဒီလိုပုံစံမျိုးလေးနဲ့ အစုအဖွဲ့သေးလေးနဲ့ ဒီမြို့ လေးတစ်မြို့နဲ့တော့ လုပ်လို့မရဘူးပေါ့နော်။ ဒါတွေက ခဏလုပ်ရင်ကြေသွားမှာပဲ၊ ဆိုတော့ နောက်ကိုယ့်မှာလည်း ပညာလည်းတတ်ဖို့လိုတယ်။ ဒီပုံစံနဲ့လည်းလုပ်နေလို့ မထူးဘူးပေါ့ အဖမ်းခံရ၊ မခံရရင်လည်းသေသွားမှာပဲ၊ တောထဲသွားပြီးတော့ ပညာသင်တာကောင်းတယ်လို့ စိတ်ကူးနေတဲ့အချိန်၊ ကျွန်တော့်သူငယ်ချင်းတွေကလည်း တောထဲရောက်နေတဲ့အချိန်၊ အဲဒါ သူတို့နဲ့ ဆက်သွယ်မိပြီး တောထဲကို လိုက်သွားတယ်’’
၂၀၂၁ ခုနှစ် နှစ်မကုန်ခင်လောက်မှာ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၆ မှာ စစ်သင်တန်းသင်ကြားခဲ့ပါတယ်။ ၂၀၂၃ ခုနှစ်မှာတော့ ရန်ကုန်တပ်ရင်း ၅၁ဝ၁ စိတ်ဓာတ် စစ်ဆင်ရေးဌာနမှာ တာဝန်ထမ်းဆောင်တယ်လို့ ဆိုပါတယ်။
စစ်အာဏာရှင်ရဲ့လက်ချက်ကြောင့် တိုင်းပြည်လည်းပျက်စီးပြိုလဲနေလို့ တော်လှန်ရေးအမြန်ဆုံးပြီးချင်ပြီလို့ သူကဆိုပါတယ်။
"ပြည်သူတွေက တဖြည်းဖြည်းတိုင်းပြည်က အငတ်ဘေးတွေရောက်နေပြီ ဆိုတော့ တိုင်းပြည်ကြီးက ပျက်နေပြီ အရာရာက၊ ဘယ်လိုခေါ်မလဲ တော်တော်ကို ပျက်နေပြီ၊ ငွေကြေးစီးဆင်းမှု၊ ဂေဟစနစ်တွေလည်း ပျက်သွားပြီ၊ ဆက်သွယ်ရေးဆိုင်ရာတွေလည်း ပျက်သွားပြီ၊ စီးပွားရေးစနစ်တွေလည်း ပြောရရင် အကုန်ပျက်သွားပြီ တိုင်းပြည်က၊ တော်လှန်ရေးမြန်မြန်ပြီးမှ ကျွန်တော်တို့ ဒီတိုင်းပြည်က ထူထောင်ရေးတွေက ပြန်ပြီးတော့ လုပ်လို့ရမှာ။ ကျွန်တော့်ရဲ့တစ်ဦးတည်းသော ပုဂ္ဂလိကခံစားချက်ကတော့ တော်လှန်ရေးမြန်မြန်ပြီးလေကောင်းလေပေါ့။ အဲဒီတော့ ကျွန်တော်လည်း တော်လှန်ရေးပြီး တဲ့အထိတော့ တော်လှန်ရေးအပေါ်မှာ ပြီးတဲ့အထိတော့ လုပ်ရမှာပဲ’’
ဆက်နွှယ်သောသတင်းများ
နယ်စပ်တစ်နေရာက အနုပညာနဲ့တော်လှန်နေတဲ့ တယောသမား
အနာဂတ်အတွက် တိုက်ပွဲဝင်နေတဲ့ မျိုးဆက်သစ်လူငယ်များ
ငြိမ်းချမ်းချင်လို့ စစ်တိုက်သူ
တော်လှန်ရေးရေချိန်အရ ဘယ်ကာလမှာပြီးမယ်၊ ဘယ်ကာလအထိ တော်လှန်ရေးလုပ်နေရဦးမယ် ဆိုပြီး ခန့်မှန်းပြောဆိုနိုင်လောက်တဲ့ အဆင့်မဟုတ်ပေမယ့်လည်း တော်လှန်ရေးပြီးတဲ့အထိတော့ တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်ထားတယ်လို့ ဆိုပါတယ်။
တော်လှန်ရေးပြီးတဲ့အချိန်မှာ တယောပညာနဲ့ ကိုယ်တတ်နိုင်သလောက်ပဲ ဘဝကိုဖြတ်သန်းသွားမယ်လို့ ပြောပါတယ်။
"ခံယူချက်ကဘာလဲဆိုတော့ ကိုယ်တတ်နိုင်တဲ့၊ တီးနိုင်တဲ့ ဒီတယောပညာနဲ့ ကိုယ်တတ်နိုင်တဲ့ အသိုင်းအဝိုင်းကို တတ်နိုင်သလောက် အကျိုးပြုမယ်ပေါ့၊ အဲဒါ ခံယူချက်ပါပဲ၊ ကြီးကြီးမားကြီးမရှိ တော့ပါဘူး၊ အရင်တုန်းကတော့ ကြီးကြီးမားကြီးရှိတာပေါ့၊ အခုတော့အဲသလိုမဟုတ်တော့ပါဘူး၊ ကိုယ်တတ်နိုင်သလောက်ပဲလုပ်တော့မယ်ပေါ့၊ တယောတီးပေးလို့ အဆင်ပြေသွားမယ်ဆိုရင် တယောတီးပေးလိုက်မယ်’’