ထောက်ပို့ ကာတွန်းဆရာဖြစ်လာတဲ့ PDF

RFA Burmese
2024.11.04
ထောက်ပို့ ကာတွန်းဆရာဖြစ်လာတဲ့ PDF ကာတွန်းရေးဆွဲနေသည့် ကေအက်တီအား ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်နေ့က တွေ့ရစဥ်။
ကေအက်တီ

စစ်အာဏာရှင်စနစ်ကို တော်လှန်နေကြတဲ့ လူငယ်တွေထဲမှာ နယ်ပယ်အသီးသီးမှာ ကျွမ်းကျင်သူလူငယ်တွေ အများကြီးပါဝင်ပါတယ်။ သူတို့ထဲက တစ်ဦးကတော့ ကာတွန်းတွေရေးပြီး ထောက်ပို့လုပ်နေတဲ့ ကေအက်တီပါ။

“ကာတွန်းဆိုတာ အများကြီး ပြောစရာမလိုဘူး။ တိုတိုနဲ့လိုရင်းရောက်တယ်။ အဲဒါကြောင့် ကာတွန်းကို ကြိုက်တာ။ ပြီးတော့ စစ်ကောင်စီဘက်အပိုင်းနဲ့ ပြောမယ်ဆို ချော့ပြီးတစ်မျိုး၊ ခြောက်ပြီးတစ်မျိုး၊ သူတို့စိတ်ဓာတ်တွေကို ရိုက်ချိုးပြီးတော့ တစ်မျိုး၊ စိတ်ဓာတ်စစ်ဆင်ရေးပုံစံနဲ့ ဒီကာတွန်းတွေက ထိုးနှက်နိုင်တယ်”

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှာ ကာတွန်းတွေရေးရင်း တော်လှန်ရေးကို ထောက်ပို့နေတဲ့ အသက်၂၈ အရွယ် ကာတွန်းဆရာလေး ကေအက်တီပါ။ မူလတန်းအရွယ်တည်းက ကာတွန်းကို စိတ်ဝင်စားခဲ့တာဖြစ်ပြီး အဲဒီအချိန်တည်းက အပျော်တမ်းကာတွန်းတွေ ရေးဆွဲနေပါပြီ။ အထက်တန်းပြီးချိန်မှာတော့ သူရဲ့ ကာတွန်းဆွဲ ဝါသနာတစ်ခန်း ရပ်ခဲ့ပြီး စစ်တပ်အာဏာသိမ်းချိန်ရောက်မှ အာဏာရှင်ကို ကလောင်နဲ့တော်လှန်ဖို့ ပြန်ဆွဲဖြစ်ခဲ့တာလို့ ပြောပါတယ်။

“အထက်တန်းကျောင်းပြီးတော့ ကာတွန်း မရေးဖြစ်တော့ဘူး။ ဝါသနာက ပါတယ်။ တော်လှန်ရေးဖြစ်တော့ ဆန္ဒလည်း ပြလို့မရဘူး။ အဲဒီအချိန်မှာ ကာတွန်း ကိုဝေယံ၊ ကိုလဂွန်းအိမ်၊ ကိုနေညိုအေးတို့က ခေတ်ထနေတာလေ။ ကာတွန်းတွေနဲ့ နှိမ်တာလေ။ ကိုယ်လည်း အဲဒီလိုရေးရင် ကောင်းမယ်ဆိုပြီး ဝါသနာပါတာနဲ့ ကာတွန်းရေးဖြစ်တာ။ ပြီးတော့ သူတို့ရဲ့အမှားတွေကို မီးမောင်းထိုးပြချင်လို့ ပြန်ရေးဖြစ်တာ၊ တော်လှန်ရေးကြောင့် ပြန်ရေးဖြစ်တာ”

တော်လှန်ရေးနဲ့ ပတ်သတ်တဲ့ကာတွန်းတွေကို ၂၀၂၁၊ မေလမှာ စဆွဲခဲ့ပြီး တစ်နေ့ကို ငါးပုံလောက်အထိ ဆွဲနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီနောက် စစ်ကောင်စီကို ဝေဖန်တဲ့ ကာတွန်းဆွဲသူလို့ သတိထားမိကုန်တာကြောင့် ပြည်တွင်းမှာ ဆက်နေဖို့ မဖြစ်နိုင်တော့ဘဲ ၂၀၂၁၊ အောက်တိုဘာမှာ လွတ်မြောက်နယ်မြေကို စစ်သင်တန်းတက်ဖို့ ထွက်လာခဲ့ပါတယ်။

“စစ်တပ်အာဏာသိမ်းချိန်ရောက်မှ အာဏာရှင်ကို ကလောင်နဲ့တော်လှန်ဖို့ ပြန်ဆွဲဖြစ်ခဲ့တာပါ”

သူဟာ PDF ရဲဘော်တစ်ဦးအဖြစ် ကော်ဘရာစစ်ကြောင်းမှာ ချေမှုန်းရေးတပ်သားအနေနဲ့ရော ထောက်ပို့တပ်သားအဖြစ်နဲ့ပါ တာဝန်ထမ်းဆောင်ဖူးသူပါ။ လက်ရှိမှာတော့ အာရုံကြော အားနည်းတာကြောင့် PDF ရဲဘော်အဖြစ်က ရပ်နားလိုက်ပြီး ထိုင်း-မြန်မာနယ်စပ်မှာ ကာတွန်းတွေရေးရင်း ထောက်ပို့လုပ်နေပါတယ်။

သူ ကာတွန်းရေးတဲ့အခါ သတင်းတွေကို အခြေခံပြီး ရေးဖြစ်တယ်လို့ ကေအက်တီက ပြောပါတယ်။

“အဓိက နိုင်ငံရေးနဲ့ဆိုင်တဲ့ ကာတွန်းတွေရေးရင် YouTube ကတော့ အမြဲနားထောင်တယ်။ ခေတ်သစ်မီဒီယာ၊ PVTV၊ RFA တို့ နားထောင်တယ်။ စကားဝိုင်းတွေ နားထောင်တယ်။ မှတ်ထားတာပေါ့နော်။ တစ်ခုခုဖြစ်တယ်ဆိုရင် သတင်းကို အဓိကအားယူပြီး ရေးတာပေါ့လေ။ သတင်းပေါ် အခြေခံပြီးပဲ ရေးတာများတယ်”

သူ့ရဲ့ကာတွန်းတွေကြောင့် စစ်ကောင်စီဘက်က ခြိမ်းခြောက်တာတွေ ရှိတယ်လို့လည်း ဆိုပါတယ်။

ကာတွန်းဆရာလေး ကေအက်တီက ကာတွန်းဆွဲရုံတင် မဟုတ်ပါဘူး။ ပြောင်းလဲလာတဲ့ ဆိုရှယ်မီဒီယာ ရေစီးကြောင်းအရ ဖေ့စ်ဘုတ်မှာ ဝင်ငွေရတဲ့ အစားအသောက်စားပြတဲ့ Food Vlog ရုပ်သံလေးတွေကိုလည်း ဖန်တီးနေပါတယ်။ ဒါကလည်း အပိုဝင်ငွေရပြီး လိုအပ်တဲ့နေရာတွေကို လှူနိုင်ဖို့ ရည်ရွယ်တာလို့ ပြောပါတယ်။

“Travel Vlogger ၊ Food Vlogger အရင်တည်းက ဖြစ်ချင်တာ။ တောထဲမှာလည်း ရိုက်တယ်။ အရင်ကလည်း ရိုက်တယ်။ အဲဒီလို ဝါသနာပါတယ်။ အခုလုပ်ဖြစ်တာက ဖေ့စ်ဘွတ်ခ်ကနေ ဘောနပ်ပေးတယ်။ အဲဒီလိုဆိုရင် အစားစားပြတာတွေ တင်မယ်ဆိုရင် ပိုက်ဆံရမှာပဲ။ ဒီဘောနပ်ရတာတွေကလည်း အကုန် ပြန်လှူတာပဲလေ။ ပိုများများရှာနိုင်တာပေါ့နော်။ တစ်ခုခု ထပ်လုပ်မယ်ဆိုပြီး ရန်ပုံငွေ ရှာတဲ့အနေနဲ့ပါပဲ”

ထီးဘော်ကော် စစ်ဘေးရှောင် စာသင်ကျောင်းတွင် ကာတွန်းဆရာ ကေအက်တီအား စစ်ဘေးဒုက္ခသည်ကလေးများနှင့်အတူ ၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၈ ရက်နေ့က တွေ့ရစဥ်။ (ကေအက်တီ ဓာတ်ပုံ)
ထီးဘော်ကော် စစ်ဘေးရှောင် စာသင်ကျောင်းတွင် ကာတွန်းဆရာ ကေအက်တီအား စစ်ဘေးဒုက္ခသည်ကလေးများနှင့်အတူ ၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၈ ရက်နေ့က တွေ့ရစဥ်။ (ကေအက်တီ ဓာတ်ပုံ)

စစ်တပ်အာဏာမသိမ်းခင်က တစ်ကိုယ်ရေ အိပ်မက်တွေနဲ့ လူငယ်လေး ကေအက်တီဟာ တော်လှန်ရေးကြောင့် အများကြီးရင့်ကျက်ပြီး အများအတွက် စဥ်းစားပေးတတ်လာတယ်လို့ ပြောပြပါတယ်။

“တော်လှန်ရေးမှာ စိတ်ကတော့ အတော် ပြောင်းလဲသွားတယ်။ အရင်ကတော့ ပုံမှန် lifestyle အတိုင်းပဲ ပိုက်ဆံရှာမယ်၊ ခရီးတွေ သွားမယ်။ အစားတွေ စားမယ်ပေါ့နော်။ အများအတွက် အများကြီး မတွေးပေးနိုင်ဘူး။ အဓိက ကိုယ့်ရည်မှန်းချက်အတွက်ပဲ။ တစ်ကိုယ်ရေ စိတ်ထားနဲ့ပဲ သွားဖြစ်တယ်။ တော်လှန်ရေးဖြစ်တဲ့အချိန်မှာကျ ရဲဘော်ဖြစ်တဲ့အခါ အကုန်လုံးကို မျှဝေပြီး ရဲဘော်ရဲဘက်စိတ် ဝင်လာရတယ်။ အခုကျတော့ အကုန်လုံးအတွက် တွေးပေးတယ်။ ကောင်းတာတွေပဲ ဖြစ်စေချင်တယ်။ ကိုယ့်ပတ်ဝန်းကျင် အသိုင်းအဝိုင်းက၊ တော်လှန်ရေးအသိုင်းအဝိုင်းက အကုန်လုံးပေါ့၊။ ကိုယ့်ဘက်ပဲ ကြည့်တာမဟုတ်ဘဲ အများဘက်ကို စဥ်းစားပေးတတ်လာတာပေါ့”


ဆက်နွှယ်သောသတင်းများ

ထောက်ပို့လုပ်နေတဲ့ သင်္ဘောသားတစ်ယောက်

နယ်စပ်တစ်နေရာက အနုပညာနဲ့တော်လှန်နေတဲ့ တယောသမား

ဆရာဝန်တစ်ယောက်ရဲ့ တော်လှန်ရေးခရီးကြမ်း


သူရဲ့ ကာတွန်း ရုပ်ပုံလေးတွေကနေတစ်ဆင့် ပြည်သူတွေကို စိတ်ဓာတ်ခွန်အားရော၊ သတင်းစကားတွေပါ ပေးပို့နိုင်လို့ ဂုဏ်ယူရတယ်လို့လည်း ကာတွန်းဆရာလေး ကေအက်တီက ပြောပါတယ်။

“ကာတွန်း ရေးတဲ့အပေါ်မှာ အများကြီးပျော်တယ်။ ပြည်သူတွေကို သတင်းစကား ပါးနိုင်တယ်။ ကာတွန်းတွေကနေတစ်ဆင့် သူတို့ပေးတဲ့ နာကျည်းချက်တွေကို ကြောက်မသွားဘဲ တရားမျှတမှု ပြန်ယူရမဲ့အင်အားအဖြစ် ဘယ်လို အသုံးပြုရမလဲဆိုတာ သတင်းစကား ပေးတယ်။ အရေးကြီးတဲ့ သတင်းအချက်အလက်တွေကိုလည်း ကာတွန်းကနေ ပေးတယ်။ အဲဒီအတွက် ကာတွန်းရေးရတာ အများကြီး ဂုဏ်ယူတယ်”

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။