စစ်ကောင်စီကို အဆုံးသတ်တိုက်ပွဲဝင်နေတဲ့ PDF ရဲမေ

RFA Burmese
2024.11.02
စစ်ကောင်စီကို အဆုံးသတ်တိုက်ပွဲဝင်နေတဲ့ PDF ရဲမေ PDF ရဲမေ မမေလှိုင်ထွန်းအား ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂၀ ရက်နေ့က ရှေ့တန်းတစ်နေရာတွင် တွေ့ရစဉ်။
Facebook/May Hlaing Htun

PDF ရဲမေ မမေလှိုင်ထွန်းဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တော်လှန်နေရာမှာ ခက်ခဲကြမ်းတမ်းလွန်းတဲ့ အတွေ့အကြုံတွေ၊ သေရာပါဒဏ်ရာတွေ ရခဲ့ပေမဲ့လည်း အဆုံးအထိ တိုက်ပွဲဝင်သွားမယ်လို့ ဆုံးဖြတ်ထားသူတစ်ယောက်ပါ။

သူဟာ အသက် ၃၀ အရွယ် ရှိပြီဖြစ်ပြီး စစ်တပ်အာဏာမသိမ်းခင်အချိန်က ကုမ္ပဏီဝန်ထမ်းဘဝနဲ့ မိသားစု အဆင်ပြေပြေနဲ့ နေထိုင်ခဲ့ကြပါတယ်။ အဲဒီအချိန်အထိ နိုင်ငံရေးကို သူ ဘာဆိုဘာမှ မသိခဲ့ပါဘူး။ စစ်တပ်က အာဏာသိမ်းလိုက်တဲ့အခါမှာတော့ အဆင်ပြေချောမွေ့နေတဲ့ဘဝဟာ ဖျက်ဆီးခံလိုက်ရသလိုပဲ ခံစားခဲ့ရတယ်လို့ မမေလှိုင်ထွန်းက ပြောပါတယ်။

‘’ဒီဒေါ်အောင်ဆန်းစုကြည် အုပ်ချုပ်တဲ့ကာလတွေမှာ ကောင်းတဲ့၊ ကောင်းသွားတယ်၊ ကောင်းလာတဲ့ ဟာတွေကိုသိတယ်ပေါ့၊ ခံစားရတယ်၊ ဒါပေမဲ့ ဒီ ၁ ရက်နေ့အာဏာသိမ်းတယ်ဆိုတဲ့အချိန်မှာ ဘာ ခံစားရလဲဆိုတော့ ငါးနှစ်တာကာလလုံးမှာ ကောင်းဖို့ဘက်ကို စ သွားနေပြီပေါ့နော် ကောင်းနေပြီ၊ အဲဒီကနေ မကောင်းတဲ့နေရာကြီးကို ပြန်သွားရတော့မယ်ဆိုတဲ့အတွေးမျိုးပေါ့နော် အဲဒီအတွေးမျိုးဝင်လာတဲ့အခါမှာ နိုင်ငံကြီး အရင်အတိုင်းပဲ ပြန်ပြီးတော့အဆင်ပြေဖို့ ပိုကောင်းတဲ့ဆီကိုရောက်ဖို့ ဆန္ဒထုတ်ဖော်ရမယ်၊ ဒီထဲကိုဝင်ပြီးတော့မှ ထဲထဲဝင်ဝင်လုပ်ဆောင်ရမယ်ဆိုတဲ့အတွေးမျိုးဝင်လာပြီးတော့ တော်လှန်ရေးစပြီးတော့ လုပ်ဖြစ်တာပေါ့နော်’’

ဒီလိုနဲ့ ရန်ကုန်မြို့ကိုစွန့်ခွာပြီး သူငယ်ချင်းတွေနဲ့အတူ စစ်သင်တန်းတက်ဖို့ သူ ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီနောက် ကရင်ပြည်နယ်ထဲက နဂါးဖြူစစ်ကြောင်းမှာ PDF ရဲမေအဖြစ် ပါဝင်လာခဲ့တာပါ။

"နိုင်ငံကြီး အရင်အတိုင်းပဲ ပြန်ပြီးတော့အဆင်ပြေဖို့ ပိုကောင်းတဲ့ဆီကိုရောက်ဖို့ ဆန္ဒထုတ်ဖော်ရမယ်၊ ထဲထဲဝင်ဝင်လုပ်ဆောင်ရမယ်ဆိုတဲ့အတွေးမျိုးဝင်လာပြီးတော့ တော်လှန်ရေးစပြီးတော့ လုပ်ဖြစ်တာပေါ့’’

၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၅ ရက်နေ့မှာ ကော့ကရိတ်မြို့ပေါ်က စစ်ကောင်စီတပ်ကို တိုက်နေတဲ့အချိန် မမေလှိုင်ထွန်းတို့အဖွဲ့က ရှေ့တန်းက ရဲဘော်တွေအတွက် လက်နက်ခဲယမ်းနဲ့ ရိက္ခာတွေ သွားပို့ရင်း စစ်ကောင်စီတပ်ဘက်က ပစ်ခတ်တိုက်ခိုက်တာ ခံခဲ့ရပါတယ်။ ပြေးရင်းနဲ့ သူတို့ကား ချောက်ထဲကျခဲ့ပြီး မမေလှိုင်ထွန်းလည်း သေရာပါဒဏ်ရာတွေရခဲ့ပြီး အခုဆယ်လကြာတဲ့အထိ ဆေးကုသခံယူနေရဆဲဖြစ်ပါတယ်။

"စကစ ကနေပြီးတော့ လှမ်းပြီးတော့ လက်နက်ငယ်နဲ့ရော၊ စနိုက်ပါနဲ့ရော လှမ်းပစ်တဲ့အချိန်မှာ ကားက တောက်လျှောက်တော့ မောင်းနေတာပေါ့နော်၊ မောင်းနေရင်းနဲ့ ချောက်ထဲကို ထိုးကျသွားတယ်၊ ထိုးကျသွားတဲ့အချိန်မှာ ကားပေါ်မှာ ရဲဘော် ငါးယောက်လောက်ပါတယ်၊ ကျန်တဲ့သူတွေအားလုံးက ကားပေါ် ကနေ လွင့်ကျသွားပြီး တစ်ယောက်တည်း ကားပေါ်မှာ ကျန်ခဲ့တာပေါ့နော်၊ ကားပေါ်မှာကျတော့လည်း ရဲဘော်တွေအတွက် ထမင်းထုပ်တွေပါမယ်၊ ဖိုတီးတွေပါမယ်၊ အာပီဂျီတွေပါမယ်၊ ပြီးတော့ ကျည်ဆန်တွေပေါ့နော်၊ ဒါတွေ လည်းပါတယ်ပေါ့၊ ကားရဲ့အရှေ့နဲ့မျက်နှာနဲ့သွားရိုက်မိတဲ့ပုံစံမျိုးပေါ့၊ နှာခေါင်းကစောင်းသွားတယ် ဘယ်ဘက်ကို၊ သွားတွေမရှိတော့ဘူးပေါ့နော်’’

ရှေ့တန်းမှာဆေးကုသခံယူနေရင်းကနေ ဒဏ်ရာကဆိုးရွားလာလို့ ခွဲစိတ်ကုသခံယူဖို့အဆင့်အထိ ဖြစ်လာရတယ်လို့ ပြောပါတယ်။

"ထမင်းထုပ်စားရတာ အရမ်းအခက်အခဲရှိတာပေါ့နော်၊ ဘာဖြစ်လို့လဲဆိုတော့ ဒီသွားလေးကို သွားထိလိုက်တာနဲ့ အရမ်းနာတယ်ပေါ့၊ နာတော့ ရေလေးနဲ့ အရည်တစ်ခုခုနဲ့ပေါ့နော် ထည့်စားတာပေါ့၊ စား ရင်းနဲ့ နောက်ပိုင်းကျတော့ ဘာဖြစ်လာလည်းဆိုတော့ လေး ငါးရက်လောက်နေတော့ နှာခေါင်းက အသက်ရှူလို့ မရတော့ဘူး၊ နှာခေါင်းက ပိတ်လာတယ်၊ အမှန်က နှာခေါင်းက ကျိုးသွားတယ်လို့ပဲ ထင်လိုက်တာကိုး တကယ်တမ်းက နှာခေါင်းက တစ်ရိုးလုံးက ကြေသွားတာပေါ့နော်၊ နောက် ဘုရားသုံးဆူဘက်က ဆေးခန်းကို သွားတဲ့အခါမှာ နှခေါင်းကတော့ သူတို့ဆီမှာ လုပ်လို့မရဘူးပေါ့နော်၊ သွားကလည်း စားလို့သောက်လို့ အဆင်ပြေသွားအောင် နုတ်ပေးမယ်ပေါ့၊ နုတ်ပေးလိုက်တဲ့ အခါကျတော့ စားရသောက်ရတာ ပိုအဆင်ပြေသွားတာပေါ့’’

သူ့ရဲ့ နှာခေါင်းကိုလည်း မဲဆောက်ဆေးရုံကြီးမှာ ခွဲစိတ်ကုသခဲ့ပါတယ်။ အခုအချိန်အထိ ဆေးရုံပြနေရဆဲ ဖြစ်ပါတယ်။ ဒီတော်လှန်ရေးအမြန်ဆုံးပြီးချင်လို့ ရဲဘော်တွေနဲ့အတူ တိုက်ပွဲဝင်ဖို့ ရှေ့တန်းပဲပြန်ချင်တယ်လို့ ပြောပါတယ်။ တိုင်းပြည်ပျက်နေတဲ့အချိန်ဖြစ်လို့ တိုင်းပြည်ပြန်ကောင်းဖို့အတွက် တော်လှန်ရေးကိုပဲ အာရုံစိုက်ကြရမယ်လို့ ဆိုပါတယ်။

PDF ရဲမေ မမေလှိုင်ထွန်းအား ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့က ရှေ့တန်းတစ်နေရာတွင် တွေ့ရစဉ်။ (Photo: Facebook/May Hlaing Htun)
PDF ရဲမေ မမေလှိုင်ထွန်းအား ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့က ရှေ့တန်းတစ်နေရာတွင် တွေ့ရစဉ်။ (Photo: Facebook/May Hlaing Htun)

"တိုင်းပြည်အေးချမ်းဖို့ဆိုတာကလေ၊ တစ်ဦးတစ်ယောက်ချင်းဆီမှာ တိုင်းပြည်အေးချမ်းစေချင်တဲ့ စိတ်ရှိဖို့လိုတာပေါ့နော်၊ ငါတို့တိုင်းပြည်သည် ငါတို့က တိုင်းပြည်ကောင်းစေချင်တဲ့စိတ် တစ်ဦးတစ်ယောက် ချင်းဆီမှာရှိမှ အဲလိုစိတ်ရှိမှကောင်းမယ်ဆိုတာမျိုးပေါ့နော်၊ အဲလိုမျိုးတွေးပြီးတော့ ကူပါ၊ လှူပါ၊ နောက်တစ်ခုကျတော့ စည်းလုံးပါ၊ ညီညွတ်ပါ တော်လှန်ရေးကြီးကို ဖိုးကပ်ထားပါ အဲလိုမျိုးပဲ ပြောချင်ပါတယ်’’

မြို့ပြမှာ ကုမ္ပဏီဝန်ထမ်းအဖြစ်နဲ့ သာယာတဲ့ဘဝလေး ဖြတ်သန်းနေရင်းကနေ တောထဲမှာကြမ်းတမ်း ခက်ထန်တဲ့အတွေ့အကြုံတွေနဲ့ အသားကျနေပြီလို့လည်း ဆိုပါတယ်။

တော်လှန်ရေးပြီးရင် ရဲဘော်တွေအားလုံး အတူတူဆုံတွေ့ပြီး အောင်ပွဲခံချင်တယ်လို့ သူက ပြောပါတယ်။

‘’တော်လှန်ရေးရဲဘော်တွေကိုပြောချင်တာ ကိုယ်တွေအကုန်လုံးကပေါ့နော် မိသားစုတွေကိုလည်း စွန့်လွှတ်ခဲ့တယ်၊ တောထဲမှာ ပင်ပင်ပန်းပန်းနဲ့ အများကြီး အင်တိုက်အားတိုက်ပေါ့နော် ဒီတော်လှန်ရေးအောင်ဖို့အတွက် ပါဝင်ထားတဲ့သူတွေဖြစ်တဲ့အတွက်ကြောင့်မို့လို့ တော်လှန်ရေးကြီးပြီးသွားတဲ့အခါ အောင်ပွဲခံတဲ့အခါမှာ လူစုံချင်တယ်၊ အဲခါကျတော့ မသေအောင် နေပေးပါပေါ့နော်၊ အဲဒါပဲ ပြောချင်ပါတယ်’’

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။