နိုင်ကျဉ်းတွေရဲ့ လက်လုပ်တူရိယာတွေနဲ့ ဖျော်ဖြေတဲ့ ဂီတပွဲ ကျင်းပ
2024.11.25
၂ဝ၂၁ စစ်တပ်အာဏာသိမ်းပြီးနောက် ထိုင်းမြန်မာနယ်စပ်ကို ရှောင်တိမ်းရောက်ရှိနေကြတဲ့ ဂီတပညာရှင်တွေ၊ ဝါသနာရှင်တွေ စုဖွဲ့ထူထောင် ထားတဲ့ သောင်ရင်းသုခုမ တီးဝိုင်းနဲ့ ၈၈ မျိုးဆက် နိုင်ငံရး အကျဉ်းသားဟောင်းတွေ ပါဝင်တဲ့ ဂီတအတောင်ပံ (Music Wings) အဖွဲ့တို့ ပူးပေါင်းပြီး တောင်ပံခတ်သံများဂီတ ဖျော်ဖြေပွဲကို မဲဆောက်မြို့မှာ နိုဝင်ဘာ၂၄ ရက် ညနေက ကျင်းပခဲ့ပါတယ်။ ၈၈ မျိုးဆက် နိုင်ငံရေးအကျဉ်းသားဟောင်းတွေ ထောင်တွင်းဖန်တီးခဲ့ကြတဲ့ လက်လုပ်တူရိယာပစ္စည်းတွေနဲ့ တီးခတ်ဖျော်ဖြေကြတာလည်း ဖြစ်ပါတယ်။
ဒီဖျော်ဖြေပွဲက မျိုးဆက်နှစ်ခုပေါင်းစပ်ဖျော်ဖြေတာဖြစ်တယ်လို့ သောင်ရင်းသုခုမ ဂီတအဖွဲ့ တာဝန်ရှိသူ တယောဆရာ ကိုဖိုးစံ က ပြောပါတယ်။
"ဒီပွဲလေးက ထူးခြားတယ်၊ ဘာလို့ ထူးခြားလဲဆိုတော့ ကျွန်တော်တို့ မျိုးဆက်နှစ်ခုပေါင်းတဲ့ ၊ လူကြီးလူငယ် ပေါင်းစပ်ပြီးလုပ်တဲ့ ပွဲလေးဖြစ်သလို တူရိယာနှစ်မျိုးပေါ့နော်၊ မတူညီတဲ့ တူရိယာနှစ်မျိုးပေါင်းထားတဲ့ပွဲလေးလည်း ဖြစ်ပါတယ်"
ထောင်တွင်းဖိနှိပ်ညှဉ်းပန်းမှုတွေကြားမှာ လက်လုပ်တူရိယာတွေနဲ့ ဂီတသံဖန်တီးခဲ့ကြတဲ့ ၈၈ နိုင်ငံ ရေးအကျဉ်းသားဟောင်းတွေနဲ့အတူ ဖျော်ဖြေခွင့်ရတာကိုလည်း ဂုဏ်ယူရတယ်လို့ သူက ဆက်ပြောပါတယ်။
"ထောင်တွင်းမှာ ပြုလုပ်ခဲ့တဲ့ တူရိယာတွေပေါ့နော်၊ ထောင်ထဲမှာ အခက်အခဲတွေ များစွာနဲ့ ဒီတူရိယာတွေ လုပ်ခဲ့တယ်၊ အဲ့တော့ ဒီဟာကအရမ်းကို inspire ဖြစ်တယ်၊ ဒီလိုအခက်အခဲတွေ အကျပ်အတည်းတွေနဲ့ ပိတ်လှောင်ထားတဲ့ အချိန်မှာတောင်မှ ဂီတအသံရအောင်လုပ်တယ်ပေါ့နော်”
ဒီအဖွဲ့တွေက ဂီတအနုပညာနဲ့ သီဆိုဖျော်ဖြေ ရန်ပုံငွေရှာဖွေပြီး တော်လှန်ရေးအင်အားစုတွေ လိုအပ်တဲ့နေရာတွေကို အကူအညီပေးကြပါတယ်။ ဒါ့အပြင် စိတ်ဓာတ်မြှင့်တင်ရေး အစီအစဉ်တွေမှာလည်း ဂီတနဲ့ ပါဝင်ဖျော်ဖြေကြပါတယ်။
"ထောင်တွင်းမှာ ပြုလုပ်ခဲ့တဲ့ တူရိယာတွေပေါ့နော်၊ ထောင်ထဲမှာ အခက်အခဲတွေ များစွာနဲ့ ဒီတူရိယာတွေ လုပ်ခဲ့တယ်၊ အဲ့တော့ ဒီဟာကအရမ်းကို inspire ဖြစ်တယ်"
နိုင်ငံရေးအကျဉ်းသူဟောင်း မဇူးဇူးမေယွန်းက... "၈၈ က သူတို့ထောင်ထဲမှာလုပ်ခဲ့တဲ့ hand made လေးတွေပေါ့၊ ဂီတာလေးတွေနဲ့ လက်မှုပညာလေးတွေနဲ့ အဲ့ဒါလေးတွေပါဝင်မှာဖြစ်ပါတယ်၊ အနောဆိုမဲ့သီချင်းက လှောင်ချိုင့်ထဲကတေးပေါ့နော် ၈၈ ထဲကထွက်လာတဲ့တေးကို ပြန်ဆိုရမှာဖြစ်တဲ့အတွက် စိတ်လည်းလှုပ်ရှားမိတယ်၊ ပူးပေါင်းပါဝင်ရတဲ့အတွက် ဝမ်းလည်းဝမ်းသာပါတယ်" လို့ ပြောပါတယ်။
ဆက်နွှယ်သောသတင်းများ
ထောင်တွင်း ကျန်းမာရေးစောင့်ရှောက်မှုညံ့လို့ နိုင်ကျဉ်းတွေအတွက် စိုးရိမ်နေရ
နိုင်ငံရေးအကျဉ်းသားတွေအပေါ် ဖိနှိပ်ညှဉ်းပန်းမှုတွေ ပိုပြင်းထန်လာ
ဒီဖျော်ဖြေပွဲကျင်းပချိန်ဟာ သောင်ရင်းသုခုမ ဂီတအဖွဲ့ ဖွဲ့စည်းတာ တစ်နှစ်ပြည့်ချိန်ဖြစ်ပြီး နိုင်ကျဉ်းဟောင်းတွေ စုဖွဲ့ထားတဲ့ Music Wings ဂီတ အဖွဲ့ ထူထောင်တာ ခြောက်လ ပြည့်ချိန်လည်း ဖြစ်ပါတယ်။ လွတ်မြောက်နယ်မြေကို ရှောင်တိမ်းလာပြီး တော်လှန်ရေးမှာ အဖက်ဖက်က ပါဝင် နေသူတွေကို စိတ်ခွန်အားပေးဖို့ အခုလိုဖျော်ဖြေတာလို့ Music Wings ဂီတအဖွဲ့ တာဝန်ရှိသူ ဦးထွန်းက ပြောပါတယ်။
ဒီဂီတအဖွဲ့ နှစ်ခုပူးပေါင်းဖျော်ဖြေတဲ့ပွဲကိုတော့ မဲဆောက်မြို့ရောက် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ၊ အမျိုးသားညီညွတ်ရေးအစိုးရ NUG အဖွဲ့ဝင်တွေ၊ ရွှေ့ပြောင်းမြန်မာပညာရေးဌာနက ဆရာ၊ဆရာမတွေ ၊ အကြမ်းမဖက်အာဏာဖီဆန်ရေး CDM ဝန်ထမ်းတွေအပြင် မဲဆောက်မြို့ခံတွေ တက်ရောက်အားပေးခဲ့ကြပါတယ်။