နာဂစ်အလွန် ၁၄ နှစ်အကြာ မြစ်ဝကျွန်းပေါ်
2022.07.01
လူသားတွေဟာ ကမ္ဘာဦးကာလကတည်းက သဘာဝရဲ့ ကောင်းမွေဆိုးမွေတွေနဲ့အတူ ယဉ်တွဲနေထိုင်ခဲ့ရတာပါ။ တိုးတက်ပြောင်းလဲလာတဲ့ လူသားတွေရဲ့ ဉာဏ်စွမ်းက သဘာဝဘေးအန္ထရာယ်တွေကို ကြိုတင်ခန့်မှန်းနိုင်ခဲ့ကြပါတယ်။ ဒါကြောင့် သဘာဝဘေးအန္ထရာယ် ကာကွယ်ရေး အစီအစဉ်တွေကိုလည်း ကြိုတင်စီမံနိုင်ခဲ့ကြပါတယ်။
မြန်မာနိုင်ငံရဲ့ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသဟာ ကပ္ပလီပင်လယ်နဲ့ ဆက်စပ်တည်ရှိနေပြီး၊ နုန်းတင်မြေနုလွင်ပြင်နဲ့ ပင်လယ်ထဲကိုထိုးထွက်နေတဲ့ကျွန်းဆွယ်တွေ ပေါင်းစပ်ထားတဲ့ဒေသ ဖြစ်ပါတယ်။ စိုက်ပျိုးရေး၊ ရေလုပ်ငန်းနဲ့ ဆားချက်လုပ်ငန်းတွေက ဒီဒေသရဲ့ အဓိက စီးပွားရေးလုပ်ငန်းတွေ ဖြစ်ပါတယ်။ လူဦးရေ ခြောက်သန်းလောက် မှီတင်းနေထိုင်ကြပါတယ်။ ပင်လယ်နဲ့နီးကပ်တဲ့ဒေသ ဖြစ်တာကြောင့် မုန်တိုင်းအန္တရာယ်ကို မကြာခဏ ကြုံတွေ့ရပေမယ့် မုန်တိုင်းဒဏ်ကို ဆိုးဆိုးဝါးဝါး မကြုံတွေ့ရတာ ၂၀၀၈ ခုနှစ် နာဂစ်ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်မခံရခင်အထိ ဖြစ်ပါတယ်။
အဲဒီအချိန်က အုပ်ချုပ်ရေးအာဏာရယူထားတဲ့ နအဖ စစ်အစိုးရဟာ အဖျက်စွမ်းအားကြီးမားနိုင်တဲ့ မုန်တိုင်းသတင်းကို "သာမန်" မုန်တိုင်းသတိပေးချက်အနေနဲ့သာ ထုတ်ပြန်ခဲ့ပါတယ်။
၂၀၀၈ မေလက တိုက်ခတ်ခဲ့တဲ့ နာဂစ်ဆိုင်ကလုန်းမုန်တိုင်းဟာ ကမ္ဘာ့အဆိုးဝါးဆုံး သဘာ၀ ဘေးအန္ထရာယ်စာရင်းမှာ မှတ်တမ်းဝင်သွားတဲ့အထိ အဖျက်စွမ်းအား ပြင်းထန်ခဲ့ပါတယ်။ ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်းအတွင်းက လူပေါင်း ၂ သန်း ၄ သိန်းလောက်ကို ဆိုးဆိုးဝါးဝါး ထိခိုက်ခဲ့ပြီး၊ လူတစ်သန်းနီးပါး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပါတယ်။ လူတစ်သိန်းကျော် သေဆုံးခဲ့ပါတယ်။
မုန်တိုင်းတိုက်ခတ်စဉ်မှာ မုန်တိုင်းရဲ့အချင်းဟာ မိုင်တစ်ရာကျော်ရှိခဲ့ပြီး လေတိုက်နှုန်းကတနာရီ ၁၂၀ မိုင်နှုန်းအထိ ရှိခဲ့တာကြောင့် ဧရာဝတီတိုင်းအတွင်း မုန်တိုင်းဖြတ်ကျော် တိုက်ခတ်သွားတဲ့ဒေသတွေက ရေလုပ်ငန်းနဲ့ ဆားချက်လုပ်ငန်းတွေ အားလုံး တစ်ခုမကျန် ပျက်စီးခဲ့ရပါတယ်။ စိုက်ပျိုးရေးလုပ်ငန်းသုံး ကျွဲနွားကောင်ရေ ၂၀၀၀ သေဆုံးခဲ့ပါတယ်။
ဦးကိုထွေး - ဇီးသောင်ရွာ
"မကြုံဖူးဘူးခင်ဗျ။ နှစ် ၅၀ အတွင်းမှာလဲ မကြုံဖူးဘူး။ ကျွန်တော်တို့ရဲ့ ကြီးတဲ့ ဘိုးဘွားတွေကိုလဲ မေးကြည့်တယ်၊ မြန်မာနိုင်ငံမှာ ဒီထက်ကြီးမားတဲ့ မုန်တိုင်းရှိသေးလား လို့ပေါ့နော်။ မကြုံဖူးပါဘူးတဲ့နော်။ သက်ကြီးရွယ်အိုတွေလဲ ပြောတယ်။ သူတို့လဲမကြုံဖူးဘူး"ဒေါ်ခင်အေး - ဖိုးညိုကုန်းရွာ
"အတွေ့အကြုံမရှိတော့ ကြောက်လဲမကြောက်ဘူး၊ ပြင်လဲမပြင်ဘူး။ အမှုမဲ့အမှတ်မဲ့ မထီမဲ့မြင်ပေါ့နော်။ ဒီလောက်ကြီးလဲ မဖြစ်နိုင်ပါဘူးပေါ့။ ရေဒီယိုကိုလဲ အခုလို မယုံကြည်ဘူးပေါ့နော်။ မဖြစ်နိုင်ပါဘူးဆိုတဲ့ ပေါ့ပေါ့လေးနဲ့ပဲ ခံလိုက်ရတာပေါ့ကွယ်"ဦးမြ - ကဝက်ရွာ
"ရေတွေကို အိမ်ခေါင်တွေ မြုပ်ပြီးတော့ လွင့်ထွက်ကုန်တာလေ။ အကုန်လုံး လွင့်ကုန်တာ။ လွင့်ကုန်တာ သစ်ပင်တွေပေါ်မှာ တွယ်တဲ့သူက တွယ်ပေါ့"ဦးလှ၊ ဘုန်တော်ပြည့်ရွာ
"တစ်ရွာလုံး တိုင်ငုတ်တောင်မကျန်ဘူး။ ပြောင်သလင်း ခါသွားတာ"ဒေါ်ခင်အေး၊ ဖိုးညိုကုန်းရွာ
"အကုန်ကုန်ရောပေါ့။ ကျွဲနွားတွေက ခုနစ်ကောင်၊ ခိုင်းနွားချည်းပဲ။ နွားပေါက်တစ်ကောင်ပဲ ပြန်ရတယ်။ ကျန်တာ ဘယ်မှမတွေ့ဘူး။ သားလေးတွေ သမီးလေးတွေ တစ်ယောက်မှ ရှာမတွေ့ဘူး။ တယောက်မှ မမြင်လိုက်ရဘူး။ တူ။ တူမက ၆ ယောက်၊ သမီးလေး မြေးလေးက ၄ ယောက်၊ ၁၀ ယောက် ဆုံးရှုံးသွားတာ"ဦးလှ၊ ဘုန်းတော်ပြည့်ရွာ
"စက်လှေတစ်စီးမှ မရှိတော့ဘူး။ ကျွန်တော်ပင်လျှင် ၃ စီးရှိတာ ရှာလို့ကို မတွေ့တော့ဘူး"
မုန်တိုင်းတိုက်ခတ်ပြီး တပတ်ကြာတဲ့အထိ ကယ်ဆယ်ရေးအစီအစဉ်တွေ မစတင်နိုင်ခဲ့တာကြောင့် ဒေသခံတွေဟာ အတော်ကို ဆိုးရွားတဲ့အခြေအနေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ အဲဒီအချိန်မှာ မုန်တိုင်းဒဏ်ကို တိုက်ရိုက်မခံစားခဲ့ရတဲ့ဒေသက ပြည်သူတွေက မုန်တိုင်းဒဏ်ခံရတဲ့ပြည်သူတွေကို ကူညီဖို့ ကြိုးပမ်းခဲ့ကြပါတယ်။
ဦးမြ၊ ကဝက်ရွာ
"စစ်တပ်ကလာတယ်။ တပ်ကြပ်ကြီးတစ်ယောက် လာတယ်။ ဘာမှ အကူအညီမပေးဘူး။ ရတာလေးသယ်ပြီး လစ်ချသွားပြီ"ဦးကိုလှ၊ ကွင်းချောင်းရွာ
"ကျွန်တော်သည် ဘိုကလေးကပါ။ ကျွန်တော် လေမုန်တိုင်းတိုက်တဲ့ အချိန်မှာ ကျွန်းညိုတိုက်နယ် ကွင်းချောင်းကျေးရွာကို ကျွန်တော့်သားသမီးတွေ ရှိ တဲ့အတွက် ကျွန်တော်ဆင်းသွားပါတယ်။ ဆင်းသွားတဲ့အချိန်မှာ လမ်းမှာ အလောင်းတွေ ပေါလောပေါ်နေတာ တွေ့ခဲ့ရပါတယ်။ ကျွဲနွားတွေသေနေတာ အများကြီးတွေ့ရပါတယ်။ စက်လှေကို သုံးသောင်းပေးငှားပြီး ဆင်းသွားရပါတယ်။ ရွာထဲလဲရောက်ရော လေးချိုးမှာ သုံးချိုးလောက် သေကြေပျက်စီးတာကို တွေ့ရပါတယ်"
နအဖ စစ်အစိုးရကတော့ မုန်တိုင်းနောက်ဆက်တွဲ သတင်းဆိုးတွေကို ဖုံးဖိဖို့ ကြိုးပမ်းခဲ့ပါတယ်။ နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့တွေကို မုန်တိုင်းပြီး သုံးပတ်ကြာမှ ခွင့်ပြုချက် ပေးခဲ့တာပါ။
အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းတွေ နှောင့်နှေးခဲ့တဲ့အတွက် မုန်တိုင်းကြောင့် သေဆုံးသူတွေရဲ့ အလောင်းတွေက နေရာအနှံ့ မှာ ပြန့်ကြဲနေပါတယ်။ စစ်အစိုးရကတော့ အလောင်းတွေကို မြေမြုပ်သင်္ဂြိုဟ်ပေးနေကြတဲ့ စေတနာ့ဝန်ထမ်း အရပ်သားတွေကို အသင်းအဖွဲ့ဥပဒေ ပုဒ်မတွေနဲ့ ဖမ်းဆီးအကျဉ်းချခဲ့ပါတယ်။ တဖက်မှာလည်း သူတို့ရေးဆွဲထားတဲ့ အခြေခံဥပဒေကို အတင်းအကြပ်အတည်ပြုဖို့ အင်တိုက်အားတိုက် ဖိအားပေး လုပ်ဆောင်နေပါတယ်။
ဦးမြ၊ ကဝက်ရွာ
"ကျောင်းကြီးလဲ မရှိတော့ဘူး။ အစောကတော့ အုတ်ပတ်ကားနဲ့၊ အခုတော့ ပြိုလို့။ ကလေးတွေ စာဘယ်လိုသင်ရမယ်ဆိုတာ ဘယ်လိုမှ စဉ်းစားလို့မရသေးဘူး။ အဲကျမှ အခုမဲတွေ ထည့်ခိုင်းတယ်ဆိုတာလဲ… 'လာ၊ လူကြီးမရှိရင် ကလေးလာ' ဆိုတော့ လူကြီးတွေ ဆိုတာကလည်း တချို့တွေက မြို့သွားပြီး မိသားစုတွေ အကူအညီ သွားတောင်းပေါ့ဗျာ။ မိသားစုထမင်းစားဖို့ အပြေးအလွှားနဲ့။ အဲဒီမှာ မဲတွေ အတင်းထည့်ခိုင်းတော့"
နိုင်ငံတကာ အကူအညီတွေကတော့ ပြည်တွင်းကို အဆက်မပြတ်ရောက်လာပါတယ်။ ကယ်ဆယ်ရေးအဖွဲ့အစည်းတွေကလည်း အလှူရှင်တွေရဲ့ အကူအညီနဲ့ မုန်တိုင်းဒဏ်သင့်ဒေသတွေကို ပြန်လည်ထူထောင်ဖို့ အစွမ်းကုန် ကြိုးပမ်းခဲ့ကြပါတယ်။ အလှူရှင်တွေထဲမှာ ဗြိတန်ဘုရင်မကြီး အဲလိဇဘက်၊ ဟယ်ရီပေါ်တာဝတ္တုရေးသူ ဂျေကေ ရိုးလင်းနဲ့ ဂျိမ်းစဘွန်းမင်းသား ဒယ်နီရယ်ခရက်တို့အထိ ပါဝင်ခဲ့ပါတယ်။
စားနပ်ရိက္ခာ၊ နေအိမ်နဲ့ စာသင်ကျောင်း၊ နောက်ထပ်မုန်တိုင်းတွေ တိုက်ခတ်လာရင် ခိုလှုံနိုင်ဖို့ အဆောက်အအုံတွေသာ မကဘဲ ဒေသခံတွေရဲ့ အသက်မွေးဝမ်းကြောင်းတွေ ပြန်လည်စတင်နိုင်ဖို့ အဘက်ဘက်က စီမံပေးခဲ့ကြပါတယ်။
အခု ၂၀၂၂ ခုနှစ်ဆိုရင် နာဂစ်မုန်တိုင်း တိုက်ခတ်ခံရတာ ၁၄ နှစ် ကြာခဲ့ပြီဖြစ်ပါတယ်။ မုန်တိုင်းဒဏ်သင့်ဒေသတွေမှာလည်း အတော့်ကို နေသားတကျ ပြန်လည်စည်ကားနေခဲ့ပါပြီ။ လမ်းပန်းဆက်သွယ်ရေးနဲ့ စီးပွားရေးတွေလည်း ပိုပြီးကောင်းမွန်လာတဲ့သဘော ရှိပါတယ်။
ဒါပေမယ့် နာဂစ်မုန်တိုင်းအပြီးမှာ ဒေသကို စွန့်ခွာပြီး တစ်နယ်တစ်ကျေးမှာ ကျပန်းအလုပ်တွေ သွားလုပ်ကြရသူ တွေကလည်း မနည်းမနောပါ။
အသစ်ပြန်လည် တည်ဆောက်ထားတဲ့ ကျေးရွာတွေကလည်း အမြင်အရ နေချင်စဖွယ် ဖြစ်နေပါပြီ။ ဖြောင့်ဖြူးနေတဲ့ ကတ္တရာလမ်းမတွေ၊ သစ်ပင်တန်းလေးတွေနဲ့ပါ။
နာဂစ်ဒေသ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်တွေထဲမှာ သစ်ပင်သစ်တောတွေ ပြန်လည်စိုက်ပျိုးတဲ့ အစီအစဉ်လည်း ပါဝင်ခဲ့ပါတယ်။ သစ်ပင်တွေ စိုက်ပျိုးခဲ့သူတွေထဲက တစ်ဦးကတော့ ဦးကိုထွေးပါ။ အရင်က အဖွဲ့အစည်းရဲ့ တာဝန်အရ စိုက်ခဲ့တာဖြစ်ပေမယ့်၊ အခုလည်း သစ်ပင်ပျိုးပင်တွေကို ကိုယ်တိုင်ပျိုးထောင်ပြီး စိုက်ချင်သူတွေကို ဖြန့်ဝေပေးနေသူပါ။
ဦးကိုထွေး - ဇီးသောင်ရွာ
"အခုမြင်တွေ့နေရတဲ့ သစ်တောက အော်ရီးရှားတို့၊ မာလာလူးကားတို့ဆိုတာ နာဂစ်ပြီးမှ စိုက်ကြတာပေါ့လေ။ ဟိုတုံးကဆိုရင် ကမ်းခြေမှာနေတဲ့ ရွာသားတွေဟာ ကျီးလန့်စာစား နေရတာ။ လေတွေများ တိုက်မလား၊ လေတိုက်လာရင် လှိုင်းများတက်လာမလားပေါ့်နော်။ အဲဒီတော့ ဒီသစ်တောတွေ ရှိလို့ရှိရင် လှိုင်းတွေကိုလဲခွဲသွားမယ်၊ တိုက်ရိုက်ကြီး မခံစားရဘူး။ လေတိုက်တယ် တိုက်ရိုက်မခံစားရဘူးပေါ့။ အခုဆို ၁၀ နှစ်ကာလအတွင်းမှာ လွန်ခဲ့တဲ့နှစ်တွေက မုန်တိုင်းတွေ ရှိခဲ့ကြတယ်။ ဒီလေကာတောတွေ ရှိလို့ သူတို့တွေက လေတိုက်မှန်း မသိကြဘူး။ သူတို့လဲ စိတ်ချလက်ချ နေလို့ရသွားပြီ။ သူတို့ကိုယ်သူတို့လဲ ယုံကြည်မှု ရှိသွားပြီ။ ဒီသစ်တောရှိလို့ သူတို့ အေးအေးဆေးဆေး အိပ်နိုင်တယ် စားနိုင်တယ်။ အလုပ်လုပ်နိုင်တယ်ပေါ့"
မြန်မာနိုင်ငံရဲ့ ရေထွက်ပစ္စည်းပို့ကုန်က ရတဲ့ နိုင်ငံခြားဝင်ငွေဟာ ကျပ်ငွေ တစ်ဘီလျံလောက် ရှိပါတယ်။ ဒါကြောင့် မြစ်ဝကျွန်းပေါရဲ့ ရေလုပ်ငန်းကလည်း အရေးကြီးပါတယ်။ မုန်တိုင်းတိုက်ခတ်စဉ်က ပျက်စီးခဲ့တဲ့ ရေလုပ်ငန်းတွေလဲ အခုတော့ ပြန်လည် လည်ပတ်နေပါပြီ။ တစ်နိုင်တစ်ပိုင် ရေလုပ်သားတွေကတော့ ရေတက်ရေကျနဲ့ တွက်ဆပြီး ငါးဖမ်းထွက်ရတယ်ဆိုပေမယ့် လေပြင်းနဲ့ မုန်တိုင်းသတင်းကိုတော့ အမြဲ နားစွင့်နေကြရပါတယ်။
ရေလုပ်ငန်းနဲ့ဆက်စပ်နေတဲ့ ဆားချက်လုပ်ငန်းတွေကလည်း နာဂစ်မုန်တိုင်းပြီး ၅ နှစ်ကာလလောက်အထိ အတော်ရုန်းကန်ခဲ့ရပါတယ်။ အခုတော့ အင်အားအပြည့်နဲ့ ပြန်လည် လည်ပတ်နေပါပြီ။ ပင်လယ်ရေကို နေလှန်းပြီး ရှေးရိုးအတိုင်း ဆားချက်နေကြဆဲပါ။
စီးပွားရေးမှာ ပုံမှန်ပြန်လည်ပတ်နေတဲ့ ဒေသမှာ ပညာရေးနဲ့ပတ်သက်တဲ့ အဆောက်အဦးတွေကလည်း တိုးတက်ပြည့်စုံလာပါတယ်။ သဘာဝဘေးနဲ့ပတ်သက်တဲ့ ကြိုတင်ကာကွယ်ရေး အစီအမံတွေကိုလည်း ဒေသခံတွေက ပိုပြီး ဂရုပြုလာကြပါတယ်။
ဒေါ်ခင်အေး - ဖိုးညိုကုန်း
"အခုလို မျက်စိအောက် နားအောက်မှာ ကိုယ်တွေ့ကြုံထားရတော့ မုန်တိုင်းလာမယ်ဟေ့၊ ဘယ်နေရာမှာ ဝင်တော့မယ်ဆိုရင် ဒီမှာ အကုန်ပြင်ဆင်ပြီးသား။ ရေကအစ ပုံးနဲ့ထည့်ပြီးတော့ ကျင်းတူးပြီး မြှုပ်ထားတာ၊ ရေငတ်မှာစိုးလို့။ လိုအပ်တာကို ထုပ်ပြီးသား။ ဟိုတုံးကတော့ ကိုယ့်စီးပွားကိုယ်လုပ်နဲ့။ အခုတော့ မျှမျှတတနဲ့ မေတ္တာတရားတွေ ထားကြတယ်။ ဟိုတုံးကတော့ မာန်တွေမာနတွေနဲ့ပေါ့နော်၊ နာဂစ် မဖြစ်ခင်တုံးကတော့။ အခုကတော့ နာဂစ်ဖြစ်ခါစနဲ့စာရင် တော်တာပေါ့နော်။ တော်ပေမယ့် လိုအပ်ချက်တွေကတော့ ဘာတွေလိုသလဲဆိုတော့ ရေလိုတယ်၊ မီးလိုတယ်၊ ဒီနေရာတွေမှာ။ အဲဒီဖွံ့ဖြိုးမှုကတော့ လိုတာပေါ့"
နိုင်ငံတကာအလှူရှင်တွေဟာ မုန်တိုင်းဒဏ်ခံဒေသ ပြန်လည်ထူထောင်ရေးအတွက် အမေရိကန်ဒေါ်လာ တစ်ဘီလျံကျော်သုံးပြီး အစွမ်းကုန်ကူညီပံ့ပိုးပြီး ဒေသကို ပြန်လည် ထူထောင်ပေးခဲ့ကြတာပါ။ ဒေသအတွက် ကောင်းမွန်တဲ့ ရလဒ်တွေ ရခဲ့ပေမယ့် လိုအပ်ချက်ကတော့ ၁၄ နှစ်ကြာခဲ့တဲ့အထိ ဆက်ရှိနေဆဲပါ။
ဒေသတွင်းမှာ ကောင်းမွန်သန့်ရှင်းတဲ့ သောက်သုံးရေ ရရှိဖို့ ခက်ခဲနေပါသေးတယ်။ ဒါ့အပြင် အလှူရှင်တွေ တည်ဆောက်ထားပေးခဲ့တဲ့ မုန်တိုင်းဒဏ် ခိုလှုံရေး အဆောက်အအုံတွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့ လည်း လိုအပ်နေပါတယ်။
ဒေသခံတွေကတော့ ကြေကွဲစရာ မိသားစုဇာတ်လမ်းတွေနဲ့အတူ ဘိုးဘွားတွေရဲ့ဇာတိမြေမှာ မိရိုးဖလာ နည်းလမ်းတွေနဲ့ အသက်မွေးဝမ်းကြောင်းနေဆဲ ဖြစ်ပါတယ်။