အမှိုက်ကောက်သူဖြစ်သွားတဲ့ လယ်ပိုင်ရှင်

2023.01.25
အမှိုက်ကောက်သူဖြစ်သွားတဲ့ လယ်ပိုင်ရှင် ဦးဖိုးသိန်းနှင့် မိသားစုအား ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

အသက် ၆၆ နှစ်အရွယ် ဦးဖိုးသိန်းဟာ တစ်ချိန်က ဧရာဝတီတိုင်း ဝါးခယ်မမြို့မှာ လယ် ၁၂ ဧက ပိုင်ဆိုင်ခဲ့တဲ့ လယ်သမား တစ်ဦးပါ။ ရာသီဥတုဖောက်ပြန်မှုအပြင် လယ်သမားတိုင်း ကြုံရလေ့ရှိတဲ့ ကြွေးမြီပြဿနာတွေကြောင့် လယ်မြေတွေကို ထုခွဲရောင်းချပြီး လွန်ခဲ့တဲ့ ၈ နှစ်လောက်က ရန်ကုန်မြို့ကို မိသားစုနဲ့အတူ ပြောင်းရွှေ့လာခဲ့ကြပါတယ်။

သူဟာ ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်က အမှတ် (၆၁) ရပ်ကွက်မှာနေထိုင်ပြီး ပုလင်းခွံ ဘူးခွံကောက်တဲ့ အလုပ်နဲ့ မိသားစုကို ဦးဆောင်နေရသူဖြစ်ပါတယ်။

"အခုကတော့ သမီး စက်ချုပ်သင်ချင်ပါတယ်။ စက်ချုပ်သင်ပြီး တော့ မိဘတွေကို ရှာကျွေးချင်ပါတယ်”

ဒါပေမဲ့ သူ့အတွက် စားဝတ်နေရေး မပြေလည်ပါဘူး။ အိမ်ကထမင်းချိုင့်ထည့်မပေးနိုင်တဲ့ နေ့တွေမှာ ဘုန်းကြီးကျောင်းက ဝေငှတဲ့ ဆွမ်းကျန်ဟင်းကျန်တွေနဲ့ တစ်နပ်စာဝမ်းရေးကို ဖြေရှင်းရတဲ့အခါလည်း ရှိတယ်လို့ ဦးဖိုးသိန်းက ပြောပါတယ်။

“တစ်ခါတလေ အိမ်မှာက ခုန နားရက်နဲ့ကြုံလို့ အဆင်မပြေဘူးလေ၊ စားဖို့မပြေတော့ ဘာလုပ်လဲဆိုတော့ ကျနော်တို့ ဒီဘုန်းကြီးကျောင်းမှာပေါ့နော် ဘုန်းကြီးကျောင်းတွေမှာ ၁၁ နာရီခွဲလို့ရှိရင် ထမင်းတိုးနေတာ တွေ့တယ်။ တွေ့တော့ ကျနော်တို့ ကျွတ်ကျွတ် အိတ်လေးဝယ်လိုက်တယ်၊ ကျွတ်ကျွတ်အိတ်လေးဝယ်ပြီး ကျနော်တို့ အဲဒီမှာဝင်ပြီး တော့ သားအဖတွေ ဝင်တိုးတယ်၊ ဝင်တိုးပြီးရတဲ့ ထမင်းလေးတွေ၊ ဟင်းလေးတွေကို စားတယ်။ ပိုတဲ့ထမင်းဟင်းလေးတွေကို ကျနော်တို့ကလည်း ဇလုံထဲကိုထည့်လာတယ်။ လမ်းရောက်ရင် ခွေးပိန်လေးတွေ၊ ငတ်ပြတ်နေတဲ့ခွေးလေးတွေကို ကျနော်တို့ အဲဒါလေးတွေ ကျွေးခဲ့တယ်”

ဦးဖိုးသိန်း ရန်ကုန်ကို ပြောင်းလာခါစက ဆောက်လုပ်ရေး၊ သံချည်သံကွေးလုပ်ငန်းတွေမှာနဲ့ လုံခြုံရေးဝန်ထမ်းအဖြစ်ပါ ကြုံရာကျပန်း အလုပ်တွေကို ဝင်ရောက်လုပ်ကိုင်ခဲ့ပေမယ့် အဆင်မပြေတာကြောင့် စွန့်ပစ်ပစ္စည်းအဝယ်ဆိုင်တစ်ခုက လက်တွန်းလှည်းကို ငှားရမ်းပြီး သူ့ကလေးတွေနဲ့အတူ ပုလင်းခွံ၊ ဘူးခွံကောက်တဲ့ အလုပ်ကို ဆက်လက်လုပ်ကိုင်နေတာလို့ ဆိုပါတယ်။

အခုတော့ ကလေးကစားစရာအရုပ်တွေ ချိတ်ဆွဲထားတဲ့ အဲဒီလက်တွန်းလှည်းဟာ ဦးဖိုးသိန်းတို့ မိသားစုရဲ့ အမှတ်သင်္ကေတတစ်ခုလို ဖြစ်နေပါပြီ။

“တချို့ကမေးတယ် ဦးလေးတဲ့ ဒီအရုပ်လှည်းလေး ဘာလို့ထားတာလဲတဲ့။ ကျနော်တို့ ဒီအရုပ်လှည်းလေးနဲ့ ထွက်လာမယ်ဆိုရင် ၆၁ ရပ်ကွက် ဒဂုံဆိပ်ကမ်းမြို့နယ် အိမ်အမှတ် ၄၀၁ အဲမှာနေပါတယ်၊ ကျနော် မခိုးဘူး၊ မဝှက်ဘူး၊ မလိမ်ဘူး၊ မညာဘူး ပါဆိုတဲ့ အရုပ်လှည်းလေးပါ။ ဘာဖြစ်လို့လဲ ဒီခိုးမယ့်၊ ဖွက်မယ့်၊ လိမ်မယ်ညာမယ်ဆိုရင် ဒီသူခိုးအရုပ်လှည်းကြီးဆိုပြီး အဖမ်းခံရမှာ ကျိန်းသေပါပဲ”

သူနေထိုင်တဲ့ မြေကွက်ပိုင်ရှင်ကို ခွင့်တောင်းပြီး ဘူးပင်၊ ငှက်ပျောပင်နဲ့ သီးပင်စားပင် တွေကို စိုက်ပျိုးထားပါတယ်။ ဒါဟာ မီးဖိုချောင်အသုံးစရိတ်ကို တစ်ဖက်တစ်လမ်းက ကာမိအောင်အတွက်ဖြစ်တယ်လို့ ဆိုပါတယ်။

ဦးဖိုးသိန်းတို့ ဇနီးမောင်နှံမှာ သားသမီး ရှစ်ဦးထွန်းကားပြီး အဲဒီအထဲက သုံးဦးကတော့ အိမ်ထောင်ခွဲနဲ့ သီးခြားနေထိုင်ကြပါတယ်။ ဒါပေမဲ့ ပုလင်းခွံ၊ ဘူးခွံကောက်ရာမှာတော့ သားသမီးအားလုံးအတူတကွ ကောက်ကြတာပါ။ သူတို့ရဲ့ တစ်နေ့ဝင်ငွေဟာ ကျပ်နှစ်သောင်းဝန်းကျင်ရှိပြီး အဲဒါကိုလည်း ဝေစုသုံးခုခွဲပြီး ယူကြတာလည်း ဖြစ်ပါတယ်။

ဦးဖိုးသိန်းနဲ့အတူနေထိုင်တဲ့ သားသမီး ငါးဦးထဲမှာ ကျောင်းနေအရွယ်တွေရှိကြပေမယ့် စားဝတ်နေရေး အဆင်မပြေတဲ့အတွက် ကလေးတစ်ဦးကိုသာ ကျောင်းဆက်ထားနိုင် ပါတယ်။

ဖခင်နဲ့အတူ ပုလင်းခွံ၊ ဘူးခွံလိုက်ကောက်နေတဲ့ အသက် ၁၄ နှစ်အရွယ် မဖြိုးဖြိုးဝေဟာ မိသားစု အကျပ်အတည်းကြောင့် စတုတ္ထတန်းကနေ ကျောင်းထွက်ထားရသူပါ။ သူ့အနေနဲ့ စက်ချုပ်ပညာကို သင်ယူချင်တယ်လို့ မဖြိုးဖြိုးဝေက ပြောပါတယ်။

“အခုလောလောဆယ်မှာတော့ ကျောင်းလေးတန်းနဲ့ ထွက်လိုက်ရတယ်။ မိဘတွေကို လိုက်ကူပြီးလုပ်နေရတယ်။ သမီးငယ်ငယ်တုန်းကတော့ ကျောင်းတက်လို့ ဘွဲ့ရလို့ရှိရင် ဆရာမဖြစ်ချင်တယ်။ အခုကတော့ သမီး စက်ချုပ်သင်ချင်ပါတယ်။ စက်ချုပ်သင်ပြီး တော့ မိဘတွေကို ရှာကျွေးချင်ပါတယ်”

family-poor.JPG
ဦးဖိုးသိန်း၏ မိသားစုအား ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

မပြေလည်မှုတွေကြောင့် တစ်ချိန်က လယ်သမားဘဝကို စွန့်လွှတ်ခဲ့ရတဲ့ ဦးဖိုးသိန်းတို့ မိသားစုဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာလည်း ကုန်ဈေးနှုန်းမြင့်တက်မှု ပြဿနာတွေကြောင့် အကြွေးနွံထဲမှာ ရုန်းကန်နေရဆဲပါ။ သူတို့လို အခြေခံလူတန်းစား တွေရဲ့ ဘဝဟာ ထမင်းနပ်မှန်ဖို့တောင် ခက်ခဲလာနေတယ်လို့ ဦးဖိုးသိန်းရဲ့ ဇနီး ဒေါ်လှဌေးက ပြောပါတယ်။

“ရလာတဲ့အခါကျလို့ရှိရင် ဈေးဆိုင်မှာသွားပြီးဆပ်တယ်၊ သူတို့ ပြန်ရောက်လာတဲ့ အခါကျတော့ သွားဆပ်တယ်။ ခေါက်ပြန်ကြေး အဲလိုလေး ဆပ်ရပါတယ်၊ နှစ်ရက်ဆိုင်း၊ သုံးရက်ဆိုင်းပေါ့ အဲလိုဆပ်ရတယ်။ ဟိုးအရင်တုန်းကတော့ ဝင်ငွေကောင်းပါတယ်။ အခုကတော့ သိပ်မကောင်းဘူး၊ အခုကတော့ ကွာခြားတယ်။ ဆန်တစ်ပြည်ကို အခါတိုင်းတုန်းက ၁၃၀၀ ဝယ်ရတယ်၊ အခု ၂၄၀၀ ဝယ်ရတယ်၊ အဲလို ကွာခြားတယ်။ ဆီဆိုလို့ရှိရင် ၃၅၀၀၊ ၄၀၀၀ ဝယ်ရတယ်၊ ငါးဆယ်သား တစ်ဗူးကို၊ စားရေးသောက်ရေး အဲလိုဖြစ်တယ်။ ဟင်းစားကျီးစားကျတော့လည်း အခါတိုင်းဆိုရင် မနက် ၁၅၀၀ ည ၁၅၀၀ အခုဆို တစ်နေ့ ၆၀၀၀ ဖိုးလောက်ကုန်တယ်။ ချက်ရတဲ့အခါလည်းချက်ရ၊ မချက်ရတဲ့အခါလည်း အသီးအနှံလေးပေါ့၊ စိုက်ထားတာလေး ခူးပြီးချက်၊ အဲလိုပဲ စားရတယ်၊ ဟင်းစားဝယ်စားရတဲ့ အခါလည်း စားရတယ်။ ထင်းဘာညာကျတော့လည်း သူတို့လှည်း သွားရင်းနဲ့ ကောက်ကဲ့လာတယ်။ မီးသွေးဘာညာ ဝယ်မချက်ရဘူးပေါ့၊ ဒီထင်းလေးတွေနဲ့ ချက်ရတယ်”

ဦးဖိုးသိန်းကတော့ ကျောင်းနေအရွယ် ကလေးသုံးဦးကို ဒီနှစ်မှာ ကျောင်းမထားနိုင်ပေမယ့် နောင်နှစ်မှာတော့ ဖြစ်တဲ့နည်းနဲ့ ကျောင်းထားနိုင်အောင် ကြိုးပမ်းနေတယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ လူဦးရေ ၅၆ သန်းအနက် ၂၅ သန်းဟာ ဆင်းရဲမွဲတေမှုတွေနဲ့ နေထိုင်နေရ သူတွေဖြစ်ပြီး ၁၇.၆ သန်းကတော့ လူသားချင်းစာနာထောက်ထားမှု အကူအညီ လိုအပ်နေသူတွေဖြစ်တယ်လို့ ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က အခုလထုတ်ပြန်တဲ့ ၂၀၂၃ ခုနှစ်အတွင်း လူသားချင်းစာနာ ထောက်ထားမှုလိုအပ်ချက် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဦးဖိုးသိန်းတို့ဟာ အဲဒီသန်းပေါင်းများစွာထဲက မိသားစု တစ်စုဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။