ငှက်ပျောပင်ကနေ လူသုံးကုန်ပစ္စည်းထုတ်လုပ်မှု တွင်ကျယ်လာအောင် ကြိုးပမ်းနေ
2024.11.05
Green Banana Myanmar ဆိုတဲ့အဖွဲ့ရဲ့ခေါင်းဆောင် ဦးမြင့်သိန်းတစ်ယောက် ငှက်ပျောအူကနေ ချည်မျှင်ထုတ်တာကို သရုပ်ပြနေတာပါ။
မြန်မာနိုင်ငံသားတွေဟာ ငှက်ပျောအူဆိုရင် စားစရာအဖြစ်နဲ့ပဲ သုံးနေတာပါ။ အခုတော့ ငှက်ပျောအူကို ချည်မျှင်ထုတ်ပြီး အဝတ်အထည်နဲ့ ကုန်ပစ္စည်းလုပ်လို့ရတယ်ဆိုတာ သိလာကြသလို ထုတ်လည်း ထုတ်နေကြပါပြီ။
“ငှက်ပျောလို့ ပြောလိုက်ရင် လူတော်တော်များများရဲ့ စိတ်ထဲမှာ ငှက်ပျောက ဘယ်လိုထုတ်ရလဲဆိုတာကို သက်ရောက်မှု မရှိတဲ့အခါ ယုံကြည်မှု မရှိဘူးပေါ့။ ကျွန်တော်တို့က ယုံကြည်အောင် ကျနော်တို့ကိုယ်တိုင်က တည်ဆောက်ပြရတယ်။ ကိုယ်တိုင် ငှက်ပျောနဲ့ပတ်သက်တဲ့ ထုတ်ကုန်တွေ ထုတ်တယ်။ ကိုယ်တိုင် ဦးထုပ် ဆောင်းတယ်။ ကိုယ်တိုင် ဖိနပ်စီးတယ်။ ကိုယ်တိုင် ငှက်ပျောနဲ့ပတ်သက်တဲ့အိတ်တွေကို ကိုင်တွယ်သုံးစွဲပြရတယ်”
Green Banana Myanmar အဖွဲ့ကို တနင်္သာရီမြို့နယ်မှာစပြီး တည်ထောင်ခဲ့ပြီး အခုတော့ ရန်ကုန်မှာ အခြေစိုက်ထားပါတယ်။ ဒီလို ငှက်ပျောပင်ကနေ ကုန်ပစ္စည်းလုပ်ဖို့ နိုင်ငံခြားသား ခရီးသွားတစ်ဦးက ဦးမြင့်သိန်းကို အကြံပေးသွားခဲ့တာပါ။
“ကုန်ချောတွေ ထွက်လာရင် ငှက်ပျောစိုက် တောင်သူတွေအတွက်လည်း ဝင်ငွေ တိုးလာနိုင်ပါတယ်”
ငှက်ပျောပင် အကာက လျှော်ချည်ထုတ်လို့ရပြီး အတွင်းပိုင်းအူက ပိုနူးညံ့တဲ့ချည်မျှင် ထုတ်လို့ရပါတယ်။ ကျန်တဲ့အပိုင်းအစတွေလည်း အသုံးတည့်ပါတယ်။
“ဒီအောက်ခြေမှာ စွန့်ပစ်သွားတဲ့ ဟာတွေကတော့ ငှက်ပျောရဲ့ သဘာဝအရ ပိုတက်ဆီယမ် အားကောင်းတဲ့အတွက် သဘာဝမြေသြဇာအနေနဲ့ သုံးချင်တယ်ဆိုလည်း သုံးလို့ရပါတယ်။ အဲဒီလိုမဟုတ်လည်း စက္ကူတို့ ကျွန်တော်တို့ ဆောင်ရွက်လို့ရပါတယ်ဗျ”
ဒီလိုကုန်ချောတွေ ထွက်လာရင် ငှက်ပျောစိုက် တောင်သူတွေအတွက်လည်း ဝင်ငွေ တိုးလာနိုင်တယ်လို့ သဘာဝပတ်ဝန်းကျင် ချစ်မြတ်နိုးသူ မကြည်ပြုံးမြင့်က ယုံကြည်ပါတယ်။
“ငှက်ပျောပင်က တစ်ပင်လုံးမှာရတဲ့ အသီး၊ ပင်စည်၊ အရွက် ဒါတွေကအစ အကုန် အသုံးပြုလို့ရတယ်လေ။ အသုံးပြုလို့ရတာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ တစ်ဖက်တစ်လမ်းကနေပြီးတော့ ကျွန်မတို့အနေနဲ့ ပြောရမယ်ဆိုရင် ဝင်ငွေတစ်ခု ရနိုင်တဲ့အပြင်ကို ငှက်ပျောချည်မျှင်အနေနဲ့လည်း အသုံးပြုဖို့အတွက်ဆိုရင် အဆင်ပြေမယ်လို့ ယုံကြည်ပါတယ်”
ငှက်ပျောချည် အရည်အသွေး ကောင်းရဖို့အတွက်တော့ အဆင့်ဆင့် လုပ်ယူရပါတယ်။
“ငှက်ပျောချည်ကို ပိတ်စဖြစ်အောင် ရက်ဖို့အတွက်ကို ဒီလွန်းထဲကိုရောက်ဖို့ ခြောက်ဆင့်လောက် လုပ်ရပါတယ်။ တစ်အချက်က ငှက်ပျောချည်ကို ပေါင်းရတယ်။ ပျော့ပြောင်းသွားဖို့အတွက်။ ပေါင်းပြီးတာနဲ့ ငှက်ပျောချည်ကို ဆက်ရတယ်။ ဆက်ပြီးမှ ရက်ယူရတယ်ပေါ့နော်။ အတိုင်ချည်ကိုတော့ ဗမာဝါဂွမ်း ချည်ကိုသုံးပြီး အဖောက်ချည်ကို ဒီငှက်ပျောချည်နဲ့ ရက်လုပ်သွားပါတယ်”
ငှက်ပျောပင် မျိုးကွဲတွေတော်တော်များများထဲမှာ ရွှေနီနဲ့ ဖီးကြမ်းငှက်ပျောအူတွေက ချည်ထည်ထုတ်ဖို့ အကောင်းဆုံးလို့ ဆိုပါတယ်။ တခြားမျိုးစိတ်တွေကိုတော့ လျှော်ထည်ပစ္စည်းအနေနဲ့ ထုတ်လုပ်နိုင်ပါတယ်။ အခုဆို Green Banana Myanmar က ဒီပညာကို သင်တန်းပေးနေတာ ၂၉ ကြိမ် ရှိနေပါပြီ။
“ငှက်ပျောတွေကို ကျွန်မတို့က လက်မှုကုန်ကြမ်းလေးတွေ၊ လက်မှုအနေအထားမျိုးလေးတွေနဲ့ ရလာတဲ့အချိန်မှာ စီးပွားရေး တစ်ပိုင်တစ်နိုင်လေးတွေ လုပ်ဖို့အတွက်ကို သင်တန်းတွေ တက်သင့်တယ်လို့ ယူဆပါတယ်။ အဲဒီလိုမျိုးတက်ဖို့လည်း ကျွန်မ မိန်းကလေးတွေအများစုကို တိုက်တွန်းချင်ပါတယ်ရှင့်”
ငှက်ပျောချည်ကနေ ပိတ်စ၊ ဦးထုပ်၊ ဖိနပ်၊ အသံလုံပြားနဲ့ လျှော်ကြိုးတွေကို ထုတ်လုပ်နေပြီဖြစ်ပါတယ်။ ဒီပစ္စည်းတွေဟာ ဈေးကွက်မှာ တွင်ကျယ်လာလိမ့်မယ်လို့ ဒေသထွက်ကုန် သုတေသီတစ်ဦးက ယုံကြည်နေပါတယ်။
“Local Product ကို သုံးချင်တဲ့လူတွေအတွက်ကိုလည်း တကယ့်ကို Marketing ကောင်းကောင်း ဆင်းနိုင်တယ်ဆိုရင်တော့ တကယ့်ကို အသုံးဝင်တဲ့ Product တစ်ခု ဖြစ်လာမယ်လို့ ကျွန်မယုံတယ်ပေါ့”
Green Banana Myanmar အဖွဲ့ဟာ ၂၀၁၉ ခုနှစ်က တနင်္သာရီတိုင်းအတွက် အသေးစားစီးပွားရေး လုပ်ငန်းဆု ရရှိခဲ့ပါတယ်။ ၂၀၂၂ မှာတော့ ဒိန်းမတ်နိုင်ငံက ချီးမြှင့်တဲ့ဆုနဲ့၊ China ASEAN Innovation and Entrepreneurship ဆိုတဲ့ တရုတ် အာဆီယံ စွန့်ဦးတီထွင်ပြိုင်ပွဲမှာ စွန့်ပစ်စီးပွား ဆိုတဲ့ ခေါင်းစဥ်အောက်ကနေ Creativity Star ဆိုတဲ့ဆုတွေ ရရှိခဲ့ပါတယ်။
ဆက်နွှယ်သောသတင်းများ
အမှိုက်ကနေ ရွှေဖြစ်အောင်ဖန်တီးနေတဲ့ဇနီးမောင်နှံ
ဘုရားစျေးက စက္ကူရုပ် ဖန်တီးသူများ
ပန်းထိုးပညာ အခမဲ့သင်ပေးနေတဲ့ ဦးတင်ဦး
ဒီလို ငှက်ပျောချည်နဲ့ ပိတ်စရက်တာတွေကို ဂျပန်မှာ ၁၃ ရာစုကတည်းက စခဲ့ပေမဲ့ နောက်ပိုင်းမှာ ဝါဂွမ်းချည်၊ ပိုးချည်တွေက ပိုကောင်းတဲ့အတွက် တိမ်ကောခဲ့တာပါ။ ဒါပေမဲ့ အခုနောက်ပိုင်း အိန္ဒိယဟာ ငှက်ပျောချည်ကို ပိုးချည်လိုကောင်းအောင် လုပ်လာနိုင်ပြီး ကမ္ဘာမှာ အများဆုံး ထုတ်တဲ့တိုင်းပြည် ဖြစ်နေပါတယ်။ အိန္ဒိယပြီးရင် တရုတ်၊ ဖိလစ်ပိုင်၊ အီကွေဒေါ၊ ဘရာဇီးလ်တို့ ဖြစ်ပါတယ်။ ငှက်ပျောချည်လုပ်ငန်းဟာ သဘာဝပတ်ဝန်းကျင်ကို မထိခိုက်တဲ့လုပ်ငန်းလည်း ဖြစ်ပါတယ်။
ဒီထုတ်ကုန်ကြောင့် ခရီးသွားလုပ်ငန်းကိုလည်း အထောက်အကူပြုနိုင်တယ်လို့ ဦးမြင့်သိန်းက ယုံကြည်နေပါတယ်ခင်ဗျာ။
“ဒီလုပ်ငန်းက ခရီးသွားလုပ်ငန်းနဲ့ ဆက်စပ်မှုရှိတယ်။ ဒီလုပ်ငန်းက လက်မှုနယ်ပယ်မှာလည်း ကျယ်ကျယ်ပြန့်ပြန့် ရှိတယ်။ နောက် ဒီအလုပ်ကို လုပ်ခြင်းအားဖြင့် ကိုယ့်ရဲ့ ခရီးသွားလုပ်ငန်းရဲ့ ပုံရိပ်ကိုတောင် တိုးတက်စေပါတယ်”