ရက်ကန်းခတ်သူဘဝမှ စစ်သင်တန်းဆရာမဖြစ်လာသူ ဂျက်မ
2023.04.02
စစ်အာဏာရှင်ကျဆုံးဖို့ လက်နက်ကိုင်တော်လှန်နေကြတဲ့ PDF အဖွဲ့တွေထဲမှာလူတန်းစားပေါင်းစုံ ပါဝင်နေကြပါတယ်။ စစ်ကိုင်းခရိုင်တပ်ရင်း (၁) တပ်ခွဲ (၄) မှာ သင်တန်းမှူးက ဆံပင်တိုတို အသား ညိုညို ပိန်ပိန်ပါးပါးကိုယ်နေဟန်ရှိတဲ့ အမျိုးသမီးတစ်ယောက်ပါ။
သူဟာ သင်တန်းနည်းပြတစ်ယောက်အဖြစ်သာမက စစ်ကောင်စီတပ်တွေနဲ့ထိတွေ့တိုက်ပွဲတွေမှာ တိုက်ခိုက်ရေးတာဝန်ပါ ထမ်းဆောင်နေတဲ့သူလည်းဖြစ်ပါတယ်။ ဂျက်မ လို့ အမည်တွင်တဲ့ အသက် ( ၃၀) ကျော်အရွယ် အဲဒီအမျိုးသမီးဟာ စစ်အာဏာမသိမ်းခင်က ဆံပင်ရှည်ရှည်၊ ချစ်စဖွယ်နဲ့ ရွှေဘို၊ ဝက်လက်နယ် ရွှေအိုးရရွာက သာမန်မိန်းကလေးတစ်ယောက်ပဲဖြစ်ခဲ့ပါတယ်။
“ဆိပ်ခွံထည်ဆိုတာ မြန်မာတစ်ပြည်လုံးသိကြပါတယ်။ ကျွန်တော်တို့လည်း ရက်ကန်းနဲ့ပဲ ဝမ်းရေးဖြေရှင်းခဲ့ကြရတာပေါ့။ ကျွန်တော်လုပ်တဲ့ လုပ်ငန်းကတော့ ရက်ကန်းခတ်တာပါ။ ပထမတော့ အငှားခတ်ပါတယ်။ အငှားခတ်ရင်းနဲ့မှ စုဆောင်းပြီး ကိုယ်ပိုင်ရက်ကန်းစင်လေးတစ်ခု ထောင်ထားပါတယ်။”
ဂျက်မဟာ စစ်တပ်က ပြည်သူတွေကိုအကြမ်းဖက်တာတွေကို လက်နက်ကိုင်ပြန်တိုက်ဖို့ ဆုံးဖြတ်ကြတဲ့ စစ်ကိုင်းတိုင်းထဲက အညာသူတွေထဲမှာ တစ်ဦးဖြစ်လာပါတယ်။ သူလက်နက်ကိုင်ဖို့ဆုံးဖြတ်ခဲ့တဲ့ အကြောင်းရင်းကို အခုလိုပြောပါတယ်။
“လက်နက်ကိုင်တော်လှန်ရေးထဲဝင်ဖို့ဆုံးဖြတ်လိုက်တာကတော့ အပြစ်မဲ့တဲ့ပြည်သူတွေကို ရက်ရက် စက်စက်သတ်ဖြတ်တာ၊ ညှဉ်းပန်းနှိပ်စက်တာတွေမြင်တွေ့ရတယ်။ ညှဉ်းပန်း နှိပ်စက် ပစ်ခတ်တယ် ဆိုတာလည်း သူတို့မှာ လက်နက်ရှိလို့။ သူတို့ကလက်နက်အားကိုးပြီး အာဏာကို သိမ်းတာပေါ့နော်။ ကိုယ့်ရဲ့ရှေ့မှာ ပစ်ခတ်မှုတွေ ဖြစ်တယ် ဆုံးရှုံးမှုတွေများတယ်။ လူမစုံတဲ့ ထမင်းဝိုင်းတွေ များလာတဲ့အချိန်မှာ တော်လှန်ရေးထဲကို ဝင်မယ်လို့ ကျွန်တော်ဆုံးဖြတ်ခဲ့တာပါ။ ကျွန်တော်လေးစားစံပြထားခဲ့ရသူလည်း ရှိပါတယ်။ ရွှေအိုးရရွာရဲ့ ရွာသားဖြစ်တဲ့ ဒေါက်တာတေဇာဆန်းဆိုရင် မန္တလေးမြို့မှာ စတင်ပြီးတော့ ဆန္ဒတွေပြတော့ သူ့ကိုလေးစားတယ်။ ဒါတွေကိုလည်း အားကျပြီးတော့ ကိုယ်ပိုင်စီးပွားရေးကို စွန့်လွှတ်ပြီးတော့ တော်လှန်ရေးလမ်းစဉ်ကို ရွေးတော့မယ်ဆိုပြီး ဆုံးဖြတ်တာ။”
“အမေ့ကို ကျွန်တော်တိုင်ပင်တယ်။ ကျွန်တော်ကတော့ တော်လှန်ရေးထဲဝင်တော့မယ်။ တော်လှန်ရေး ထဲ ဝင်ရင် အမေ့ကိုလည်း ပစ်ထားခဲ့ရမှာ။ ခွဲခဲ့ရမှာ။တော်လှန်ရေးထဲဝင်ပြီဆိုတာနဲ့ သမီးတို့ရဲ့စီးပွားရေး အလုပ်က အဆင်ပြေမှာမဟုတ်ဘူး။ ဒါပေမဲ့ အမေက ရတယ် ငါ့သမီး။ ငါ့သမီးအများအကျိုးအတွက် ဆောင်ရွက်တာ၊ အများအကျိုးသယ်ပိုးပေးတာ သမိုင်းပေးတဲ့ တာဝန်ပေါ့နော်။ တော်လှန်ရေးကြီးထဲမှာ နောက်ဆံမတင်းဘဲ လိုက်နိုင်အောင် အမေက ခွင့်ပြုပေးခဲ့ပါတယ်”

သူသင်တန်းတွေ စတက်ရတဲ့အချိန်မှာ ရက်ကန်းသမဘဝနဲ့ မတူတဲ့ ပင်ပန်းဆင်းရဲမှုတွေ ကြုံတွေ့ခဲ့ရပါတယ်။ ဒါကြောင့် တစ်ခါတစ်လေမှာ အိမ်ပြန်ဖို့အထိ စိတ်ကူးတွေ ပေါ်ခဲ့ပေမယ့် အားတင်းပြီး တော်လှန်ရေး ခရီးလမ်းကို ဆက်လျှောက်ခဲ့တယ်လို့ပြောပါတယ်။
“သင်တန်းတွေ တက်ကြတယ်။ ၇ဝ ကျော် ၈ဝ ကြားထဲမှာ မိန်းကလေးတစ်ယောက်တည်း ပါတယ်။ မိန်းကလေး တစ်ယောက်တည်း ပါပြီး ယောက်ျားသားတွေနဲ့ တန်းတူလုပ်ရတဲ့အခါ အရမ်းပင်ပန်းတယ်။ သူတို့နဲ့ မှီအောင်လုပ်ရတဲ့ လုပ်ငန်းတွေမှာ၊ လုပ်လည်း မလုပ်ဖူးတဲ့အရာတွေ။ ဒူးပြဲလက်ပြဲ၊ မစားနိုင်၊ ပင်ပန်းလွန်းလို့။ မူးလဲခဲ့တယ်။ ဘာကြောင့် ကြံ့ကြ့ခံနိုင်ခဲ့လဲဆိုတော့ ကိုယ့်ရှေ့မှာတင် မနက်ခင်း ဖမ်းသွား၊ ည အလောင်းလာပစ်။ လူမစုံတဲ့ထမင်းဝိုင်းတွေမှာ မျက်ရည်ကျ။ သူတို့လိုမျိုးတွေ ထပ်ပြီး မကြုံရလေအောင် အာဏာရှင်တွေကို ဆက်ပြီးတွန်းလှန်မယ်ဆိုတဲ့အတွေးမျိုးနဲ့ ပြန်ပြီးခွန်အား ဖြည့်ခဲ့တာ။”
ဆံပင်ရှည်ရှည်နဲ့ ရက်ကန်းသမလေးကနေ အခုတော့ ဆံပင်တိုကပ်ကပ်နဲ့ တော်လှန်ရေးရဲမေဖြစ်နေတဲ့ ဂျက်မဟာ တော်လှန်ရေးရဲဘော်တွေကိုကူညီလေ့ကျင့်ပေးနေတဲ့ သင်တန်းဆရာမတစ်ယောက်ဖြစ်နေခဲ့ပါပြီ။ ဒါ့အပြင် စစ်ကောင်စီတပ်တွေနဲ့ ရင်ဆိုင်ရတဲ့အခါ ကျရာနေရာကပါဝင်နေတဲ့အကြောင်း ပြောပြပါတယ်။
“ သင်တန်းပေးရုံတင်မကပါဘူး။ ကျွန်တော် ဆေးအိတ်လွယ်ပြီးတော့ ကျွန်တော့်သင်တန်းသားတွေနဲ့ အတူ ဒိုးတူပေါင်ဖက် တိုက်ပွဲတွေကို လိုက်ပါတယ်။ ကျွန်တော်မလိုက်ဖူးတဲ့ တိုက်ပွဲက ခပ်ရှားရှားပါပဲ။ တိုက်ပွဲ လိုက်တဲ့အချိန်မှာ စိတ်မကောင်းစရာလေးတွေလည်း ရှိပါတယ်။ ကလေးတွေမှာ လက်နက်အစစ် မကိုင်ရတာတွေရယ်။ ကိုယ့်ရှေ့မှာ ကျဆုံးသွားတဲ့ ရဲဘော်တွေအတွက်တော့ အင်မတန်ဝမ်းနည်းမိပါတယ်။”

အခုအချိန်မှာတော့ ဂျက်မဟာ အခြေအနေအရပ်ရပ်ကြောင့် သူ့ရဲ့မူလဘဝကို စွန့်ခွာခဲ့ရပြီး လက်နက်ကိုင် တိုက်ပွဲဝင်နေရပေမယ့် သူတို့ရဲ့ခံစားချက်ဟာ သာမန်အရပ်သားအရပ်သူတွေလိုပါပဲ။ တနေ့မှာ စစ်အာဏာရှင်ကို တွန်းလှန်နိုင်ပြီး တော်လှန်ရေးပြီးဆုံးတဲ့အခါ နဂိုမူလ သူတို့ရဲ့ဘဝတွေမှာ ပြန်လည်ရှင်သန်ဖို့ကိုပဲ သူတို့အလိုရှိကြပါတယ်။
“တော်လှန်ရေးကြီးပြီးသွားရင် ကျွန်တော့်ရဲ့ ရက်ကန်းစင်ပေါ်ပဲပြန်တက်ပြီးတော့ ကျွန်တော့်အမေကို ပြုစု စောင့်ရှောက် ကျွေးမွေးရင်းနဲ့ မောင်လေးကိုလည်း စောင့်ရှောက်ဖို့အတွက် ကျွန်တော့်ရဲ့ဌာနေ ကျွန်တော့် လုပ်ငန်းကိုပဲ ပြန်လုပ်မှာပါ။ အရင်က အေးအေးချမ်းချမ်းနေလာရတဲ့ ရက်ကန်းသည်ဘဝလေးကို အရမ်းလွမ်းမိပါတယ်။ လွမ်းပြီးတော့လည်း ဘယ်အချိန်ဘယ်ကာလမှ ပြန်ရမယ်ဆိုတာလည်း မတွေးနိုင်သေးပါဘူး”