စက်သုံးဆီစျေးတက်သွားလို့ ဖျာပုံလယ်သမားတွေ နွေစပါးစိုက်ဖို့ အခက်အခဲဖြစ်

RFA Burmese
2023.12.21
စက်သုံးဆီစျေးတက်သွားလို့ ဖျာပုံလယ်သမားတွေ နွေစပါးစိုက်ဖို့ အခက်အခဲဖြစ် ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်တွင် စပါးရိတ်သိမ်းခြွေစက်ဖြင့် စပါးများ ခြွေနေသည်ကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်က လယ်သမားတွေဟာ စက်သုံးဆီအခက်အခဲကြောင့် စပါးရိတ်သိမ်းတဲ့အခါ ပျက်စီးဆုံးရှုံးမှုတွေ များခဲ့ပါတယ်။ ဒါ့အပြင် နွေစပါးစိုက်ပျိုးမယ့် တောင်သူတွေအနေနဲ့ လယ်ဧက လျှော့ပြီး လုပ်ရတာတွေရှိလာသလို စပါးမစိုက်တော့တဲ့သူတွေလည်းရှိတယ်လို့ တောင်သူတွေက ပြောပါတယ်။

"ဆီဝယ်ရတာ နောက်ကျတဲ့အခါကျတော့ စပါးက ကျသွားရော။ စက်သမားတွေက သူတို့ကလည်း အရံ ဓာတ်ဆီ လှောင်နိုင်တဲ့ စက်သမားရှိသလို မရှိတဲ့စက်သမား များတယ်ကွာ။ အဲတော့ သူတို့မှာ ဆီရှိနေရင်တော့ သူတို့ကလည်း မောင်းပေးနေလို့ ရတာပေါ့။ ပေါက်စျေးနဲ့။ သူတို့မှာ ဆီမရှိတဲ့အခါကျတော့ လယ်သမားပါ တန်းစီ ဝင်စီနေရတယ်"

ဖျာပုံမြို့နယ် အောင်သာယာရွာက အသက် ၆၄ နှစ်အရွယ် လယ်သမား ဦးလှိုင်ရီ ပြောပြနေတာပါ။ နိုဝင်ဘာလမှာ ဒီဇယ်တစ်ပီပါကို ငါးသိန်းနှုန်းကနေ ဒီဇင်ဘာ လဆန်းမှာတော့ ကိုးသိန်းအထိ ဖြစ်သွားပြီး လိုသလောက်ဝယ်မရတဲ့အတွက် သူတို့ဒေသမှာ လယ်သိမ်းတာနောက်ကျပြီး ပျက်စီးဆုံးရှုံးတာများသွားပြီလို့ ပြောပါတယ်။

"ဒီ အခုမြေပြင်ပေါ်မှာပဲကြည့်လိုက်။ အခုကျတဲ့နှံခက်က စပါးကျသွားတယ်ဆို နှံခက်တွေကုပ်ကျသွားလို့ ကပ်ကြေးက ထိုးပေးလိုက်ရော၊ အောက်ကအနှံကို မပါတော့ဘူး။ အောက်ထိပ်ကနေပြီးတော့။ အနိမ့်ဆုံး ခုနစ်တင်း၊ ရှစ်တင်းကွာတယ်ကွာ။ တစ်ဧကကို အဲလိုဆုတ်သွားတာ"

စက်သုံးဆီအခက်အခဲကြောင့် ဒီနှစ်နွေစပါးစိုက်ပျိုးမယ့်တောင်သူတချို့ လယ်ဧကလျှော့ပြီး လုပ်ရတာတွေရှိလာသလို စပါးမစိုက်တော့တဲ့သူတွေတောင်ရှိတယ်လို့ တောင်သူတွေက ပြောပါတယ်။

"ဆီစျေးနဲ့ စရိတ်စကနဲ့ ပြောမယ်ဆိုရင် နည်းနည်းဟောင်းတဲ့ စက်တွေဆိုရင် ပြင်ဆင်စရိတ်နဲ့ မကိုက်တော့ တချို့စက်တွေလည်း မလာကြဘူး"

ဦးလှိုင်ရီက မိသားစု ကိုးယောက်ရဲ့ စားဝတ်နေရေးအတွက် လယ် ခုနစ်ဧကခွဲနဲ့ လုပ်နေရတဲ့သူဖြစ်ပါတယ်။ လက်ရှိ စက်သုံးဆီအခက်အခဲကြောင့် သူဟာ လယ်တစ်ဧကကို စပါး ရှစ်တင်းလောက် ဆုံးရှုံးရတယ်လို့ ပြောပါတယ်။

"ဆီစျေးနဲ့ စရိတ်စကနဲ့ ပြောမယ်ဆိုရင် နည်းနည်းဟောင်းတဲ့ စက်တွေဆိုရင် ပြင်ဆင်စရိတ်နဲ့ မကိုက်တော့ တချို့စက်တွေလည်း မလာကြဘူး။ မလာကြတော့ လယ်သမားတွေရိတ်ရမှာ နှောင့်နှေးတာပေါ့။ လယ်သမားတွေ နှောင့်နှေးတယ်။ ရိတ်ရမယ့်အချိန် မရိတ်ရဘူး။ စက်ရှားတော့ စောင့်ရိတ်ရတယ်။ အဲဒီတော့ စပါးတွေကျတယ်။ နောက်တခါ သီးထပ်ပြန်လုပ်ရမယ်။ သီးထပ်ပြန်လုပ်လို့ရှိရင်လည်း လယ်သမားတွေက သီးထပ်လုပ်တဲ့ ထွန်ဖို့၊ ယက်ဖို့က ဒီဆီနဲ့ စက်တွေနဲ့ပဲ လုပ်ရတာဆိုတော့ ဆီနဲ့ထည့်မောင်းရတဲ့ စက်တွေဖြစ်နေတဲ့အတွက် ဆီစျေးအမြင့်နဲ့ လုပ်ရတယ်"

ဒါကတော့ ဟင်္သာတမြို့နယ်ကနေ ဖျာပုံမြို့နယ်ကိုလာပြီး စပါးရိတ်သိမ်းခြွေစက် အငှားလိုက်တဲ့ အသက် ၃၁ နှစ်အရွယ် ကိုနိုင်ဝင်း ပြောပြတာပါ။ သူကတော့ မိသားစု ခြောက်ယောက် စားဝတ်နေရေးအတွက် နယ်လှည့်ပြီး စပါးအငှားရိတ်သိမ်းနေတာ ခုနစ်နှစ်လောက်ရှိပါပြီ။ သူလည်း စက်သုံးဆီတွေ စျေးတက်တာ၊ လိုသလောက် အလွယ်တကူ ဝယ်မရတာကြောင့် အလုပ်နားရတဲ့ရက်တွေလည်း ရှိခဲ့ပါတယ်။ ရိတ်သိမ်းခြွေခတွေလည်း လယ်တစ်ဧကကို တစ်သိန်းနှစ်သောင်းလောက်ကနေ တစ်သိန်းခွဲအထိ စျေးတက်သွားတယ်လို့ ကိုနိုင်ဝင်းက ပြောပါတယ်။

"ဒီဇယ်နဲ့ကိုယ်လုပ်ရတာ။ လုပ်မိလက်စတန်းလန်းဆိုတော့လည်း နောက်ဆုတ်လို့ မရတော့ဘူး။ အဲဒါကြောင့်မို့ ရှေ့တိုးလုပ်ဖို့လည်း မလွယ်တော့ဘူး။ ရွာချောင်ဆိုရင် ဒီတိုင်းလွှတ်ထားရတော့မယ်။ ဒီဆီစျေးနဲ့လည်း မလုပ်နိုင်တော့ဘူး။ ဆီစျေးက ရတယ်ဆိုလို့ရှိရင်တောင် ဝယ်လို့မရတော့ရင် လုပ်ရတာ အခက်အခဲရှိမှာလေ။ ဒါခု လုပ်လက်စ ဧကကတော့ ရှေ့ဆက် တွန်းရတော့မှာပေါ့၊ အဲဒါပဲ။ ရသလောက်ဟာနဲ့။ ဆီလေးရရင် စျေးတက်လည်းတက်သလို ကိုယ်ဝယ်ရတော့မှာပဲ။ နောက်ပိုင်း ရေတင်ရတော့မှာလေ"

အောင်သာယာရွာက အသက် ၅၂ နှစ်အရွယ် ဦးသက်နိုင် ပြောပြတာပါ။ သူ့က လယ်လုပ်သက် ၂၅ နှစ်ရှိပြီး မိသားစု လေးယောက်ရှိပါတယ်။ သူတို့ရွာကပဲ အသက် ၃၇ နှစ်အရွယ် ကိုမင်းလတ်ကတော့ လယ်လုပ်ငန်းနဲ့ပဲ မိသားစု လေးဦးကို ရှာဖွေ ကျွေးမွေးနေတာ အနှစ် နှစ်ဆယ် ရှိပါပြီ။ လက်ရှိ စက်သုံးဆီအခက်အခဲကြောင့် သူပိုင်လယ်ဧကအားလုံးကို နွေစပါးမစိုက်နိုင်တော့ဘဲ လျှော့ပြီးလုပ်ရတယ်လို့ ပြောပြပါတယ်။

"ဧကအများကြီးတော့ လုပ်လို့မရဘူး။ ဒီလိုပဲ ဓာတ်ဆီကတော့ နည်းနည်း နည်းနည်း သွားဝယ်ပြီး လုပ်ရမှာပဲလေ။ ပုံးလိုက်လည်း ဝယ်မရဘူး။ ဂါလံလောက် အဲလိုပဲ ဝယ်လို့ရတယ်။ အဲဒါကို ဝယ်ဝယ်ပြီး စုရတာပေါ့။ စုပြီးမှ နောက်ပိုင်းလုံလောက်ပြီဆိုမှ မောင်းလို့ရမှာပေါ့။ အခုလောလောဆယ် မောင်းလို့ ဘယ်ရဦးမလဲ"

ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်မှ လယ်သမားတစ်ဦး လယ်ထွန်နေသည်ကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်မှ လယ်သမားတစ်ဦး လယ်ထွန်နေသည်ကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

"နှစ်ဆယ်လောက်လုပ်မှာဆိုတော့ ဒီဇယ်က လိုသလောက်ဝယ်မရဘူး ဖြစ်နေတာ။ လိုသလောက်ဝယ်မရဘူးဆိုတာက အခုက ပုံးဆွဲလောက်၊ ဂါလံလောက် အဲလောက်ပဲ ရတယ်။ နောက်တစ်ခု ပိုခက်ခဲတာကွာ အခု ချောင်းမြောင်းတွေကမကောင်းတော့ တို့က ရေကိုအစအဆုံး မောင်းတင်နေရတယ်။ ဘယ်လိုဖြစ်စေချင်လဲဆိုတော့ ဒီဇယ်စျေးလေးကျသွားလို့ ပေါပေါလေးဝယ်ရရင်တော့ ပိုအဆင်ပြေတာပေါ့ကွာ"

အသက် ခြောက်ဆယ်အရွယ် ဦးသိန်းဌေး ပြောပြတာပါ။ သူလည်း မိသားစု ခြောက်ယောက်နဲ့ အောင်သာယာရွာမှာနေပြီး လယ်လုပ်နေတာ ၃၄ နှစ်ရှိနေပါပြီ။ အခုနှစ်မှာတော့ စက်သုံးဆီ စျေးကြီးလာလို့ သူပိုင်တဲ့ လယ် ၂၈ ဧကမှာ ဧက ၂၀ ကိုပဲ နွေစပါးစိုက်နိုင်တော့မယ်လို့ ပြောပါတယ်။

အခုလို စက်သုံးဆီအကျပ်အတည်းကြောင့် လယ်လုပ်ငန်းတွေ ကျဆင်းလာမှာနဲ့ ပတ်သက်ပြီး ဘယ်လိုဖြေရှင်းမလဲဆိုတာ ဧရာဝတီတိုင်းပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးအောင်သိန်းဝင်းကို RFA က ဒီဇင်ဘာလ ၁၉ ရက်နေ့မှာ တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။

စက်သုံးဆီအခက်အခဲကြောင့် လယ်စိုက်ပျိုးဧကနည်းသွားသလို၊ ထွက်လာမယ့် စပါးပမာဏလည်း လျော့နည်းမှာတော့ သေချာသလောက်ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။