မြောက်ဦးတိုက်ပွဲအတွင်း ပျောက်ဆုံးသွားသူ ၆ ဦး သတင်းမရရှိသေး


2019.03.20

 

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၉ ရက်နေ့က ရက္ခိုင့်တပ်မတော် (AA) နဲ့ အစိုးရတပ်မတော် တိုက်ပွဲတွေအတွင်း ဒေသခံ ၆ ဦး ပျောက်ဆုံးသွားခဲ့တာ တစ်လပြည့်ပြီဖြစ်ပေမယ့် မိသားစုတွေအနေနဲ့ သူတို့ရဲ့သတင်းကို မရရှိသေးဘူးလို့ သိရပါတယ်။

RFA သတင်းထောက် ကိုမင်းသိန်းအောင် တင်ပြထားပါတယ်။

 

■ ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွေမှာ မြောက်ဦးမြို့နယ် မြောက်ဘက်ပိုင်း ရမ်းချောင်းဒေသမှာ နှစ်ဘက်တိုက်ပွဲ ပြင်းထန်ခဲ့တာပါ။

အဲဒီတိုက်ပွဲကာလအတွင်း ကျောက်တော်မြို့နယ် ကျားနက်ကန်ကျေးရွာက အသက် ၃၅ နှစ်အရွယ် ဦးမောင်ဝင်းစိန်၊ အသက် ၃၃ နှစ်အရွယ် ဦးအေးသိန်း၊ အသက် ၁၉ နှစ်အရွယ် မျိုးမင်းဇော်နဲ့ မြောက်ဦးမြို့နယ် သာစည်ကျေးရွာက အသက် ၂၉ နှစ်အရွယ် ဦးမောင်ရွှေစိုး၊ တောင်ဦးကျေးရွာက အသက် ၄၆ နှစ်အရွယ် ဦးစိန်သာကျော်နဲ့ ရန်အောင်ပြင်ကျေးရွာက အသက် ၆၁ နှစ်အရွယ် ဦးလှထွန်းချေ စုစုပေါင်း ၆ ဦးဟာ အဲဒီနေ့ကတည်းက ပျောက်ဆုံးသွားတာဖြစ်ပါတယ်။

အဲဒီအထဲက ဦးမောင်ဝင်းစိန်နဲ့ ဦးမောင်ရွှေစိုး တို့နှစ်ဦးဟာ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ တိုက်ပွဲမဖြစ်ပွားမီ မနက်အစောပိုင်းက ရန်အောင်ပြင်ကျေးရွာအထက်ပိုင်း သာကျော်ကျေးရွာဘက်ကို ထင်းဝယ်ဖို့ ဆိုင်ကယ်နဲ့ ထွက်ခွာသွားခဲ့ကြတာပါ။

ဦးမောင်ဝင်းစိန်ရဲ့ ဇနီး ဒေါ်ဦးမြင့်ဌေးက သူ့အမျိုးသားနဲ့ ဖုန်း ၂ ကြိမ်အဆက်အသွယ်ရခဲ့ပြီး နောက်ဆုံးတစ်ကြိမ်မှာ သူစိမ်းတစ်ဦးက ဖုန်းကိုင်ပြီးနောက် အဆက်အသွယ်ပြတ်သွားခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။

"နောက်တစ်ယောက်ကိုင်တာလေ ကျွန်မ ယောက်ျားဖုန်းကို။ အဲလိုဆိုတော့ ဒါကျွန်မ ယောက်ျားမဟုတ်ဘူး အခုပြောနေတာဘယ်သူလဲလို့မေးတော့ ဗမာလိုလို ရခိုင်လိုလိုသူက ပြန်ပြောတယ်။ ကိစ္စရှိလားတဲ့ အလိုရှိလားတဲ့ အလိုမရှိရင် ဖုန်းမဆက်နဲ့တဲ့။ ကျွန်မကလည်း တုန်လှုပ်သွားတာပေါ့နော။ ဖုန်းကိုင်တာ ကျွန်မယောက်ျားအသံ မဟုတ်တာရယ်၊ ဒီလိုတိုက်ပွဲဖြစ်နေချိန်မှာ သူစိမ်းတစ်ယောက်က ဖုန်းကိုင်တာဆိုတော့လေ။ နောက်တစ်ခေါက် ဖုန်းခေါ်တော့ ဝင်သေးတယ်။ ဒါပေမဲ့ ဖုန်းမကိုင်တော့ဘူး။ အဲဒီအချိန်ကတည်းက စက်ပိတ်သွားတာ။ နောက်ပိုင်းဘယ်တော့မှ ခေါ်မရတော့ဘူး"

အလားတူ ဦးအေးသိန်းနဲ့ မျိုးမင်းဇော် တို့နှစ်ဦးဟာလည်း အဲဒီနေ့မနက်ပိုင်း ရမ်းချောင်းထဲမှာရှိတဲ့ ပြင်ချောင်းကျေးရွာမှာရှိတဲ့ ထင်းတွေကိုတင်ဖို့ ကျားနက်ကန်ကျေးရွာကနေ စက်လှေနဲ့ထွက်ခွာသွားခဲ့ကြတာပါ။

ထင်းတွေတင်ဆောင်ပြီးအပြန်မှာ လမ်းမှာတိုက်ပွဲရှိနေတာကြောင့် သာကျော်ရွာမှာ ရပ်နားနေခဲ့ကြတယ်လို့ သိရပါတယ်။

အဲဒီနောက် တိုက်ပွဲအပြီး အချိန် ၁ နာရီလောက်အကြာ ကျားနက်ကန်ကျေးရွာကို ဆက်လက်ထွက်ခွာ လာရာမှာ ပျောက်ဆုံးသွားတာဖြစ်တယ်လို့ မိသားစုက ပြောပါတယ်။

အဲဒီစက်လှေနောက်ကနေ လိုက်လာတဲ့ အခြားစက်လှေတစ်စီးက လူမရှိဘဲ မျောနေတဲ့ စက်လှေကိုတွေ့ရှိခဲ့ကြ တာဖြစ်တယ်လို့ ဦးအေးသိန်းရဲ့ဇနီး ဒေါ်အေးစိုးမေက ပြောပါတယ်။

"ထင်းသွားတင်တာက ရမ်းချောင်းထဲက ပြင်ချောင်းဘက်ကနေ သွားတင်တာပါ။ သူတို့ပြန်လာတော့ သာကျော်ရွာမှာနားပါတယ်။ တိုက်ပွဲပြီးလို့ တစ်နာရီကျော်လောက်ကြာပြီးမှ သာကျော်ရွာကနေ ပြန်ဆင်းလာတာပါ။ နောက်ကလာတဲ့ စက်လှေက လှေကိုပဲတွေ့တော့တယ်။ လူကိုမတွေ့တော့ဘူး"

သူတို့တွေကို ဘယ်သူကခေါ်ဆောင်သွားတယ်ဆိုတာကို တိတိကျကျ မသိရပေမယ့် ရန်အောင်ပြင်ကျေးရွာက ဦးလှထွန်းချေကိုတော့ တပ်မ - ၂၂ က ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်တယ်လို့ သူ့ရဲ့ဇနီးဖြစ်သူ ဒေါ်ဒါစိန်ကပြောပါတယ်။

"ကျွန်မအမျိုးသား ပြန်မရောက်လို့ သွားကြည့်တော့ သူတို့ကဖမ်းထားပြီ။ ကြိုးနဲ့ချည်ထားပါပြီ။ ကျွန်မအမှန်ပဲပြောမယ် သူတို့က ချည်ထားကြတာ။ ကျွန်မကိုယ်တိုင် ရောက်သွားတော့ ကျွန်မအမျိုးသား လှထွန်းချေက ကျွန်မကို ပုဆိုးပြင်ဝတ်ခိုင်းတယ်။ ကျွန်မလည်း သူ့ပုဆိုးကို ပြင်ဝတ်ပေးပါတယ်။ ခဏနေတော့ ဗိုလ်ကြီးခေါ်တယ်ဆိုပြီး ထွက်သွားတယ်။ တပ်မတော်သားတွေက ကျွန်မကိုပြန်လို့ရပြီလို့ပြောတော့ ကျွန်မကလည်း အမျိုးသားနဲ့အတူပြန်မယ်၊ သူကကျန်းမာရေးလည်း မကောင်းဘူး၊ သွေးတိုးလည်းရှိတော့ နေထိုင်မကောင်းဘူး၊ မနက်ကလည်း နွားနှင်ဖို့ ထွက်သွားတာလို့ပြောတော့ တပ်မတော်သားတွေက မကြောင့်ကြနဲ့ ပြန်လွှတ်လိုက်မယ်လို့ ပြောပါတယ်။ ဒါပေမဲ့ အိမ်ပြန်ရောက်မလာတော့ပါဘူး"

ဦးလှထွန်းချေဟာ အဲဒီနေ့ မနက်ပိုင်း တိုက်ပွဲမဖြစ်ခင်က ရန်အောင်ပြင်ကျေးရွာနဲ့ မလှမ်းမကမ်းမှာရှိတဲ့ သူ့ရဲ့ ငရုတ်စိုက်ခင်းကို နွားဝင်လို့ဆိုပြီး နွားနှင်ဖို့ထွက်ခွာသွားရာမှာ အဲဒီအနီးမှာ တိုက်ပွဲဖြစ်တာနဲ့ ကြုံရတာလို့ ဇနီးဖြစ်သူကပြောပါတယ်။

တပ်မတော်သားတွေခေါ်ဆောင်သွားတဲ့ သူ့ရဲ့အမျိုးသားနဲ့ပတ်သက်ပြီး ဒီနေ့အထိ ဘာသတင်းအစအနမှ မရ တော့ဘူးလို့ပြောပါတယ်။

တောင်ဦးကျေးရွာက ဦးစိန်သာကျော်ဟာလည်း ရမ်းချောင်းထဲက သူ့ရဲ့တောင်ယာစိုက်ခင်းထဲကနေ အဲဒီနေ့မှာပဲပျောက်ဆုံးသွားလို့ သိရပါတယ်။
အဲဒီနောက် ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှာ ရန်အောင်ပြင်ကျေးရွာရဲ့အရှေ့ဘက် တောင်ကြားတစ်နေရာမှာ မီးရှို့ထားတဲ့ ရုပ်အလောင်း ၃ ခုကို ဒေသခံတွေက တွေ့ရှိခဲ့ကြပါတယ်။

အဲဒီရုပ်အလောင်း ၃ လောင်းကို သွားရောက်စစ်ဆေးခဲ့တဲ့ ရန်အောင်ပြင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစိန်လှမောင်က

"ကျွန်တော်တို့ သွားကြည့်တဲ့အချိန်မှာ ကျားနက်ကန်က အုပ်ချုပ်ရေးမှူးလည်းပါတယ်။ ကျွန်တော်တို့ဆီက ရပ်မိရပ်ဖတွေ၊ ကျားနက်ကန်က ရပ်မိရပ်ဖတွေနဲ့အတူ သွားကြည့်တော့ တွေ့တော့တွေ့ပါတယ်။ ဒါပေမဲ့ ပြာပုံကိုပဲ တွေ့တော့တယ်။ အဲဒီနေရာမှာက တပ်မတော်ပဲရှိတာဆိုတော့ တပ်မတော်ရဲ့လက်ချက်လို့ပဲ ယူဆရမှာပေါ့"

ဖေဖော်ဝါရီလ ၁၉ ရက်နေ့က အစိုးရသတင်းစာတွေမှာ ဖော်ပြချက်အရ နှစ်ဘက်တိုက်ပွဲတွေအတွင်း AA အဖွဲ့က အလောင်း ၉ လောင်းနဲ့ အာရ်ပီဂျီတစ်လက် သိမ်းဆည်းရမိခဲ့ပြီး တပ်မတော်ဘက်က စစ်သည်အချို့ ထိခိုက် ဒဏ်ရာတွေရရှိခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။

အဲဒီနေ့က ရက္ခိုင့်တပ်မတော် AA ရဲ့ပြောခွင့်ရသူ ခိုင်သုခကတော့ AA အဖွဲ့ကကျဆုံးတာဟာ ၃ ဦးနဲ့ အာရ်ပီဂျီ တစ်လက်ဆုံးရှုံးခဲ့တယ်လို့ RFA ကို ပြောဆိုခဲ့ပါတယ်။

ဒီပြောဆိုချက်နှစ်ခုအရ လူ ၆ ဦး ကွာဟနေတာ တွေ့ရပါတယ်။

ရန်အောင်ပြင်ကျေးရွာအနီးက အလောင်းတွေ မီးရှို့ထားတဲ့နေရာအနီးမှာ အစိုးရတပ်က စခန်းချလှုပ်ရှားတာတွေရှိတာကြောင့် မီးရှို့တာဟာ အစိုးရတပ်လက်ချက်ဖြစ်နိုင်တယ်လို့ ရန်အောင်ပြင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိန်လှမောင်က ပြောဆိုပေမယ့် ဒီအချက်နဲ့ပတ်သက်လို့ RFA က သီးခြားအတည်ပြုနိုင်ခြင်း မရှိပါဘူး။

ပျောက်ဆုံးနေသူတွေကိစ္စနဲ့ပတ်သက်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်း ကို ဖေဖော်ဝါရီလ ၂၅ ရက်နေ့က RFA ကမေးမြန်းခဲ့ရာမှာ တပ်မတော်အနေနဲ့ အဓမ္မဖမ်းဆီးခေါ်ဆောင်တာ မရှိသလို စစ်ဆေးစရာရှိရင်လည်း လုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်မှာဖြစ်တယ်လို့ ပြောဆိုထားပါတယ်။
အလားတူ ရက္ခိုင့်တပ်မတော်(AA)ကလည်း သူတို့ဘက်က အရပ်သားပြည်သူတွေကိုဖမ်းဆီးတာမရှိဘူးလို့ ပြောဆိုပါတယ်။

ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းသာစိန်ကတော့ အချိန် ၁ လကြာတဲ့အထိ အခုလိုပျောက်ဆုံး နေတဲ့သူတွေနဲ့ပတ်သက်လို့ အစိုးရဘက်က ဖြေရှင်းချက်တစ်ခုခုပေးဖို့ လိုအပ်တယ်လို့ ပြောပါတယ်။

"ပြည်နယ်အစိုးရဆိုတာကတော့ ပြည်သူတွေကို မွေးမြူထိန်းကျောင်းစောင့်ရှောက်တဲ့ အစိုးရဖြစ်တယ် ဆိုလို့ရှိရင်ပေါ့နော် သူတို့က ဒီပြည်သူတွေနဲ့ပတ်သက်ပြီးတော့ ပျောက်ဆုံးသွားတဲ့လူတွေနဲ့ ပတ်သက်ပြီးတော့ သူတို့ဘက်က တစ်ခုခု ဖြေရှင်းချက်ပေးရလိမ့်မယ်လို့ ကျွန်တော်မြင်တယ်"

တိုက်ပွဲဖြစ်စဉ်အတွင်း ပျောက်ဆုံးသွားတဲ့လူတွေနဲ့ပတ်သက်ပြီး သက်ဆိုင်ရာအဖွဲ့အစည်းတွေအနေနဲ့ တိတိကျကျ အသိပေးပြောဆိုဖို့လိုတယ်လို့လည်း ဆိုပါတယ်။

ကျန်ရစ်သူ မိသားစုတွေကတော့ ပျောက်ဆုံးနေသူတွေဟာ AA ရက္ခိုင့်တပ်မတော်နဲ့ ပတ်သက်မှုမရှိဘဲ ရိုးသားစွာ လုပ်ကိုင်စားသောက်နေသူတွေဖြစ်တယ်လို့ ဆိုကြပါတယ်။

ဒါကြောင့် သူတို့တွေ အသက်ရှင်နေသေးသလား၊ မတရားသဖြင့် သေဆုံးသွားပြီလား၊ အစိုးရတပ်မတော် ဘက်က အမှုဖွင့်ဖမ်းဆီးထားသလားဆိုတာကို ရှင်းရှင်းလင်းလင်း သိလိုကြောင်း RFA ကိုပြောကြပါတယ်။

ပျောက်ဆုံးနေသူတွေနဲ့ပတ်သက်လို့ သက်ဆိုင်ရာရဲစခန်းမှာ လူပျောက်အဖြစ်နဲ့ မိသားစုက အမှုဖွင့်တိုင်ကြား ထားကြပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျောက်တော်မြို့နယ် ရဲစခန်းနဲ့ မြောက်ဦးမြို့နယ် ရဲစခန်းတွေကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေကြားခြင်း မရှိကြပါဘူး။
ပျောက်ဆုံးနေသူ ၆ ဦးထဲက ရန်အောင်ပြင်ကျေးရွာက ဦးလှထွန်းချေကို အစိုးရတပ်က ဖမ်းဆီးခဲ့တာ ဖြစ်တယ်လို့ သူ့ရဲ့မိသားစုက ရာနှုန်းပြည့် အတည်ပြုနိုင်ပေမယ့် ကျန်တဲ့ လူ ၅ ဦးကိုတော့ ဘယ်သူတွေက ဖမ်းဆီးထားတယ်ဆိုတာကိုတော့ RFA က သီးခြားအတည်ပြုနိုင်ခြင်း မရှိပါဘူး။

ရခိုင်ပြည်နယ် ရက္ခိုင့်တပ်မတော်(AA)နဲ့ အစိုးရတပ်မတော်တို့အကြား တိုက်ပွဲတွေအတွင်း ကျောက်တော်မြို့နယ် တောင်မင်းကုလားကျေးရွာ အုပ်ချုပ်ရေးမှူး ဦးထွန်းနုလည်း ပျောက်ဆုံးနေပြီး အခု ၆ ဦးနဲ့ဆိုရင် သတင်းအစအန မရဘဲ ပျောက်ဆုံးနေသူဟာ ၇ ဦး ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။