ရခိုင်ပြည်နယ်ထဲက စစ်အာဏာရှင်ဆန့်ကျင်ရေး ပြည်သူ့တပ်ဖွဲ့

စောဖိုးခွား (ဝါရှင်တန်ဒီစီ)
2023.03.05
ရခိုင်ပြည်နယ်ထဲက စစ်အာဏာရှင်ဆန့်ကျင်ရေး ပြည်သူ့တပ်ဖွဲ့ စစ်ရေးလေ့ကျင့်နေကြသော ပြည်သူ့လွတ်လပ်ရေးတပ်တော် PIA တပ်ဖွဲ့ဝင်တချို့။
People Independence Army/Facebook

ဒီတပ်ဖွဲ့ကို ပြည်သူ့လွတ်လပ်ရေး တပ်တော် PIA လို့ နာမည်ပေးထားပါတယ်။ ၂ဝ၂၁ ခုနှစ် ဒီဇင်ဘာလမှာ စဖွဲ့ခဲ့တာလို့ အဲဒီအဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုမင်းကျော်က RFA ကိုပြောပါတယ်။

"ပြည်သူ့လွတ်လပ်ရေး တပ်တော်ကို ကျောင်းသားသမဂ္ဂရဲဘော်တွေ CDM လုပ်လာတဲ့ဆရာဝန်တွေ ဝန်ထမ်းတွေနဲ့ စတင်ဖွဲ့စည်းခဲ့တာပါ"

"အပတ်စဉ် စစ်သင်တန်းတစ်ကို ရခိုင်တပ်တော်က နည်းပြဆရာတွေဆီမှာ တက်ရောက်ခဲ့တယ်။ အပတ်စဉ် သုံးကစပြီး ပြည်သူ့တပ်တော်က နည်းပြဆရာတွေ ကိုယ်တိုင်ပေးနိုင်တဲ့ အနေအထားရှိပြီ"

စစ်အာဏာရှင် တိုက်ဖျက်ရေး၊ ပြည်သူ့လွတ်မြောက်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ လူမှုဘဝ တရားမျှတရေးဆိုတဲ့ တပ်ရဲ့ မူဝါဒငါးချက် ချမှတ်ထားတယ်လို့ဆိုပါတယ်။

ရခိုင့်တပ်တော် AA ရဲ့ သင်တန်းမှာ တက်ခဲ့သူတွေဟာ အခုအဲ့ဒီတပ်ဖွဲ့မှာ သင်တန်းနည်းပြဆရာတွေအဖြစ် ပြန်သင်ပေးနေပါတယ်။ အဲဒီသင်တန်းနည်းပြတွေထဲမှာ အမျိုးသမီး သင်တန်းနည်းပြဆရာမတွေလည်း ပါပါတယ်။

"တော်လှန်ရေးဆိုတာ ခက်ခဲမယ်၊ ကြမ်းတမ်းမယ်ဆိုတာထက် ပိုခက်ခဲတယ်။ များသောအားဖြင့် တော်လှန်ရေးထဲ ဝင်လာတဲ့သူတွေဟာ ခံစားချက်နဲ့ ဝင်လာကြတာများတယ်။ အဲဒီတော့ ခံစားချက်နဲ့ ဝင်လာမယ့်အစား ခံစားချက်တွေကို ခံယူချက်အဖြစ်နဲ့ ပြောင်းစေချင်တယ်"

331325898_783407363349107_7186482320155518542_n.jpg
Photo: People Independence Army/Facebook

သင်တန်းအပတ်စဉ် တစ်ခုကို သုံးလကြာပြီးတော့ သင်တန်း အပတ်စဉ် နှစ်ခုပြီးသွားပြီဖြစ်ပါတယ်။ ဒီသင်တန်းက ဆင်းတဲ့သူတွေဟာ ပြည်မက လုံခြုံရေးအရ ပြောပြလို့မရတဲ့နေရာကို သွားပြီး စစ်ရေးတာဝန်တွေ ထမ်းဆောင်ကြတယ်လို့ ဆိုပါတယ်။

နောက်ထပ် သင်တန်းဆရာတစ်ဦး ပြောပြတာက ....

"သူတို့က ဒီရောက်လာရင် အရပ်သားပဲ၊ အရပ်သားကနေ စစ်သားကို ပုံပြောင်းသွင်းပေးရတယ်။ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ပြောင်းပေးရတယ်။ သူတို့ စိတ်ဓာတ်မကောင်းရင် ကောင်းအောင်လုပ်ပေးရတယ်။ တိုက်ခိုက်ရေးရော စသဖြင့်ပေါ့"

"တော်လှန်ရေးဆိုတာ ခက်ခဲတယ်။ ကြမ်းတမ်းတယ်။ ကျွန်တော်တို့မှာ တာဝန်ကျေပွန်အောင် အပြည့်လုပ်တယ်။ ကျွန်တော်တို့တာဝန်က သူတို့ စစ်ပုံကြဖို့ပဲ"

331284774_767534454321863_2584164357323417209_n.jpg
Photo: People Independence Army/Facebook

၂ဝ၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက် လူငယ်တွေဟာ စစ်ကောင်စီကို ပြန်လည်ခုခံဖို့ လက်နက်ကိုင်ခဲ့ကြပါတယ်။ ဒီလက်နက်ကိုင်လမ်းစဉ်ကို ရောက်လာဖို့ စစ်ကောင်စီကပဲ တွန်းပို့လိုက်တာလို့ ပြည်သူ့လွတ်လပ်ရေးတပ်သား ကိုသင့်နွမ်းကလည်း ပြောပါတယ်။

"ကျွန်တော်တို့ လက်နက်ကိုင်လမ်းစဉ်ကို မဖြစ်၊ ဖြစ်အောင်လုပ်ဖို့ သူတို့ကိုယ်တိုင် ဖိအားတွေပေး၊ ရက်စက်ခဲ့တာ၊ အဲဒါကြောင့် ကျွန်တော်တို့ လက်နက်ကိုင်ခဲ့တာ၊ ကျွန်တော်တို့လက်နက်ကိုင်လမ်းစဉ်ကို ယုံကြည်လားဆို ကျွန်တော်တို့မှာ ရွေးချယ်စရာမရှိလို့ ဒီလက်နက်ကိုင်လမ်းစဉ်ကို ယုံကြည်တယ်။ ဘယ်ထိ ဆက်ကိုင်မလဲဆိုရင် တော်လှန်ရေးပြီးတဲ့အထိ၊ ဒါပေမဲ့ ဒီအတောအတွင်းမှာ ကျွန်တော်တို့ သေချင်လည်း သေသွားနိုင်တယ်"

ပြည်သူ့လွတ်လပ်ရေး တပ်တော် PIA လိုပဲ အာဏာသိမ်းပြီးနောက်မှာ လက်နက်ကိုင်တပ်ဖွဲ့တွေ နေရာအနှံ့မှာ ပေါ်ပေါက်လာပါတယ်။ အဲဒီတပ်ဖွဲ့တွေ အများစုဟာ တိုင်းရင်းသားဒေသတွေမှာ ခြေကုပ်ယူပြီး စစ်ပညာတွေ သင်ယူတာပါ။

008.jpg
Photo: People Independence Army/Facebook

PIA တပ်ရဲ့ ပြည်ပဆက်ဆံရေးတာဝန်ခံ ကိုမိုးနေလကတော့ ဒီအဖွဲ့တွေ အကုန်ပူးပေါင်းပြီး တိုက်ဖို့ တိုက်တွန်းပါတယ်။

"တိုက်ပွဲတွေက တဖြည်းဖြည်း အဆင့်မြင့်လာပြီ၊ တစ်သီးပုဂ္ဂလ တိုက်ချင်တိုင်းတိုက်တဲ့ ပုံစံမျိုး မဟုတ်တော့ဘူး။ ရည်မှန်းချက်နဲ့ တိုက်ရမယ့် ပုံစံမျိုးဖြစ်လာပြီ။ မဟာမိတ်တွေနဲ့ အတူပူးပေါင်းတိုက်ဖို့လိုတယ်"

ပြည်သူ့လွတ်လပ်ရေး တပ်တော် PIA တပ်ဖွဲ့ရဲ့ အခက်အခဲကတော့ တခြားလက်နက်ကိုင်အဖွဲ့တွေလိုပဲ လက်နက် ရရှိရေးမှာ ခက်ခဲနေပါတယ်။ ဒါပေမဲ့ ရတဲ့လက်နက်နဲ့ စစ်အာဏာရှင်ကို အဆုံးထိ တိုက်ထုတ်ဖို့ ရည်မှန်းထားတယ်လို့ ပြောကြပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
ဗီဒီယိုများ
အမျိုးသမီးငယ်တစ်ဦးရဲ့ ငါးရာကျပ်တန် ထမင်းဆိုင်
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။