ရှင်သန်ရေးခက်ခဲနေတဲ့ စစ်တွေမြို့ပေါ်က စစ်ဘေးဒုက္ခသည်မိသားစု

RFA Burmese
2023.10.26
ရှင်သန်ရေးခက်ခဲနေတဲ့ စစ်တွေမြို့ပေါ်က စစ်ဘေးဒုက္ခသည်မိသားစု ရခိုင်ပြည်နယ်၊ စစ်တွေမြို့ စက်ရုံစုရပ်ကွက်တွင် ခိုလှုံနေသည့် စစ်ဘေးဒုက္ခသည်တစ်ဦးဖြစ်သူ ဒေါ်စိုးနန်းနွယ်အား ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

အသက် ၇၅ နှစ်အရွယ် ဒေါ်စောယဉ်ဦးတို့ စစ်ဘေးဒုက္ခသည်မိသားစုဟာ စစ်တွေမြို့ စက်ရုံစုရပ်ကွက်မှာ ခိုလှုံနေရတာ အခုဆို ငါးနှစ်လောက် ရှိနေပါပြီ။ သူတို့ဟာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ရဲ့ တိုက်ပွဲတွေကြောင့် ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်ကတည်းက ရသေ့တောင်မြို့နယ် လိုင်ဂွင်ရွာကနေ ထွက်ပြေး တိမ်းရှောင် လာခဲ့ကြတာပါ။

သူတို့ စစ်တွေမြို့ကိုရောက်ကတည်း သားဖြစ်တဲ့ ကိုဇော်နိုင်နဲ့ သမီးဖြစ်တဲ့ မစိုးနန်းနွယ်က ကြုံရာကျပန်းအလုပ်တွေလုပ်နိုင်ခဲ့လို့ မိသားစု စားသောက်ဖို့ရခဲ့ပါတယ်။ အခုတော့ ကိုဇော်နိုင်ဟာ အဆုတ်ရောဂါကြောင့် အလုပ်မလုပ်နိုင်တာ ကိုးလလောက်ရှိနေပြီဖြစ်သလို မစိုးနန်းနွယ်မှာလည်း လူမမာဖြစ်နေတဲ့မောင်နဲ့ ပြုစုနေရလို့ အလုပ်မလုပ်နိုင်တာကြောင့် ထမင်းနှစ်နပ်စားရဖို့ ခက်ခဲနေပါတယ်။

"စားစရာမရှိ၊ ဆေးဝယ်ဖို့ ပိုက်ဆံမရှိ။ ရှိတဲ့ပစ္စည်းတွေလည်း ရောင်းချလို့ကုန်ပြီ"

ဒါကြောင့် လောလောဆယ်မှာ အိမ်နီးချင်းတွေပေးတဲ့ စားစရာတွေနဲ့ အသက်ရှင်နေရတယ်လို့ ဒေါ်စိုးနန်းနွယ်က RFA ကိုပြောပါတယ်။

"ပတ်ဝန်းကျင်ကပေးလို့ စားနေရတာပါ။ အခု စားရေးသောက်ရေးနဲ့ အရမ်းကို အခက်အခဲကြုံနေရတယ်။ ဆေးတစ်လုံးဝယ်ဖို့တောင် ပိုက်ဆံမရှိဘူး။ ဒီလိုဖြစ်နေတာ ကိုးလလောက်ရှိပါပြီ။ စားစရာမရှိ၊ ဆေးဝယ်ဖို့ ပိုက်ဆံမရှိ။ ရှိတဲ့ပစ္စည်းတွေလည်း ရောင်းချလို့ကုန်ပြီ"

ပတ်ဝန်းကျင်ကလူတွေလည်း ကြုံရာကျပန်းလုပ်နေကြရတဲ့သူတွေဖြစ်လို့ အမြဲတမ်း ကူညီဖို့ ခက်ခဲနေတယ်လို့ အိမ်နီးချင်း ဒေါ်ထွေးထွေးစိုးက RFA ကို ပြောပါတယ်။

"ပတ်ဝန်းကျင်တွေက အိမ်တိုင်းကဝင်ပြီး ကောက်ကြတာပဲ။ ဒီပတ်ဝန်းကျင်က လူတွေကလည်း နှစ်ခါထက် သုံးခါမပေးနိုင်ကြဘူး။ ကျွန်မတို့လည်း မပေးနိုင်တော့ဘူး။ သူတို့ကို တတ်နိုင်သလောက် ကူညီပေးထားပြီ။ ကျွန်မတို့မှာလည်း ကိုယ့်အခက်အခဲနဲ့ ကိုယ်။ ကိုယ်လည်း စစ်ဘေးရှောင်ဆိုတော့ သူတို့ကို မပေးနိုင် မကမ်းနိုင်တော့ဘူးလေ"

ဒေါ်စောယဉ်ဦးတို့ မိသားစုဟာ တိုက်ပွဲမဖြစ်ခင် ရွာမှာတုန်းကတော့ တောင်ယာနဲ့ ငါးဖမ်းတဲ့ အလုပ်တွေကို လုပ်နိုင်ခဲ့ပါတယ်။ အခုတော့ စားဝတ်နေရေး ခက်ခဲလွန်းတာ ကြောင့် အသက်ဆက်မရှင်ချင်လောက်အထိ စိတ်ထဲခံစားနေရတယ်လို့ ဒေါ်စောယဉ်ဦးက ပြောပါတယ်။

"ကိုယ့်ကိုကိုယ် သေချင်တဲ့အထိပါပဲ။ သားတစ်ယောက် ရောဂါဖြစ်တော့ ပိုပြီး ခက်ခဲတယ်။ ဒီလောက်ထိ အသက်ရှည်တာ ငါဘာလို့အသက်ရှည်တာလဲလို့ တွေးနေမိတယ်။ ဒုက္ခတွေဆိုက်နေလို့လေ။ အရင်က ဆင်းရဲရင်လည်း အခုလိုမဟုတ်ဘူး။ သေလည်း သေပါစေတော့။ ငတ်လို့ပဲ သေသေ၊ မွတ်လို့ပဲ သေသေ၊ အဲဒီလို မှတ်နေတာပဲ"

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ စက်ရုံစုရပ်ကွက်တွင် ခိုလှုံနေသည့် စစ်ဘေးဒုက္ခသည် သားအမိနှစ်ဦးအား ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ စက်ရုံစုရပ်ကွက်တွင် ခိုလှုံနေသည့် စစ်ဘေးဒုက္ခသည် သားအမိနှစ်ဦးအား ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

အချိန်တွေကြာလာတာနဲ့အမျှ ရွာမှာကျန်ရစ်ခဲ့တဲ့ အိမ်နဲ့ စိုက်ခင်းတွေလည်း ပျက်စီးခဲ့ပြီဖြစ်သလို နှစ်ဘက်တပ်တွေရဲ့ လှုပ်ရှားမှုတွေကလည်း ရှိနေတာကြောင့် ရွာကိုပြန်ဖို့လည်း မဖြစ်နိုင်သေးဘူးလို့ ဒေါ်စောယဉ်ဦးက ပြောပါတယ်။

ဒါကြောင့် တိုက်ပွဲတွေပြီးဆုံးလို့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးရမှပဲ အိမ်ပြန်ဖို့ ဆုံးဖြတ်ထားတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ တိုက်ပွဲတွေပြီးဖို့ဆိုတာ ဘယ်သူမှ မမှန်းဆနိုင်သေးတာကြောင့် ဒေါ်စောယဉ်ဦးတို့ မိသားစုဟာ စစ်တွေမြို့မှာ အခက်အခဲမျိုးစုံအကြား ဆက်လက်ရုန်းနေကြရဦးမှာ ဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ စာရင်းတွေအရ ရခိုင်ပြည်နယ်တစ်ဝန်းမှာ စစ်ဘေးဒုက္ခသည် ခြောက်သောင်းနီးပါး ရှိနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။