ရခိုင်ပြည်နယ်ကတိုက်ပွဲတွေကြောင့် စစ်ဘေးဒုက္ခသည် နှစ်သောင်းနှစ်ထောင်ကျော်အထိရှိလာ


2019.03.27

 

ရခိုင်ပြည်နယ်မှာ လတ်တလောဖြစ်ပွားနေတဲ့ စစ်ရေးအခြေအနေတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည်အရေအတွက်ဟာ နှစ်သောင်းနှစ်ထောင်ကျော် ရှိနေပြီလို့ ဒုက္ခသည်အရေး ကူညီပေးနေတဲ့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (Rakhine Ethnics Congress) က ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။

ဒုက္ခသည်အရေးနဲ့ ပတ်သက်လို့ RFA သတင်းထောက် ကိုမင်းသိန်းအောင် တင်ပြထားပါတယ်။

■ ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်မတော်(AA)နဲ့ အစိုးရတပ်မတော်တို့အကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကနေ ဒီနေ့အချိန်အထိ စစ်ဘေးသင့်ဒုက္ခသည် နှစ်သောင်းနှစ်ထောင်ကျော်အထိ ရှိလာနေတာပါ။

မတ်လ ၂၃ ရက်နေ့မှာ စစ်ဘေးသင့်ဒုက္ခသည် နှစ်သောင်းဝန်းကျင်သာ ရှိခဲ့ရာကနေ ပြီးခဲ့တဲ့ရက်ပိုင်းက ရသေ့တောင်၊ ဘူးသီးတောင်မြို့နယ်တွေမှာ တိုက်ပွဲတွေပြင်းထန်ခဲ့တာကြောင့် ၄ ရက်အတွင်း ဒုက္ခသည် နှစ်ထောင်ကျော်ထပ်တိုးလာတာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အစိုးရရဲ့ ပြီးခဲ့တဲ့ မတ်လ ၂၀ ရက်နေ့စာရင်းအရ စစ်ဘေးဒုက္ခသည် ၁၁၃၀၀ ကျော်ရှိနေပြီး အခုနောက်ဆုံးအရေအတွက်ကို စာရင်းပြုစုထားတာရှိပေမယ့် လတ်တလော အလွတ်ပြောဆိုနိုင်ခြင်းမရှိသေးဘူးလို့ ရခိုင်ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဌာန အရာရှိတစ်ဦးက ပြောပါတယ်။

ဒေသခံအတော်များများဟာ နှစ်ဘက်တိုက်ပွဲအတွင်း လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်ခတ်မှုတွေကြောင့် ကြောက်လန့်ပြီး ထွက်ပြေးလာကြသူတွေဖြစ်ပါတယ်။
ကျောက်တော်မြို့နယ် ချောင်းတူကျေးရွာကနေ ပုဏ္ဏားကျွန်းမြို့နယ် အောက်မြတ်လှဲကျေးရွာကို ထွက်ပြေးလာတဲ့ ဒေါ်ဌေးဌေးယုက -

"ဗုံးခိုကျင်းထဲမှာ ပုန်းတဲ့သူတွေက ပုန်းရတယ်။ ဗုံးခိုကျင်း မရှိတဲ့သူတွေကျတော့ အိမ်အောက်မှာ မှောက်ပြီးတော့ ပုန်းရတယ်။ ပုန်းနေရင်လည်း အသံက အကျယ်ကြီးဆိုတော့ နားတွေလည်းမခံနိုင်ဘူး။ နားတွေကျိန်းပြီးတော့ ကြောက်တာတစ်ခုပဲ သိတယ်။ ဒီလိုမျိုး တစ်ခါမှမကြားဖူးဆိုတော့ ကျွန်မတို့က ကြောက်တာပဲသိတယ်။ အဲဒါကြောင့်မို့လို့ နေလည်းမနေရဲတော့ ထွက်ပြေးလာတာပါ"

စစ်ဘေးသင့်ဒုက္ခသည် နှစ်သောင်းနှစ်ထောင်ကျော်အနက် တစ်သောင်းခြောက်ထောင်ကျော်ဟာ ကယ်ဆယ် ရေးစခန်းပေါင်း ၄၀ မှာ မှီခိုနေရပြီး နောက်ထပ်လူဦးရေ ခြောက်ထောင်ကျော်ကတော့ စခန်းပြင်ပဖြစ်တဲ့ နီးစပ်ရာအိမ်တွေနဲ့ ကျေးရွာအချို့မှာရှိနေတယ်လို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံးက ပြောပါတယ်။

ကယ်ဆယ်ရေးစခန်း ၄၀ ထဲက စခန်း ၃၀ လောက်မှာ သောက်သုံးရေအခက်အခဲနဲ့ ရင်ဆိုင်နေရတယ်လို့လည်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံးရဲ့ အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက ပြောပါတယ်။

"သောက်ရေက စခန်းပေါင်း ၄၀ မှာ စခန်း ၃၀ လောက်က အခက်အခဲ တွေ့နေကြပါတယ်။ စားနပ်ရိက္ခာပိုင်း ဆိုလို့ရှိရင်လည်း ဒီတစ်ပတ်လောက်မှာ ကျေးရွာတွေအတွင်းကို လက်နက်ကြီးတွေရော၊ လက်နက်ငယ်တွေရော ပစ်ခတ်မှုတွေ ရှိတဲ့အတွက်ကြောင့်မို့လို့ ထွက်ပြေးလာကြသူတွေပေါ့လေ။ ခုနစ်ထောင် ရှစ်ထောင်ကျော်ကျော်လောက်ပေါ့။ ထောက်ပံ့ကူညီမှုလုပ်တဲ့ အဖွဲ့အစည်းတွေမှာလည်း လတ်တလော အဆင်သင့်မဖြစ်ဘူး။ တိုက်ပွဲတွေကလည်း နီးနီးနားနားမှာ ဖြစ်နေတဲ့အခါကျတော့ လုံခြုံရေးအခြေအနေတွေအရ ထောက်ပံ့ကူညီတဲ့အဖွဲ့တွေကလည်း မသွားနိုင်ကြဘူးပေါ့။ နောက်တစ်ခါ လမ်းပန်းဆက်သွယ်ရေးကလည်း ဝေးကွာလွန်းတယ်ပေါ့။ ဒီလိုအခြေအနေတွေကြောင့် ဒီတစ်ပတ်အတွင်းမှာ ခိုလှုံနေကြတဲ့ စခန်းတွေမှာ ဆိုလို့ရှိရင်လည်း စားနပ်ရိက္ခာက တော်တော်လေးကို အခက်အခဲကြုံနေရတယ်လို့ ကျွန်တော်တို့သိရပါတယ်"

ရသေ့တောင် ပဲသဒူ၊ ဆင်ခုံတိုင်၊ စပါးထား၊ ခွဆုံ၊ ပုဏ္ဏားကျွန်း အောက်မြတ်လှဲ၊ ဖားကြွယ်၊ အထက်သင်ပုန်းတန်းစတဲ့ ကယ်ဆယ်ရေးစခန်းတွေမှာတော့ သောက်သုံးရေ အခက်အခဲကို ပိုမိုရင်ဆိုင်နေရတယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် စားနပ်ရိက္ခာနဲ့ တာပေါ်လင်စတွေလည်း လိုအပ်မှုတွေ ရှိနေတယ်လို့ ပြောကြပါတယ်။

လက်ရှိမှာ စစ်ဘေးသင့်ဒုက္ခသည်တွေဟာ အလှူရှင်တွေရဲ့အကူအညီနဲ့ ရပ်တည်နေကြရတာဖြစ်တဲ့အတွက် အစိုးရဘက်က ထိထိရောက်ရောက် ကူညီဖို့လိုကြောင်း အောက်မြတ်လှဲကျေးရွာက ဒုက္ခသည်အရေး အကူအညီပေးနေတဲ့ ကိုမောင်ကျော်ဆန်းက ပြောပါတယ်။

"အခုရောက်နေတဲ့ စစ်ဘေးရှောင်တွေက စစ်ပွဲကြောင့် ရောက်လာကြတာပါ။ ဒါကြောင့် စစ်ပွဲတွေကို ရပ်ပေးစေချင်ပါတယ်။ ကျွန်တော်တို့မှာ စားနပ်ရိက္ခာတွေ အများကြီးလိုပါတယ်ခင်ဗျ။ အခုဆိုရင် ဘာမှကိုမရှိတော့တာ။ စားနပ်ရိက္ခာအပြင် အခြား အစစအရာရာတွေပါ အကုန်လုံးလိုနေပါတယ်။ ခြင်ထောင်၊ စောင်၊ ဖျာ၊ အမိုးအကာ အဲဒါတွေကို အစိုးရကလည်း ထောက်ပံ့ပေးစေချင်ပါတယ်ခင်ဗျ"

ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးက ဦးစီးအရာရှိ ဦးရဲမင်းဦးကတော့ ဒုက္ခသည်တွေအားလုံးအတွက် စားနပ်ရိက္ခာ ပြတ်လပ်မှုမရှိရအောင် အစိုးရဘက်ကကြိုးပမ်းနေတယ်လို့ ပြောပါတယ်။

"လတ်တလောမှာ စစ်ဘေးရှောင်တွေအနေနဲ့ကတော့ လိုအပ်ချက်တွေ အများကြီးရှိမှာပါ။ အဲဒီအခါမှာ ကျွန်တော်တို့ကတော့ မူအရတော့ ပြည်ထောင်စုဝန်ကြီး ခရီးစဉ်မှာလည်း ထောက်ပံ့ထားတာတွေရှိတယ်။ ဆန်ရိက္ခာ တစ်လစာထောက်ပံ့တယ်။ ကယ်ဆယ်ရေးပစ္စည်း ငါးမျိုးလည်း ရောက်အောင် ပို့နေတာတွေရှိပါတယ်။ ပို့နေတယ်ဆိုတာ ကျွန်တော်တို့ ဒီမှာဖြစ်နေတဲ့စစ်ပွဲတွေ ဘူးသီးတောင်ဘက်မှာလည်း ရှိတယ်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး အကုန်လုံး အရေအတွက် သောင်းကျော်နေတဲ့ ဒီအင်အားကို ကျွန်တော်တို့ ရိက္ခာတွေ မပြတ်အောင်ပေါ့။ နောက်ဆုံးရိက္ခာ လက်ကျန်ရှိတဲ့ရက်တွေကိုပါ တွက်ချက်ပြီးတော့ ဆောင်ရွက်နေတာရှိပါတယ်"

အစိုးရအနေနဲ့ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၈ ရက်နေ့ကနေ အခုနှစ် မတ်လ ၁၈ ရက်နေ့အထိ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ ဘူးသီးတောင်၊ ရသေ့တောင်၊ မြောက်ဦး၊ မင်းပြား စတဲ့မြို့နယ်တွေက ဒုက္ခသည်ဦးရေ ၁၀၆၀၀ ကျော်အတွက် ငွေကျပ်သန်းပေါင်း ၁၇၀ ကျော်တန်ဖိုးရှိတဲ့ ဆန်နဲ့ ကယ်ဆယ်ရေးပစ္စည်းတွေကို ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်နေ့က ဒုက္ခသည် ၁၁၀၀၀ ကျော်အတွက် လိုအပ်တဲ့စားနပ်ရိက္ခာတွေကို ထောက်ပံ့ဖို့ ငွေကျပ် ၁၀၂ သန်းကျော်ကို ရခိုင်ပြည်နယ် အစိုးရထံ လွှဲပြောင်းပေးလိုက်ပါတယ်။

လက်ရှိ ကယ်ဆယ်ရေးစခန်းတွေမှာ ရောက်ရှိနေတဲ့ ဒုက္ခသည်တွေဟာ သူတို့ရဲ့နေရပ်ရင်းကို အမြန်ဆုံးပြန်လိုကြပေမယ့် တိုက်ပွဲတွေဖြစ်နေတဲ့အတွက် မပြန်ရဲဖြစ်နေကြတာဖြစ်ပါတယ်။

အခုလို မတည်မငြိမ်ဖြစ်နေတဲ့အချိန်မှာ နေရပ်ပြန်ရင်တောင်မှ သူတို့ရပ်တည်ရေးအတွက် အလုပ်လုပ်နိုင်မှာမဟုတ်ဘူးလို့ ကျောက်တော်မြို့နယ် ကွမ်းအုံစုကျေးရွာကနေထွက်ပြေးလာတဲ့ ကိုဘိုဆန်းဝင်းကပြောပါတယ်။

"ဘယ်လိုအခက်အခဲတွေဖြစ်လာနိုင်မလဲဆိုတော့ ကျွန်တော်တို့က တောလည်း မတက်ရဲဘူး၊ တောင်လည်းမတက်ရဲဘူး။ ကျွန်တော်တို့က တောကို မှီခိုပြီးလုပ်စားနေကြရတာ။ တစ်နေ့ရှာမှ တစ်နေ့စားရတဲ့ဘဝ။ ထင်းခုတ်တယ်။ ခုတ်ပြီးတော့ ရောင်းတယ်။ အဲလိုထမင်းစားရတာ။ အခုတော့ တောင်လည်း တက်ရဲဘူး၊ တောလည်း မတက်ရဲဘူးဆိုတော့ ကျွန်တော်တို့ ဘယ်လိုစားသောက်ရမလဲဗျ"

ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်မတော်(AA)နဲ့ အစိုးရတပ်မတော်တို့အကြား တိုက်ပွဲတွေပြင်းထန်နေတာ အချိန် ၅ လခန့် ကြာမြင့်လာပြီလည်းဖြစ်ပါတယ်။

နှစ်ဘက်တိုက်ပွဲတွေဟာ လက်ရှိအချိန်အထိ ပြင်းထန်နေဆဲဖြစ်သလို လာမယ့်မိုးရာသီမှာ ဒုက္ခသည်တွေ အတွက် အခက်အခဲတွေပိုမိုကြုံတွေ့လာရမှာဖြစ်တဲ့အတွက် ဒီကိစ္စအပေါ် ဒေသခံတွေအကြားမှာ စိုးရိမ်မှုတွေလည်းရှိနေကြပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။