ခက်ခဲကျပ်တည်းမှုတွေနဲ့ ကြုံနေရတဲ့ ဘူးသီးတောင်က စစ်ဒဏ်သင့် ရိုဟင်ဂျာများ
2025.01.02

ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောဒေသမှာ ဖြစ်ပွားခဲ့တဲ့ နယ်မြေသိမ်းတိုက်ပွဲတွေကြောင့် ထွက်ပြေး တိမ်းရှောင်နေကြရတဲ့ ထောင်နဲ့ချီတဲ့ ရိုဟင်ဂျာတွေဟာ ဒီနေ့အထိ နေရပ်ပြန်နိုင်ခြင်း မရှိကြသေးပါဘူး။
"ကျွန်တော်က အလုပ်လည်းမလုပ်နိုင်လို့ တောင်းစားနေရပါတယ်"
ဒေသခံရိုဟင်ဂျာတွေဟာ စစ်ဘေးဒုက္ခသည်ဘဝနဲ့ ဖြတ်သန်းနေကြရဆဲပါ။ နိုင်ငံတကာအကူအညီတွေလည်း မရတော့တာကြာပြီဖြစ်လို့ တောင်းရမ်းစားသောက်ရတဲ့ အခြေအနေအထိ ရောက်နေတယ်လို့ ဘူးသီးတောင် မြို့နယ်က အသက် ၇၆ နှစ်အရွယ် ဦးဆွေးတာလောမ်က RFA ကို ပြောပါတယ်။
"ကျွန်တော်က အလုပ်လည်းမလုပ်နိုင်လို့ တောင်းစားနေရပါတယ်။ ထမင်းအိုး၊ ခွက်၊ ပန်းကန်ကအစ မရှိပါဘူး။ အခင်းနဲ့ စောင်လည်းမရှိလို့ ခြင်ကိုက်ခံပြီး အိပ်ရပါတယ်။ ကျွန်တော့မှာ မိသားစု ကိုးယောက် ရှိတယ်။ အဆင်မပြေလို့ ကိုယ့်ရွာကိုပဲ ပြန်ချင်တယ်”
သူဟာ ဘူးသီးတောင်မြို့နယ်က စစ်ကောင်စီတပ်ရဲ့ အမှတ်(၁၅) စစ်ဆင်ရေးကွပ်ကဲမှူးဌာနချုပ် အနီးမှာရှိတဲ့ ဒပြုချောင်းကျေးရွာမှာ နေထိုင်ခဲ့သူပါ။ ပြီးခဲ့တဲ့ ဧပြီလအတွင်းက ဖြစ်ပွားခဲ့တဲ့ နယ်မြေသိမ်းတိုက်ပွဲတွေကြောင့် သူအပါအဝင် ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတာပါ။ လက်ရှိမှာ ဆွေမျိုးတွေရှိတဲ့ အခြားကျေးရွာက နေအိမ်တွေ၊ စာသင်ကျောင်းတွေမှာ ခိုလှုံနေကြရတာလည်းဖြစ်ပါတယ်။
ဆက်နွှယ်သော သတင်းများ
တန်းတူညီမျှမှုအတွက် AA ကို ရိုဟင်ဂျာအဖွဲ့တွေ တောင်းဆို
နေရပ်ပြန်ရေး သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ ဆန္ဒပြ
စစ်ကောင်စီနဲ့ AA နှစ်ဖက်လုံးကို ထိတွေ့ဆက်ဆံနေကြောင်း ဘင်္ဂလားဒေ့ရှ်ပြော
ဒေသတွင်း အလုပ်အကိုင်ရှားပါးမှု၊ ကုန်ဈေးနှုန်း အဆမတန်မြင့်တက်မှုနဲ့ အကူအညီ အထောက်အပံ့တွေ လုံလုံလောက်လောက် မရကြတာကြောင့် စစ်ဒဏ်သင့် ရိုဟင်ဂျာတွေဟာ စားနပ်ရိက္ခာအပြင် အနွေးထည်နဲ့ ဆေးဝါးအကူအညီတွေ လိုအပ်နေတာလည်း ဖြစ်ပါတယ်။
အိမ်ရှင်အဖြစ် လက်ခံထားတဲ့ ကျေးရွာသားတွေမှာလည်း အခက်အခဲတွေရှိပေမဲ့ ဒုက္ခကြုံရသူအချင်းချင်း ကူညီတဲ့အနေနဲ့ သူတို့ရဲ့အိမ်တွေမှာ ဆက်လက်နေထိုင်ခွင့် ပေးထားကြပါတယ်။
အသက် ၅၆ နှစ်အရွယ် ဦးနူရ်ရာလောမ် ကတော့ ဒုက္ခသည် ဆယ်ဦးကို သူ့အိမ်မှာ နေထိုင်ခွင့်ပြုထားပြီး ဒါဟာ မွန်မြတ်တဲ့အလုပ်လို့ ယူဆထားပါတယ်။
"ကျွန်တော့် အိမ်မှာ ဒုက္ခသည် ဆယ်ယောက်ရှိတယ်။ အရမ်း အခက်အခဲဖြစ်နေကြတယ်။ ဒီနားမှာတော့ တစ်ရက်တလေ အလုပ်ရတယ်။ အခုတော့ အဲဒီအလုပ်တွေလည်း မရှိတော့ဘူး။ ကျွန်တော့် အိမ်ကတော့ ငယ်ပါတယ်။ ဒါပေမဲ့ သူတို့ကိုလည်း ဖြစ်သလို ခိုလှုံခွင့်ပေးထားတယ်။ ဘယ်တတ်နိုင်မလဲလေ။ သူတို့က အားကိုးပြီးလာကြတာ၊ နေစရာမရှိရင် ဘယ်မှာသွားနေရမှာလဲ။ အဲဒါကြောင့်ပဲ သူတို့ကို နေဖို့ပေးထားတာ။ ဒါကလည်း လူအချင်းချင်း တစ်ယောက်ကိုတစ်ယောက် အကူအညီပေးတဲ့ သဘောပဲပေါ့”
ရွာခံကျေးရွာသားတွေက စစ်ဘေးဒုက္ခသည်တွေအတွက် ဆန်တွေစုပြီး ထောက်ပံ့ပေးကြပါတယ်။ ဒါပေမဲ့ ဒီဟာက ရေရှည်အတွက် အဖြေတစ်ခုမဟုတ်သေးပါဘူး။
သူတို့ရဲ့ ဆန္ဒက လက်ရှိအုပ်ချုပ်နေတဲ့ အာရက္ခပြည်သူ့အစိုးရ (ULA/AA) က သူတို့ရဲ့ မူလနေရပ်ကို ပြန်ခွင့်ပြုဖို့ပဲ ဖြစ်တယ်လို့ စစ်ဘေးဒုက္ခသည် တစ်ဦးဖြစ်တဲ့ အသက် (၇၀) အရွယ် ဦးအဒူကော်ရိန်က ပြောပါတယ်။
"ကျွန်တော်တို့မှာ အကုန်လိုအပ်ပါတယ်။ အိုး လိုတယ်၊ ထမင်း လိုတယ်၊ အဝတ် လိုတယ်၊ စောင် လိုတယ်၊ ဆေးဝါး အကုန်လိုအပ်ပါတယ်။ တစ်ရက်နှစ်ရက်လောက်တော့ စပါးအငှားရိတ်ခဲ့တယ်။ ကျွန်တော်က လူအိုဖြစ်လို့ ဘယ်သူမှမခေါ်ကြဘူး။ ကိုယ့်နေရာကို ကိုယ်ပြန်ချင်တယ်ဆိုရင်လည်း သူတို့ပြန်ခွင့်ပေးမှ ပြန်လို့ရမှာပေါ့။ လူကြီးတွေ ဒီကိုခေါ်လာခဲ့ကြတဲ့ သူတို့က ပြန်ခွင့်ပေးရင်ပြန်မယ်"
ဘူးသီးတောင်၊ မောင်တောဒေသ အပါအဝင် ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသ အားလုံးနီးပါးကို အာရက္ခတပ်တော် (AA) က သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။ အချို့နေရာတွေမှာ ဒေသခံတွေကို မူလနေရပ်တွေမှာ ပြန်လည်နေထိုင်ခွင့်ပြုထားပေမဲ့ အချို့နေရာတွေမှာတော့ မိုင်းရှင်းလင်းရေးနဲ့ ပြန်လည်နေရာချထားရေး လိုအပ်ချက်တွေကြောင့် နေရပ်ပြန်ခွင့် မပေးတာတွေလည်း ရှိနေသေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရိုဟင်ဂျာ ဒုက္ခသည်တွေကို ပြန်လည်နေရာချထားရေး အစီအမံတွေနဲ့ ပတ်သက်လို့ မေးမြန်းနိုင်ဖို့ အာရက္ခတပ်တော် (AA) ပြောခွင့်ရသူ ဦးခိုင်သုခကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ အကြောင်းမပြန်ပါဘူး။
ကုလမဂ္ဂရဲ့ အချက်အလက်တွေအရ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ တိုက်ပွဲတွေကြောင့် လူပေါင်း ငါးသိန်းခုနစ်သောင်းနီးပါး အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရဆဲဖြစ်ပါတယ်။