သင်္ဘောသားဘဝကနေ စက္ကူလိပ်အနုပညာဘက် ပြောင်းခဲ့သူ

RFA Burmese
2024.08.28
သင်္ဘောသားဘဝကနေ စက္ကူလိပ်အနုပညာဘက် ပြောင်းခဲ့သူ စက္ကူလိပ် လက်မှုအနုပညာကို ဖန်တီးသူ ကိုဇော်ထိုက်ကို ၂၀၂၄ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ဝင်ငွေကောင်းတဲ့သင်္ဘောသားဘဝကိုစွန့်လွှတ်ပြီး လက်မှုအတတ်ပညာနဲ့ ကျေးလက်နေ အိမ်ထောင်ရှင်မတွေကို အလုပ်အကိုင်တွေ ဖန်တီးပေးနေသူကတော့ အသက် ၃၃ နှစ်အရွယ် Treasure House Art Gallery တည်ထောင်သူ ကိုဇော်ထိုက် ပါ။ သူဟာ ၂၀၀၉ ခုနှစ်က ဒဂုံတက္ကသိုလ်ကနေ ဘွဲ့ရခဲ့ပြီး အဲဒီနှစ်မှာပဲ သင်္ဘောသားဘဝကို စတင်ခဲ့တာ ဖြစ်ပါတယ်။

သင်္ဘောသားအလုပ်က ဝင်ငွေကောင်းပေမဲ့ သူ ဝါသနာပါတဲ့ အသက်မွေးဝမ်းကျောင်းမဟုတ်တာကြောင့် ဝါသနာပါရာ စက္ကူလိပ်တဲ့အနုပညာကို လုပ်နိုင်ဖို့ သင်္ဘောပေါ်ကနေ ခုန်ချခဲ့တာလို့ ဆိုပါတယ်။

"သင်္ဘောသားအလုပ်ကို ကျွန်တော် ၂၀၁၆ မှာ နားလိုက်တယ်၊ နားပြီးတော့ ဝါသနာပါတဲ့အရာတစ်ခုကို လုပ်မှာဖြစ်တဲ့အတွက် ကျွန်တော့်အနေနဲ့ တစိုက်မတ်မတ်လုပ်ချင်တယ်၊ ပြီးတော့ ကိုယ်ဝါသနာပါတဲ့ အရာဖြစ်တဲ့အတွက် ပရော်ဖက်ရှင်နယ်ကျကျ လေ့လာချင်တယ်။ အဲဒါကြောင့်မို့ သင်္ဘောသားဘဝတုန်းက အချိန်မပေးနိုင်တာများတယ်။ သင်္ဘောသားဘဝတုန်းက အားတဲ့အချိန်လောက်ပဲ လုပ်ရတာ၊ အချိန်မပေးနိုင်တာများတဲ့အတွက်ကြောင့် ဒါကို တစိုက်မတ်မတ်လုပ်မှာဖြစ်တဲ့အတွက် ၂၀၁၆ မှာ သင်္ဘောသားဘဝကို အပြီးအတိုင်နားလိုက်တာ၊ နားပြီးတော့ ဒီအလုပ်ကို လုပ်နေတာပေါ့"

သင်္ဘောသားဘဝနဲ့ အာရှတိုက်၊ ဥရောပတိုက်တွေအထိ ခြေဆန့်ရင်း ၂၀၁၄ ခုနှစ်ကစပြီး Paper Quilling Art - စက္ကူလိပ်ပညာကို သင်္ဘောလိုက်ရင်းနဲ့ အချိန်ရရင် ရသလို Youtube ကနေ လေ့ကျင့်သင်ယူခဲ့တာလို့ ပြောပါတယ်။

"ကျွန်တော့်တုန်းကလို မဖြစ်ရအောင်လို့ ခက်ခက်ခဲခဲ မလေ့လာရအောင်လို့ ကျွန်တော့်အနေနဲ့ ပညာတွေ မျှဝေပေးဖို့ရှိတယ်"

အခုတော့ ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ်၊ သမာဓိ (၃) လမ်းမှာ မိဘတွေနဲ့နေထိုင်ရင်း စက္ကူလိပ်လက်မှုပညာနဲ့ အလုပ်ခန်းလေးဖွင့်ပြီး လုပ်ကိုင်နေပါပြီ။

ကိုဗစ်ကာလ အလုပ်အကိုင်တွေရှားပါးလာတဲ့အချိန်မှာ ကျေးလက်ဒေသက အိမ်ရှင်မတွေ ဝင်ငွေရဖို့အတွက် ကျေးလက်ဒေသထွက် ဂျုံအိတ်တွေကို စက္ကူလိပ်အနုပညာနဲ့ပေါင်းစပ်ပြီး စျေးကွက်ပစ္စည်းဖြစ်အောင် စတင်ဖန်တီးခဲ့ပါတယ်။

"အခုခေတ်ဆိုရင်တော့ ဘာပြောပြော အချိန်ကုန်သက်သာစေတယ်၊ ပြီးတော့ ကျွန်တော်တို့အနေနဲ့ ဒီလိုမျိုးစက္ကူအမျှင်ထွက်ဖို့က ဖြတ်ဖြတ်နေရတဲ့အချိန်က အများကြီးကုန်တယ်။ ပြီးတော့ ပိုပြီးတော့ သေသေချာချာ သပ်သပ်ရပ်ရပ်ဖြစ်စေတယ်။ Paper Quilling နဲ့ပတ်သက်တဲ့ နည်းပညာတွေထွက်လာပါပြီ။ ဂျုံရိုးအိတ်ပေါ်မှာ ဖန်တီးတာတစ်ခုတည်း ဖန်တီးလို့ရတဲ့အပြင် နောက်ထပ်လည်း အများကြီးဖန်တီးလို့ ရသေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ လက်မှုပညာဖြစ်လို့။ လက်မှုပညာဖြစ်နေတဲ့အတွက် ဂျုံရိုးပေါ်မှာ မဟုတ်ဘဲနဲ့ နာရီပေါ်မှာလည်း ဖန်တီးလို့ရတယ်၊ ကားချပ်ပေါ်မှာ ဖန်တီးမယ်ဆိုရင်လည်း ရတာပဲ"

ကိုဇော်ထိုက် စက္ကူလိပ်အနုပညာ စတင်တဲ့ ၂၀၁၄ တုန်းက အခုလို အဆင်သင့်ခေါက်တဲ့ စက္ကူတွေ မရှိခဲ့တာကြောင့် သတင်းစာစက္ကူ၊ A4 စက္ကူတွေကို ကတ်ကြေးနဲ့ ညှပ်ပြီး လုပ်ခဲ့ရတာလို့ ဆိုပါတယ်။

ကိုဇော်ထိုက် ဖန်တီးထားသည့် စက္ကူလိပ်အနုပညာလက်ရာများကို ၂၀၂၄ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
ကိုဇော်ထိုက် ဖန်တီးထားသည့် စက္ကူလိပ်အနုပညာလက်ရာများကို ၂၀၂၄ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

အိမ်တွင်းအလှဆင်တဲ့လုပ်ငန်းကို ဝါသနာပါတဲ့ မွန်ပြည်နယ်က မခင်ဆွိမေကလည်း သူ့ဒေသက အိမ်ထောင်ရှင်မတွေအတွက် အကျိုးပြုတဲ့လုပ်ငန်းလုပ်ချင်လို့ စက္ကူလိပ် အနုပညာသင်တန်း တက်နေသူပါ။

"ကျေးလက်ဒေသမှာရှိတဲ့ အလုပ်အကိုင်ဝင်ငွေ တိုးတက်လာအောင်၊ ဝင်ငွေတွေတိုးပွားလာအောင်ပေါ့နော်၊ အခုလိုမျိုးပေါင်းစပ်ပြီးလုပ်ကိုင်ပေးတဲ့အတွက် ဒီအလုပ်က ကောင်းမွန်တဲ့အလုပ်ဖြစ်တယ်လို့မြင်မိပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ အခုချိန်က အလုပ်အကိုင်တွေက လုံးဝရှားပါးနေတဲ့အချိန်ဖြစ်နေတာလေ၊ အဲဒါကြောင့်မို့လို အခုလိုလုပ်ပေးနေတဲ့အတွက် ဆရာ့ကို အရမ်းအားကျမိတယ်၊ ကျွန်မကိုယ်တိုင်ကလည်း ဆရာ့ဆီမှာ Paper Quilling Art ဆိုတဲ့ ပညာရပ်တွေကို သင်ယူနေတဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။ အဲဒါကြောင့် တစ်ချိန်ချိန်မှာ ကျွန်မက ဆရာ့လိုပဲ အားကျပြီးတော့ တက်မြောက်တဲ့ အနုပညာနဲ့ ကျွန်မရဲ့ နယ်ပယ်ဒေသမှာရှိတဲ့ အကူအညီလိုအပ်နေတဲ့သူတွေကို အခွင့်အရေးပေးနိုင်အောင် ကြိုးစားသွားမှာပါ"


ဆက်နွှယ်သောသတင်းများ

ယိုင်နဲ့လာတဲ့ ကျောက်ပန်းချီလောက

နိုင်ငံတကာအထိထိုးဖောက်ဖို့ ကြိုးစားနေတဲ့မြန်မာတက်တူးဆရာ

ဘုရားစျေးက စက္ကူရုပ် ဖန်တီးသူများ


စက္ကူလိပ်တဲ့အတတ်ပညာဟာ အီဂျစ်မှာ စတင်ပေါ်ထွန်းခဲ့တာဖြစ်ပြီး ၁၅ / ၁၆ ရာစုလောက်ကတည်းက ဥရောပဘက်မှာ တွင်ကျယ်ခဲ့တဲ့ ရှေးဟောင်းလက်မှုပညာတစ်ခုဖြစ်တယ်လို့ ကိုဇော်ထိုက်က ပြောပါတယ်။ မြန်မာနိုင်ငံမှာတော့ ၂၀၂၀ နောက်ပိုင်းကျမှ တွင်တွင်ကျယ်ကျယ် လုပ်ကိုင်လာကြတာပါ။

"၂၀၂၀ နောက်ပိုင်းကတော့ တော်တော်ကြီးကို တွင်တွင်ကျယ်ကျယ်လုပ်လာပါပြီ။ အပြင်မှာ Market တစ်ခုရှိလို့လေ၊ ဝယ်လိုအားရှိမှလည်း ရောင်းလိုအားက ဖြစ်လာမှာ။ ဝယ်လိုအားနဲ့ ရောင်းလိုအား အဲလိုမျှနေမှလည်း ရှိနေမှာ။ အဲဒီလို Market ရှိလို့လည်း လုပ်လာတဲ့သူတွေက အများကြီးရှိလာတာ။ ပြောချင်တာက ဒီဟာကို ရည်ရွယ်ချက်အမျိုးမျိုးနဲ့လုပ်လာကြတယ်။ ဝါသနာပါလို့၊ စီးပွားဖြစ်လုပ်ချင်လို့၊ ရည်ရွယ်ချက်တစ်ခုခုကြောင့် လုပ်ကြတာများပါတယ်။ ဘယ်လိုရည်ရွယ်ချက်ကြောင့်ပဲဖြစ်ဖြစ် လူတွေက တစ်စုံတစ်ရာအကျိုးရှိနေလို့သာ လူတွေက လိုက်လုပ်ကြတာ။ ဝင်ငွေတစ်ခုအနေနဲ့ ကြည့်မယ်ဆိုရင်လည်း ဝင်ငွေတစ်ခုရနေလို့"

အဲဒီအတတ်ပညာဟာ ဘုရားကျောင်း၊ ကျမ်းဂန်နဲ့ ဘာသာရေးဆိုင်ရာစာအုပ်တွေပေါ်မှာ အလှဆင်ဖန်တီးခဲ့ ကြပေမဲ့ အခုနောက်ပိုင်းမှာတော့ စက္ကူလိပ်လေးတွေနဲ့ ပြုလုပ်ဖန်တီးထားတဲ့ ကားချပ်ကလေးတွေကို အိမ်တွင်းအလှဆင်တဲ့နေရာတွေမှာ အများဆုံးအသုံးပြုကြတယ်လို့ ဆိုပါတယ်။

ဒီစက္ကူလိပ်တဲ့လက်မှုပညာကို ဝါသနာပါသူတွေ ဝင်ငွေရှာနိုင်တဲ့အခြေအနေထိ ရောက်အောင် မျှဝေသင်ကြားပေးဖို့လည်း ကိုဇော်ထိုက်က စီစဉ်ထားပါတယ်။

"ကျွန်တော့်တုန်းကလို မဖြစ်ရအောင်လို့ ခက်ခက်ခဲခဲ မလေ့လာရအောင်လို့ ကျွန်တော့်အနေနဲ့ ပညာတွေ မျှဝေပေးဖို့ရှိတယ်၊ အဲဒါက ဘာလဲဆိုတော့ Paper Quilling Art - စက္ကူလိပ်တဲ့အနုပညာသင်တန်းတွေဖွင့်ပေးဖို့၊ အဓိက ကျွန်တော် အကျိုးပြုချင်တာဖြစ်တဲ့အတွက် Free - ပရဟိတဖွင့်ပေးချင်တာ၊ ဘာကြောင့်လဲဆိုတော့ အခုလိုမျိုးအချိန်မှာ ပိုဆိုးတာပေါ့၊ အလုပ်မရှိတဲ့သူ များလိမ့်မယ်။ ပြီးတော့ ဝင်ငွေမရှိတဲ့သူ များလိမ့်မယ်။ အဲဒီတော့ သူတို့ကလည်း ဒီပညာကို မှီခိုပြီးတော့ သူတို့ဘဝကို သူတို့လှအောင် ဖန်တီးလိမ့်မယ်"

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။