မြန်မာလူငယ်တွေအတွက် မဲဆောက်မှာ အသက်မွေးဝမ်းကျောင်း သင်တန်းပေးနေ

RFA Burmese
2024.06.26
မြန်မာလူငယ်တွေအတွက် မဲဆောက်မှာ အသက်မွေးဝမ်းကျောင်း သင်တန်းပေးနေ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ရှိ Saw Foundation ကျောင်းတွေ ဇွန်လ ၂၆ ရက်နေ့က ကျောင်းဆင်းပွဲအခမ်းအနားတစ်ခုအား တွေ့ရစဉ်။
RFA

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီးနောက်မှာ ထိုင်းနိုင်ငံ မဲဆောက်မြို့ကို ထွက်ပြေးတိမ်းရှောင်လာကြတဲ့ လူငယ်တွေ ဘဝရပ်တည်နိုင်ရေးအတွက် အသက်မွေးဝမ်းကျောင်း ပညာရပ်တွေ သင်ကြားပေးဖို့ စီစဉ်တာလို့ Saw Foundation တည်ထောင်သူ ဒေါ်အေးအေးမာက ပြောပါတယ်။

"ဒီ Capacity Building မှာ လူငယ်တွေ၊ ကျောင်းတက်ဖို့အတွက် အခက်အခဲရှိနေတဲ့ လူတွေအတွက် ကျွန်မတို့က GED ပညာရပ်သင်ကြားပေးတယ်ပေါ့၊ GED ဆိုတာ အမေရိကန် ၁၂ တန်းပေါ့၊ နောက်ပြီးတဲ့အခါကျတော့ အသက်မွေးဝမ်းကျောင်း ပညာရပ်တွေလည်း သင်ကြားပေးပါတယ်၊ ကွန်ပျူတာ သင်ကြားပေးတယ်၊ နောက်တစ်ခါ ထိုင်းနိုင်ငံထဲမှာ ရောက်ရှိလာတာ ဖြစ်တဲ့အတွက်ပေါ့ ထိုင်းစာတွေ တက်ဖို့လိုအပ်တယ်၊ နောက်တစ်ခုကတော့ သူတို့ကို အသက်မွေးဝမ်းကျောင်း ပညာရပ်ဖြစ်တဲ့ မုန့်ဖုတ်တာတို့၊ တခြားလက်မှု ပညာတွေတို့၊ Hand Made တို့ ဒါမျိုးတွေလည်း သင်ကြားပေးပါတယ်"

စစ်အာဏာရှင်လက်အောက်ကနေ လွတ်ဖို့ ပညာရေး တစ်ပိုင်းတစ်စနဲ့ တိုင်းပြည်ကနေ ထွက်လာတဲ့ လူငယ်တွေ ထိုင်းနိုင်ငံအပါအဝင် နိုင်ငံတကာ တက္ကသိုလ်တွေမှာ ပညာဆက်သင်နိုင်ဖို့၊ လုပ်ငန်းခွင်တွေ ဝင်နိုင်ဖို့ အပြင် မြန်မာပြည် ပြန်လည်ထူထောင်ရေးကာလတွေမှာ ပြန်လည်ပါဝင်ဖို့ ရည်ရွယ်တယ်လို့လည်း ဒေါ်အေးအေးမာက ပြောပါတယ်။

SAW Foundation ဥက္ကဋ္ဌ Sura pong Kong chantuk (စုလဖုန်ကောင်းချန်တက်) မြန်မာလူငယ်တွေ ထိုင်းနိုင်ငံ ပညာရေးစနစ်မှာ ဆက်လက်ပါဝင်သင်ကြားနိုင်မှ ဘေးကင်းလုံခြုံစွာ နေထိုင်နိုင်မှာ ဖြစ်တယ်လို့ ပြောပါတယ်။

"ပထမဆုံး တစ်ချက်က ကလေးတွေကို လက်ခံပေးရမယ်၊ ဘာဖြစ်လို့လဲဆိုတော့ မြန်မာနိုင်ငံအခြေနေက အခု မြန်မြန်ပြီးဆုံးသွားမဲ့ အခြေနေမဟုတ်ဘူး မပြီးဆုံးဖို့ ခက်ခဲတဲ့အတွက်အထဲက ကလေးတွေကို လက်ခံပေးရမယ် ၊ ကလေးတိုင်းမှာ ပညာသင်ခွင့်ရှိတဲ့အတွက် ထိုင်းပညာရေးစနစ်ထဲ ဝင်နိုင်တယ်ဆိုရင် ထိုင်းပညာရေး စနစ်ထဲ ပေးဝင်မယ်၊ အဲ့လိုနည်းနဲ့ ကလေးတိုင်းက ပညာသင်ကြားရမယ်၊ ပညာသင်ကြားပြီးရင် နောက်တစ်ဆင့် ထိုင်းနိုင်ငံမှာ လုံခြုံ စွာနေလို့ရမယ်”

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ရှိ Saw Foundation ကျောင်းတွေ တက်ရောက်ပညာသင်နေသည့် ကျောင်းသားများအား ဇွန်လ ၁၂ ရက်နေ့က တွေ့ရစဉ်။ (Photo : RFA)
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ရှိ Saw Foundation ကျောင်းတွေ တက်ရောက်ပညာသင်နေသည့် ကျောင်းသားများအား ဇွန်လ ၁၂ ရက်နေ့က တွေ့ရစဉ်။ (Photo : RFA)

ဒီသင်တန်းမှာ အသက် ၁၄ နှစ်ကနေ အသက် ၂၃ နှစ်ကြား လူငယ်တွေ တက်ရောက်နေပါတယ်။ သူတို့ဟာ မြန်မာပြည် ပညာရေး ဆဌမတန်းကနေ တက္ကသိုလ် တတိယနှစ်အထိ ရှိတဲ့ လူငယ်တွေ ဖြစ်တယ်လို့ SAW Foundation တည်ထောင်သူ ဒေါ်အေးအေးမာက ပြောပါတယ်။

"လတ်တလောမှာ ကျောင်းသား ၈၀ လောက်ရှိပါတယ်။ ၂၀၂၃ နှစ်ထဲမှာ ကျောင်းသား ၁၆ ယောက်က GED အောင်မြင်ခဲ့တယ်ပေါ့နော်၊ အဲ့တော့ လာမယ့်နှစ်တွေမှာလည်း သူတို့ အောင်မြင်နိုင်သေးတယ် ပေါ့နော်၊ ကလေးတွေကို လက်ခံတဲ့နေရာမှာလည်း levelတစ်ခုကို သတ်မှတ်ပြီးတော့ သင်ပေးတာမျိုးတော့ မဟုတ်ဘူး။ လာသမျှကလေးကို အဆင်ပြေအောင်လုပ်ပေးရတာ"

လက်ရှိ SAW Foundation က ဖွင့်လှစ်သင်ကြားနေတဲ့ သင်တန်းတွေမှာ ရွှေ့ပြောင်းမြန်မာ အလုပ်သမား သားသမီးတွေ၊ နိုင်ငံရေးမှာ တက်ကြွလှုပ်ရှားသူတွေရဲ့ ကလေးတွေအပြင် မိဘမဲ့ကလေးတွေ၊ မသန်စွမ်းတွေ၊ HIV ဝေ‌‌ဒနာရှင်၊ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာ ပါဝင်ထားတဲ့ ကျောင်းသား ကျောင်းသူတွေ၊ စစ်မှုထမ်းဥပဒေကို ရှောင်တိမ်းလာတဲ့ လူငယ်တွေ စုစုပေါင်း အယောက် ၈၀ တက်ရောက်သင်ကြားနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။