ကန္တာရထဲက အိုအေစစ် သို့မဟုတ် ခဝဲခြံမျက်မမြင်ကျောင်း

မြန်မာနိုင်ငံ ခရစ်ယာန်မျက်မမြင်များ မိတ်သဟာယအသင်းက တည်ထောင်ထားတဲ့ ဒီခဝဲခြံ မျက်မမြင်ကျောင်းဟာ မျက်စိအလင်းမရသူတွေအတွက် ဘဝခရီးကြမ်းကို ရဲရဲဝံ့ဝံ့ ဖြတ်သန်းနိုင်မယ့် ပညာခွန်အားတွေ ပေးနေပါတယ်။

မြန်မာနိုင်ငံ အနှံ့အပြားက မွေးရာပါ မျက်စိမမြင်သူတွေ၊ ကျန်းမာရေး အခြေအနေကြောင့် မျက်စိကွယ်ခဲ့ရသူတွေကို ဒီကျောင်းမှာ အတန်းပညာနဲ့ အသက်မွေးဝမ်းကျောင်း လက်မှု ပညာတွေကို သင်ကြားပေးနေပါတယ်။

ကျောင်းသူ၊ ကျောင်းသားတွေကို သူတို့ဝါသနာပါရာ သင်တန်းတွေ၊ လက်မှုပညာနဲ့ ကျောင်းဘာသာရပ်တွေ သင်ယူနိုင်ဖို့အတွက် ကျောင်းအုပ်ဆရာမကြီး ဒေါ်ဇီးနာဒွန်း က စီမံခန့်ခွဲပေးပါတယ်။

နှစ်စဉ် ကျောင်းသူ၊ ကျောင်းသား ၁၀၀ ကျော်ဟာ အသက်အရွယ်အလိုက် လက်မှု၊ ဂီတနဲ့ မူလတန်း၊ အလယ်တန်း၊ အထက်တန်း ဘာသာရပ်တွေကို ကိုယ်နှစ်သက်ရာ ရွေးချယ် သင်ယူနိုင်ခဲ့ကြပါတယ်။

ဒါပေမဲ့ ၂၀၁၉ ကပ်ရောဂါ စတင်ကူးစက်ချိန်ကစလို့ ကျောင်းကို မကြာခဏ ပိတ်လိုက် ဖွင့်လိုက် လုပ်ခဲ့ရတာကြောင့် နေရပ် လုံးဝမပြန်နိုင်တဲ့ ကလေး ၅၀ လောက်ပဲ ကျန်ခဲ့ပြီး အခု ၂၀၂၂-၂၃ ပညာသင်နှစ်ကျမှ ကလေး ၆၀ လောက်ကို ပြန်လက်ခံလာနိုင်တယ်လို့ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဇီးနာဒွန်း က ရှင်းပြပါတယ်။

"၂၀၁၉ အဆုံး ၂၀၂၀ မှာက တက္ကသိုလ်ကျောင်းသားတွေကို ပိတ်လိုက်တယ်။ သူတို့က နောက်ဆုံး တစ်ဘာသာ မဖြေရဘူး။ First Wave မှာ ပိတ်လိုက်တာ၊ ၂၀ မှာ အထက် တန်း ဖွင့်လို့ရတယ်ဆိုလို့ ဖွင့်လိုက်သေးတယ်။ အဲ့နှစ်မှာ အငယ်တန်းတွေ မခေါ်လိုက် ဘူး။ ဒါပေမဲ့ အထက်တန်းတွေ ဖွင့်လိုက်တော့ လာပြန်တက်တယ်။ သို့သော်လည်း အဲ့မှာ Second Wave စတယ်။ အဲ့ကျတော့ အကုန်လုံး ပြန်ပို့လိုက်ရတာ။ မပြန်နိုင်တဲ့ ကလေး ၅၀ ပဲ ဒီမှာကျန်ခဲ့တာ"

ဒီကျောင်းမှာ ပညာသင်မယ့်သူတွေကို အသက် ငါးနှစ်ကနေ ၃၀ အထိ ကန့်သတ်ထား ပေမယ့် ဘဝအနေအထားအရ ခြွင်းချက်အနေနဲ့ လက်ခံပေးရတာတွေရှိသလို၊ အဓိက အခြေခံဖြစ်တဲ့ မျက်မမြင်စာ ရေးသားနိုင်ဖို့ကို စတင် သင်ကြားပေးရပါတယ်။

တချို့လည်း ဒီခဝဲခြံ မျက်မမြင်ကျောင်းကနေ ဆယ်တန်းအောင် ဘွဲ့ရပြီးတဲ့နောက် စေတနာ့ဝန်ထမ်း ပြန်လုပ်ကိုင်တာတွေရှိတယ်လို့ သူက ဆိုပါတယ်။

ဒီကျောင်းကြီးကနေ ကျွမ်းကျင်ရာ ဘာသာရပ်တွေ တတ်မြောက်ပြီဆိုရင် ကိုယ့်ဒေသကို ပြန်ပြီး စီးပွားရေးလုပ်ငန်းတွေ၊ လက်မှုအနုပညာ အလုပ်တွေနဲ့ အသက်မွေးဝမ်းကျောင်း လုပ်ကိုင်နိုင်ကြပါတယ်။

အလှူရှင်တွေရဲ့ အကူအညီနဲ့ ရပ်တည်ရှင်သန်ရတဲ့ ဒီကျောင်းဟာ ကိုဗစ် ကပ်ရောဂါနဲ့ အာဏာသိမ်း နောက်ဆက်တွဲ မတည်ငြိမ်မှုတွေကြောင့် အခုချိန်မှာ ခက်ခက်ခဲခဲ ရုန်းကန်နေရတယ်လို့ ခဝဲခြံ မျက်မမြင်ကျောင်းရဲ့ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဆရာ စောသောင်းကြည် က ပြောပါတယ်။

"နေရေးကတော့ ဘာပဲပြောပြော ရှိတဲ့အခြေအနေတွေနဲ့ အဆင်ပြေပါတယ်။ စားရေး ကတော့ တော်တော်လေး အခက်အခဲ ရှိတာပေါ့။ ဆရာ၊ ဆရာမတွေကို ပေးမယ့် လစာ အဲဒါတွေလည်း အခက်အခဲရှိပါတယ်။ ပရဟိတအဖွဲ့အစည်း ဖြစ်တဲ့အခါမှာတော့ ကိုယ်ထူကိုယ်ထဆိုတော့ ကိုယ့်ပြည်တွင်းက အလှူရှင်တွေနဲ့ပဲ အဓိကသွားတယ်။ ဒီလိုအခြေအနေမှာတော့ အလှူရှင်နည်းတယ်။ အရင်တုန်းကတော့ ကျနော်တို့က အဆောက်အအုံတွေလည်း ငှားတယ်။ အပြင်က သင်တန်းတွေဘာတွေ လာလုပ်ရင် ငှားတယ်။ အခုချိန်မှာတော့ ငှားလို့မရဘူးဆိုတော့ ကျနော်တို့ရှိတာလေးတွေနဲ့ ပြန်လည်ပြီးတော့မှ စနစ်တကျ စီမံပြီးတော့ ခြိုးခြံချွေတာပြီးတော့ သွားနေရတဲ့ အနေအထား ရှိပါတယ်"

ယခင်ကာလတွေက စာသင်သားတွေကို တစ်နေ့ ထမင်းသုံးနပ်ကျွေးနိုင်ပေမယ့် လက်ရှိမှာတော့ အထွေထွေ အကျပ်အတည်းကြောင့် မနက်စာနဲ့ ညစာ နှစ်နပ်သာ ကျွေးနိုင်တော့တယ်လို့ ဆိုပါတယ်။

"ကိုယ်ထူကိုယ်ထဆိုတော့ ကိုယ့်ပြည်တွင်းက အလှူရှင်တွေနဲ့ပဲ အဓိကသွားတယ်၊ အလှူရှင်ကတော့ သိသိသာသာ လျော့ကျသွားတယ်"

၂၀၀၅ ခုနှစ်ကတည်းက ကချင်ပြည်နယ်ကနေ အထက်တန်းပညာသင်ကြားဖို့ ဒီကျောင်းကို ရောက်လာတဲ့ ကိုထွယ်အောင် ဟာ အခုဆိုရင် သမိုင်းဘာသာအဓိကနဲ့ ဒုတိယနှစ် ဂုဏ်ထူး တန်းကျောင်းသား ဖြစ်နေပါပြီ။

သူမှီခိုနေရတဲ့ ဒီကျောင်းဟာ အလှူရှင်မရှိလို့ ရေရှည်မရပ်တည်နိုင်မှာကို စိုးရိမ်မိတယ်လို့ ကိုထွယ်အောင်က ပြောပါတယ်။

"အခုက လူနည်းနည်းများလာတယ်ပေါ့နော်၊ လွန်ခဲ့တဲ့ နှစ်နှစ်အတွင်းမှာ ရောဂါတွေ ပြင်းထန်တော့ လူတွေလည်းကြောက်ပြီး ဘယ်သူမှ မလာတဲ့အခါကျတော့လေ၊ လူကတော့ အများကြီးမရှိဘူးဆိုပေမယ့် အလှူရှင်ကတော့ သိသိသာသာ လျော့ကျ သွားတယ်၊ ဒီအတိုင်းပဲ ဆက်သွားရင်တော့ တွေးစရာလေးတွေ ဖြစ်လာတာပေါ့နော်"

လက်ရှိမှာ ကျောင်းပညာရေး ခေတ္တရပ်နားထားပေမယ့် သူဝါသနာပါရာ ဂီတပညာကို လေ့လာဆည်းပူးနေတယ် လို့ ဆိုပါတယ်။ ဒီကျောင်းမှာ ၁၈ နှစ်ကြာ ပညာဆည်းပူးနေတဲ့ ဧရာဝတီတိုင်းက ကရင်တိုင်းရင်းသူ နော်ဆာအယ်ဘူဖော် ကလည်း မျက်စိအလင်း မရပေမယ့် ဒဿနိကဗေဒ တတိယနှစ်ကျောင်းသူဖြစ်နေပါပြီ။

အသက် ၂၀ ကျော်အရွယ် နော်ဆာအယ်ဘူဖော်ရဲ့ ရည်မှန်းချက်က စီးပွားရေးလုပ်ငန်းရှင် ဖြစ်ချင်ခဲ့ပေမယ့် ဒီကာလမှာတော့ ရည်ရွယ်ချက်မဲ့သွားသလို ခံစားရတယ်လို့ ဆိုပါတယ်။

"အခုချိန်ကတော့ ကျောင်းသွားရင်မှ မဟုတ်ဘူး၊ ဘယ်နေရာသွားသွား လုံခြုံမှုကို မရှိဘူး၊ အနီးအနားအပြင်ထွက်ရင်တောင် ဘာဖြစ်မလဲ ဘာဖြစ်မလဲဆိုပြီး လုံခြုံမှု မရှိဘူး၊ ဘယ်သူ့ကိုမှ ယုံလို့မရဘူးနော်။ အဓိကတော့ အခုကျတော့ ကျောင်းမသွားရဘူး ဆိုတော့ အခက်အခဲကတော့ အချိန်တွေအများကြီး လစ်ဟင်းသွားတယ်ပေါ့၊ ကိုယ် ရောက်ရမယ့် ခရီးကိုလည်း မရောက်နိုင်တော့ဘူး၊ ကြားထဲမှာကျတော့ အလုပ်လက်မဲ့ လည်း ဖြစ်နေတယ်။ ရည်ရွယ်ချက်လည်း မဲ့သွားသလိုဖြစ်တယ်။ စိတ်ပိုင်းဆိုင်ရာ ပိုဖြစ်တယ်။ ဘယ်လိုပြန်ပြီး အစက ပြန်စတင်ရမလဲဆိုတာ မပြောနိုင်ဘူးပေါ့နော်"

ခဝဲခြံ မျက်မမြင်ကျောင်းမှာ ကြိမ်ထိုင်ခုံယက်နေသူတစ်ဦးကို တွေ့ရစဥ် (Photo: RFA)
ခဝဲခြံ မျက်မမြင်ကျောင်းမှာ ကြိမ်ထိုင်ခုံယက်နေသူတစ်ဦးကို တွေ့ရစဥ် (Photo: RFA)

၁၉၇၈ ခုနှစ်မှာ အမြင်အာရုံချို့တဲ့သူ ၁၄ ဦးက ငွေ ၁၄ ကျပ်နဲ့ မတည်ပြီး ဘဝတူ မျက်စိအလင်းမရသူတွေအတွက် ဒီကျောင်းကို စတင်တည်ထောင်ခဲ့တာပါ။

မျက်မမြင်တစ်ဦး ဖြစ်ပေမယ့် လူကောင်းတွေနည်းတူ အသက်ရှင် ရပ်တည်နိုင်သလို၊ သွားလာလှုပ်ရှားနိုင်လို့ မျက်မမြင်တွေအတွက် ကြိုးစားရင် မဖြစ်နိုင်ဘူးဆိုတာ မရှိဘူးလို့ ခဝဲခြံ မျက်မမြင်ကျောင်းရဲ့ တာဝန်ရှိသူ တစ်ဦးဖြစ်တဲ့ ဆရာစောသောင်းကြည်က တိုက်တွန်းအားပေးပါတယ်။

"ဒီ Organization ကို စတည်ထောင်တာက မျက်မမြင် ၁၄ ယောက်၊ သူတို့က စိတ်အားထက်သန်ပြီးတော့မှ ပိုက်ဆံတစ်ယောက် တစ်ကျပ် စုပြီးတော့မှ ပိုက်ဆံ ၁၄ ကျပ်နဲ့ စပြီးတည်ထောင်တာ။ ဆိုတော့ ပြောချင်တာက မျက်မမြင်တွေမှာလည်း သူတို့ဆန္ဒရှိရင် လုပ်နိုင်စွမ်းတွေရှိတယ်။ ဒါကြောင့် ကျနော်ကတော့ သာမန်လူတွေနဲ့ အတူတူပဲလို့ ခံယူထားတယ်။ ကျနော် လုပ်နိုင်တာတွေရှိတယ်။ မလုပ်နိုင်တာတွေ လည်း ရှိတာပေါ့လေ။ တချို့က မျက်မမြင်ဖြစ်လို့ ဒါမလုပ်နိုင်ဘူးလို့ ပြောလိမ့်မယ်။ တကယ်တမ်းကျ မြင်တဲ့သူတွေမှာလည်း မလုပ်နိုင်တဲ့ ကန့်သတ်ထားတဲ့ အကန့် အသတ်တွေရှိတယ်။ ဆိုတော့ ဒီလိုအနေအထားတွေ ရှိတဲ့အခါမှာတော့ သာမန်လူတွေနဲ့ အတူတူပါပဲလို့။ ကျနော် လုပ်နိုင်သလောက်တော့ ရောက်ပါပြီလို့ ပြောချင်တယ်"

၂၀၁၄ သန်းခေါင်စာရင်းအရ မြန်မာတစ်နိုင်ငံလုံး စုစုပေါင်း လူဦးရေ သန်း ၅၀ ကျော်မှာ အမြင်အာရုံ မသန်စွမ်းသူ ၁၂ သိန်းကျော် ရှိပါတယ်။ ဒီကျောင်းဟာ နိုင်ငံရေး၊ စီးပွားရေး အကျပ်အတည်းမျိုးစုံကို ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံမှာ သာမန်ပြည်သူတွေထက် ပိုခက်ခဲ တဲ့ဘဝကို ဖြတ်သန်းနေရတဲ့ အမြင်အာရုံချို့တဲ့သူ လူငယ်တွေအတွက် ကန္တာရထဲက အိုအေစစ်လေးတစ်ခုအဖြစ် ရပ်တည်ရှင်သန်နေပါတယ်။