ရှမ်းပြည်မြောက်ပိုင်းက ဆက်ကြေးဒဏ်သင့် ပြည်သူများ

ကံသာ
2020.12.11

တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေ အများအပြားရှိတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသဟာ တခြားဒေသတွေထက် ဆက်ကြေးတောင်းတဲ့ဒဏ်ကို ပိုပြီး ခံနေရပါတယ်။

ဒီအခြေအနေကို ရှမ်းပြည်မြောက်ပိုင်းနဲ့ ကပ်လျက်က မန္တလေးတိုင်း မိုးကုတ်မြို့မှာပါ ရင်ဆိုင်နေရပါတယ်။ စီးပွားရေးအဆင်မပြေတဲ့ ကပ်ဘေးကာလမှာ ဆက်ကြေးတောင်းခံတာတွေ လျှော့ပေါ့ပေးဖို့ ဒေသခံတွေက လိုလားနေကြပါတယ်။

မန္တလေးတိုင်း မိုးကုတ်မြို့က စံပြ မုန့်တိုက်ပိုင်ရှင် ဦးကျော်ဝင်းကို တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တပ်ဖွဲ့က ဒီဇင်ဘာလ ၄ ရက်နေ့ကတည်းက ဖမ်းဆီးသွားခဲ့တာပါ။

TNLA တပ်ဖွဲ့ကို RFA က ဆက်သွယ်မေးမြန်းရာမှာတော့ လက်ရှိမှာ ဦးကျော်ဝင်းဟာ ကျန်းမာရေး ကောင်းမွန်နေကြောင်းသာ ဖြေဆိုခဲ့ပြီး၊ ဘာကြောင့် ဖမ်းဆီးတယ် ဆိုတာကိုတော့ ထုတ်ဖော်မပြောဆိုပါဘူး။

မန္တလေး၊ နေပြည်တော်၊ ရန်ကုန်မြို့တွေမှာပါ ဆိုင်ခွဲအများအပြား ဖွင့်ထားတဲ့ ဦးကျော်ဝင်းကို ဖမ်းဆီးသွားတာဟာ ငွေတောင်းခံဖို့ ဖြစ်နိုင်ကြောင်း ဒေသခံတွေက အရင် အတွေ့အကြုံတွေအရ သုံးသပ်ကြပါတယ်။

ဒီလုပ်ရပ်ကြောင့် ကမ္ဘာကျော် ကျောက်မျက်ရတနာတွေ ထွက်ရာ မိုးကုတ်မြို့အတွက် ခရီးသွားလုပ်ငန်းအပါအဝင် စီးပွားရေးလုပ်ငန်း အတော်များများ ထိခိုက်လာမှာကို ဒေသခံတွေက စိုးရိမ်နေတာပါ။

ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့နဲ့၊ ငွေတောင်းခံမှုအပေါ် အခြေခံပြီး ဖမ်းဆီးရိုက်နှက်တာမလုပ်ဖို့ မိုးကုတ်မြို့ ရပ်မိ၊ ရပ်ဖတွေက မေတ္တာရပ်ခံထားသလို လူ့အခွင့်ရေးလှုပ်ရှားသူတွေကလည်း ဒီလုပ်ရပ်အပေါ် ကန့်ကွက်ကြောင်း ထုတ်ပြန်ထားပါတယ်။

သေနတ်သံတောင် မကြားခဲ့ဖူးတဲ့ မိုးကုတ်မြို့မှာ ဒေသခံတွေဟာ မြို့လယ်ကောင်မှာ အခုလို လုပ်ရပ်တွေ ရှိလာတာကို စိုးရိမ်နေပြီး တချို့ဆိုရင်နေရပ်ကို စွန့်ခွာတိမ်းရှောင်နေကြပြီလို့ အမည်မဖော်လိုတဲ့ ရပ်မိရပ်ဖတစ်ဦးက ပြောပါတယ်။

TNLA တပ်ဖွဲ့က အခုလို အရပ်သား လုပ်ငန်းရှင်တွေကို ဖမ်းဆီတာ ငွေတောင်းတာဟာ အခုမှ မဟုတ်ပါဘူး။ ရှမ်းပြည်နယ်မြောက်ပိုင်း က နမ့်ခမ်းမြို့နယ်မှာလည်း ခိုလုံလီရှော တိုင်းရင်းသားအချို့ မူးယစ်ဆေး ရောင်းဝယ်သုံးစွဲမှုကြောင့် ဆိုပြီး TNLS က ဖမ်းဆီး နှိပ်စက်တာတွေ ရှိခဲ့ပါတယ်။

ဒီဖြစ်ရပ်အတွက် ပန်ဆေးဒေသ ခိုလုံး လီရှောလူငယ်အဖွဲ့က ကန့်ကွက်ခဲ့ပါတယ်။ ၂၀၂၀ ပြည့်နှစ်မှာ TNLA က ဖမ်းဆီးမှု သိပ်မရှိတော့ပေမယ့် ၂၀၁၉ ခုနှစ်မှာ ဖမ်းဆီးခံရပြီး ပြန်မလွတ်လာသေးသူ အမျိုးသမီးလေးဦးနဲ့ အမျိုးသား ငါးဦးလောက် ကျန်နေတယ်လို့ ပန်ဆေးဒေသ ခိုလုံလီရှောလူငယ်အဖွဲ့ ပြန်ကြားရေးတာဝန်ခံ မသိမ့်က ပြောပါတယ်။

မူးယစ်တိုက်ဖျက်မှုကို အားပေးပေမယ့် လူဖမ်းဆီးတာ ငွေတောင်းခံတာတွေဟာ ရေရှည်မှာ ဒေသတစ်ခုထဲ အတူတကွနေထိုင်သူ အချင်းချင်း အမုန်းပွားစရာ ဖြစ်လာနိုင်တယ်လို့ မသိမ့်က ပြောပါတယ်။

မန္တလေးမြို့ မီဒီယာစင်တာမှာ ၂၀၁၉၊ မတ် ၁၃ ရက်နေ့က ပန်ဆေးဒေသခံတွေ သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ်
မန္တလေးမြို့ မီဒီယာစင်တာမှာ ၂၀၁၉၊ မတ် ၁၃ ရက်နေ့က ပန်ဆေးဒေသခံတွေ သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ်
Photo: Khaymani Win/ RFA

အရင်ကဆိုရင် လက်နက်ကိုင်တပ်ဖွဲ့တွေ အနေနဲ့ တော်လှန်ရေးလုပ်ငန်းတွေအတွက် အခွန်ငွေတောင်းတဲ့၊ လူသစ်စုဆောင်းတဲ့ လုပ်ငန်းတွေကို သူတို့အာဏာသက်ရောက်တဲ့ မြို့နဲ့ဝေးတဲ့ ကျေးရွာတွေမှာပဲ ပြုလုပ်လေ့ရှိတာပါ။

၂၀၁၀ ပြည့်နှစ်နောက်ပိုင်းမှာတော့ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေ လှုပ်ရှားမှုများတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသက မြို့နယ်အတော်တော်များများမှာ အခွန်အခတွေ လူသစ်စုဆောင်းမှုတွေ ပိုများလာခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ မြို့ပေါ် အနီးတစ်ဝိုက်က လုပ်ငန်းရှင်တော်တော်များများဟာလည်း လုပ်ငန်းအပေါ်မူတည်ပြီး လက်နက်ကိုင်တပ်ဖွဲ့တွေ တောင်းသလောက် ပေးဆောင်နေကြရပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ TNLA တအာန်းပလောင်တပ်ဖွဲ့အပြင် ရှမ်းပြည်တပ်မတော် SSPP/SSA၊ ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း လှုပ်ရှားနေပါတယ်။ ကချင်တိုင်းရင်းသား အများအပြား နေထိုင်တဲ့ ဒီဒေသမှာ ကချင်လွတ်မြောက်ရေးတပ်မတော် KIA တပ်ဖွဲ့တွေလည်း ရှိနေပါတယ်။ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး NCA စာချုပ်မှာ လက်မှတ်မထိုးရသေးတဲ့ ဒီအဖွဲ့တွေဟာ သူတို့ လှုပ်ရှားစိုးမိုးတဲ့ ဒေသအလိုက် မြို့နယ်ကျေးရွာတွေမှာ အခွန်ကောက်ခံကြတာ ဖြစ်ပါတယ်။

TNLA တပ်ဖွဲ့ကတော့ လူသစ်စုရာမှာ သူတို့လူမျိုးဖြစ်တဲ့ တအာင်းလူမျိုးကိုပဲ အဓိကစုဆောင်းပြီး၊ ငွေကြေးကောက်ခံမှုကိုတော့ ဒေသအလိုက်၊ လုပ်ငန်းအလိုက် သတ်မှတ်ချက်နဲ့ ကောက်ခံတယ်လို့ TNLA ပြောခွင့်ရသူ ဗိုလ်မှူး မိုင်းအိုက်ကျော်က ပြောပါတယ်။

TNLA က သူတို့လှုပ်ရှားတဲ့ နမ့်ခမ်း၊ မူဆယ်၊ ကွတ်ခိုင်၊ လားရှိုး၊ သိန္နီ၊ ကျောက်မဲ၊ မိုးကုတ်၊ မိုးမိတ်၊ မဘိမ်း… စတဲ့ ဒေသတွေမှာ အဓိက ငွေကြေးတောင်းခံနေတာ တွေ့ရပါတယ်။

ရှမ်းပြည်တောင်ပိုင်းနဲ့ မြောက်ပိုင်း အစပ်ဒေသမှာ အခြေစိုက် လှုပ်ရှားတဲ့ ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP) ကလည်း သူတို့လှုပ်ရှားတဲ့ ဒေသတွေမှာ ငွေကြေးတောင်းခံနေပါတယ်။

အထူးသဖြင့် သီပေါ၊ ကျောက်မဲ၊ လားရှိုး၊ မိုင်းရယ်၊ တန့်ယန်း၊ နောင်ချိုစတဲ့ မြို့နယ်တွေက လုပ်ငန်းရှင်တွေကို အဓိက ငွေတောင်းခံတာ တွေ့ရပါတယ်။

ကိုးကန့်အဖွဲ့နဲ့ KIA ကတော့ သူတို့အဓိက လှုပ်ရှားတဲ့ တာမိုညဲ၊ ကွတ်ခိုင်၊ မူဆယ်၊ ချင်းရွှေဟော်၊ လောက်ကိုင်၊ ကွမ်လုံမြို့နယ်တွေမှာ လူသစ်စုတာ ငွေကြေးတောင်းခံတာတွေ အများဆုံး လုပ်နေတာကို တွေ့ရပါတယ်။

အပစ်ရပ်စာချုပ် လက်မှတ်ထိုးထားတဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တပ်ဖွဲ့ကလည်း ငွေကြေးနဲ့ လူသစ်လိုအပ်တဲ့အတွက် ကျောက်မဲ၊ သီပေါ၊ နမ္မတူမြို့နယ်တွေက ဒေသခံတွေက ရှာပေးကြရပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကဆိုရင် နမ္မတူမြို့နယ် ချောင်းဆာ ကျေးရွာ အုပ်စုအတွင်း RCSS တပ်ဖွဲ့က ဒေသခံတွေကိုစုခေါ်ပြီး ငွေတောင်းတယ်လို့ ဒေသခံက RFA ကို ပြောပါတယ်။ RCSS ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး စိုင်းအွမ်ခေးကတော့ သူတို့လှုပ်ရှားနေတဲ့ ဒေသအတွင်းမှာ လုပ်ငန်းအခြေအနေအပေါ်မူတည်ပြီး ငွေကောက်ခံတယ်လို့ RFA ကို ပြောပါတယ်။

"ဘယ်အဖွဲ့က ဘယ်လောက်တောင်းလို့ ပေးလိုက်ရတယ်" ဆိုတာကို ဒေသခံတွေက ထုတ်ဖော်ပြောဆိုဖို့ ဝန်လေးပါတယ်။ ဆက်ကြေးမပေးရင် အန္တရာယ်ပြုခံရသလို ဆက်ကြေးတောင်းတာ သတင်းပေါက်သွားရင်လည်း အန္တရာယ် ရှိပါတယ်။

၂၀၁၈ ခုနှစ်မှာတော့ TNLA က သူတို့ရဲ့ အခွန်ကောက်ဝန်ထမ်း သေဆုံးသွားမှုဟာ သတင်းပေါက်ကြားမှုကြောင့် ဖြစ်တယ်ဆိုပြီး နမ့်ခမ်းမြို့ကအမျိုးသမီးတဦးကို ဖမ်းဆီးပြီး ထောင်သုံးနှစ် ချမှတ်ခဲ့ပါတယ်။ ဒေသခံတွေ ဆန္ဒပြမှု၊ တခြား လက်နက်ကိုင်အဖွဲ့တွေ ညှိနှိုင်းပေးမှုတို့ကြောင့် နှစ်လ အကြာမှာ ပြန်လွှတ်ပေးပါတယ်။

လက်နက်ကိုင်အဖွဲ့တွေ တောင်းတဲ့အခွန် ဆိုတာကို ပေးခဲ့တဲ့အကြောင်း အာဏာပိုင်တွေ သိသွားရင်လည်း "မတရားသင်းဆက်သွယ်မှု" နဲ့ အရေးယူ ခံရနိုင်ပါတယ်။ ကျောက်မဲမြို့နယ် နမ့်ဟူးကျေးရွာမှာ ရှမ်းလက်နက်ကိုင်တပ်ဖွဲ့တွေအတွက် အခွန်ငွေ စုဆောင်းပေးခဲ့ရတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးကို အာဏာပိုင်တွေက ထောင်ဒဏ် နှစ်နှစ် ချမှတ်ခဲ့တဲ့ သာဓကလည်း ရှိခဲ့ဖူးပါတယ်။

လက်နက်ကိုင်အဖွဲ့တွေ လှုပ်ရှားတဲ့ဒေသအလိုက် ဒေသခံတွေ၊ လုပ်ငန်းရှင်တွေ၊ ဈေးသည်တွေဟာ အဖွဲ့တိုင်းနီးပါးကို ငွေပေးဆောင်ကြရတာပါ။ ကုန်ခြောက်ဆိုင် ဖွင့်ထားသူဆိုရင် ဆိုင်အရွယ်အစားအပေါ် မူတည်ပြီး တနှစ်ကို ဆယ်သိန်း၊ ဆယ့်ငါးသိန်း ပေးရပါတယ်။

အစိုးရကောက်ခံတဲ့ အခွန်ငွေကို ပေးရသလို လက်နက်ကိုင်အဖွဲ့တွေက တောင်းခံတဲ့ငွေကိုလည်း ပေးကြရတာကြောင့် စီးပွားရေးလုပ်ကိုင်သူတွေ အတော် ခက်ခက်ခဲခဲ့ ရုန်းကန်နေရတယ်လို့ ကျောက်မဲဒေသခံ ဦးတင်မောင်သိန်းက ပြောပါတယ်။

လက်ရှိကာလဟာ ကပ်ရောဂါကာလ ဖြစ်နေသလို စီးပွားရေး ကြပ်တည်းမှုနဲ့ ရင်ဆိုင်နေရတဲ့ အချိန်ဖြစ်တာကြောင့် အစိုးရက ထိုက်သင့်တဲ့ အခွန်အခတွေ ဖြေလျှော့ပေးနေပါတယ်။ လက်နက်ကိုင်အဖွဲ့တွေ အနေနဲ့ နှစ်စဉ်ကောက်ခံနေတဲ့ အခွန်အခတွေကို ဖြေလျှော့ပေးမှု ရှိပါသလားလို့ ရှမ်းမြောက်ဒေသအတွင်း လှုပ်ရှားနေတဲ့ လက်နက်ကိုင်အဖွဲ့ ပြန်ကြားရေး တာဝန်ခံတွေကို RFA က မေးမြန်းရာမှာတော့ တိတိကျကျ ဖြေဆိုတာ မရှိပါဘူး။ ဒေသခံတွေကတော့ ကိုဗစ်ကာလဖြစ်နေတာကြောင့် အခွန်ငွေ သို့မဟုတ် ဆက်ကြေးကို လျှော့ပေါ့ပေးစေချင် နေကြတာပါ။

ကျောင်းသားတပ်မတော် ABSDF မှာ တာဝန် ထမ်းဆောင်ခဲ့တဲ့ ညီမျှခြင်းမြန်မာအဖွဲ့ က ကိုအောင်မျိုးမင်းကတော့ လက်နက်ကိုင်တပ်ဖွဲ့တွေအတွက် လူသစ်စု၊ ငွေတောင်းတာတွေဟာ အရင်တုန်းကတည်းက ရှိခဲ့ပေမယ့် ဖမ်းဆီးပြီး ငွေတောင်းတာ၊ ရိုက်နှက်တာတွေဟာ လူ့အခွင့်အရေးနဲ့ မညီသလို တော်လှန်ရေး တပ်ဖွဲ့ဆိုတဲ့ ပုံရိပ်ကိုပါ ထိခိုက်တာကြောင့် ဆင်ခြင်သင့်တယ်လို့ ပြောပါတယ်။

လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ မြို့ပြတွေအထိ အခုလို သြဇာ တည်ဆောက်လာတာတွေဟာ တပ်မတော်မှာ တာဝန်ရှိပြီး လုံခြုံရေးအတွက် ထိထိရောက်ရောက် ဆောင်ရွက်သင့်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က မှတ်ချက်ပြုပါတယ်။

လက်နက်ကိုင်အဖွဲ့တွေ ငွေကောက်ခံတဲ့ အခြေအနေနဲ့ ပတ်သက်လို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့ကို RFA က မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကိုလည်း အိမ်တော် သတင်းသမားများ ဖေ့ဘွတ်စ်ဂရုမှာ RFA က ဆက်သွယ် မေးမြန်းထားပေမယ့် ဒီဇင်ဘာ ၁၀ ရက်နေ့ညအထိ တစ်စုံတစ်ရာ တုံ့ပြန်ပြောဆိုခြင်း မရှိခဲ့ပါဘူး။

၂၀၂၀ ရွေးကောက်ပွဲအပြီးမှာ အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေကြားမှာ ငြိမ်းချမ်းရေးကိစ္စတွေ ဆက်လက်ဆွေးနွေးဖို့ ကြေညာချက်တွေ အသီးသီး ထုတ်ပြန်ထားကြပေမယ့် ရှမ်းပြည်နယ် (မြောက်ပိုင်း) ဒေသမှာတော့ ဒီဇင်ဘာလ ၈ ရက်နေ့ကစပြီး တိုင်းရင်းသား လက်နက်ကိုင်အချင်းချင်း တိုက်ပွဲတွေ ပြန်ဖြစ်နေပါတယ်။

ငြိမ်းချမ်းရေး မဖော်ဆောင်နိုင်သေးသရွေ့တော့ စစ်မက်ဒေသက သာမန်ပြည်သူတွေ အနေနဲ့ ငွေကြေးကောက်ခံမှု၊ လူသစ်စုဆောင်းခံရမှုတွေ ဆက်ပြီး ကြုံတွေ့ရဖွယ် ရှိနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။