ရှမ်းမြောက်စစ်ပွဲကြားက အခမဲ့ဆေးခန်း

RFA Burmese
2024.09.10
ရှမ်းမြောက်စစ်ပွဲကြားက အခမဲ့ဆေးခန်း သီပေါမြို့ အခမဲ့ဆေးခန်းတွင် ဒဏ်ရာရလူနာများအား ကုသပေးနေသည်ကို ၂၀၂၄ ခုနှစ်၊ ဩဂုတ်လအတွင်းက တွေ့ရစဉ်။
Citizen Photo

 “ကျန်တဲ့သူတွေမနေနဲ့ ဒီနားကို မနေကြနဲ့..”

လက်နက်ကြီးကြောင့် သေဆုံးဒဏ်ရာရနေတဲ့ အရပ်သားတွေကို ပရဟိတအဖွဲ့တွေက အခမဲ့ ဆေးခန်းကို ပို့ဖို့ ပြင်ဆင်နေကြတာပါ။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့မှာ ပြီးခဲ့တဲ့ ဇူလိုင်လဆန်းပိုင်းကစပြီး တိုက်ပွဲတွေကြောင့် မြို့ပေါ်က ဆေးရုံ၊ ဆေးခန်းတွေအာလုံး ပိတ်သွားပါတယ်။ ဒါကြောင့် လက်နက်ကြီးတွေကြောင့် ထိခိုက်ဒဏ်ရာရသူတွေ၊ သက်ကြီးရွယ်အိုတွေ၊ နာမကျန်းသူတွေနဲ့ ကိုယ်ဝန်ဆောင်တွေအတွက် အခက်အခဲကြုံလာရာကနေ မြို့ခံတွေ၊ ဆရာဝန်၊ သူနာပြုနဲ့ ပရဟိတအဖွဲ့တွေ စုပေါင်းပြီး ဒီအခမဲ့ဆေးခန်းကို ဖွင့်လှစ်ခဲ့တာပါ။

"နှစ်လအတွင်းမှာ ကျွန်တော်တို့ လူနာပေါင်း ခုနစ်ရာကျော်ကို ကုသပေးနိုင်ခဲ့ပါတယ်"

ဇူလိုင်လကနေ အခုအထိ လူပေါင်း ခုနစ်ရာကျော်ကို ကုသပေးနိုင်ခဲ့တယ်လို့ ဆေးခန်းတည်ထောင်ရာမှာ ပါဝင်တဲ့ သီပေါမြို့ နယ်စည်းမခြားပရဟိတအဖွဲ့ ခေါင်းဆောင် ကိုမျိုးက ပြောပါတယ်။

“ကျွန်တော်တို့ ဒီနေ့ ဒီအချိန်အခါမှာ ဖြစ်နေတဲ့ အခြေအနေတွေအရ ပြည်သူလူထုတွေ ကျန်းမာရေးအတွက် အဝေးတွေကို သွားရတာတွေ ရှိတာပေါ့နော်။ အဝေးတွေကို သွားရတယ်၊ ခွဲရတာ ပြုရတာတွေရှိတဲ့အတွက် ဒီအခက်အခဲတွေကို ကျော်ဖြတ်နေရတဲ့အတွက်ကြောင့် နောက်ဆက်တွဲ ဒီဆေးတွေကို ထပ်ဖြည့်ကြတာပေါ့ နော်။ ထပ်ဖြည့်ရင်းနဲ့ တဖြည်းဖြည်း လူနာတွေလည်း များလာတာပေါ့နော်။ အခုချိန်နဲ့ဆိုရင် ကျွန်တော်တို့ နှစ်လ ပြည့်ပြီပေါ့။ နှစ်လအတွင်းမှာ ကျွန်တော်တို့ လူနာပေါင်း ခုနစ်ရာကျော်ကို ကုသပေးနိုင်ခဲ့ပါတယ်။ ထိခိုက်ဒဏ် ရာရတဲ့ လူနာတွေကိုလည်း ဒီမှာပဲ လုပ်ဆောင်ပေးနိုင်ခဲ့ပါတယ်”

သီပေါမြို့ခံ ကိုမင်းမင်းဟာ တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်ရင်း ဆိုင်ကယ်မှောက်ပြီး လက်နဲ့ ဦးခေါင်းမှာ ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ အခုတော့ ဒီဆေးခန်းက သူ့အတွက်ရော၊ သူ့မိသားစုဝင်တွေအတွက်ပါ တစ်ခုတည်းသော အားကိုးရာဖြစ်နေတာပါ။

“ကျွန်တော့် ယောက်ဖက ဘူတာနားမှာ လက်နက်ကြီး တစ်လုံးကျတော့ လယ်ကွက်ထဲကျတော့ အစ လာစဉ် လိုက်တော့ သူ့ခြေထောက်က ညာဖက်အခြမ်း ဖြတ်လိုက်ရတာပေါ့။ မိသားစုတွေကလည်း အဲမှာမနေနဲ့တော့ ရှောင်မယ်ဆိုပြီး ဘော်ကြို ဘုရားကြီးမှာ စစ်ဘေးသွားရှောင်တာပေါ့။ အဲမှာ ထွေလာဂျီနဲ့ အက်ဆီးဒင့် ဖြစ်တယ် လို့ ပြောတယ်။ ကျွန်တော်လည်း မသိလိုက်ဘူး ဖြစ်တဲ့အချိန် ကျွန်တော်လည်း သတိလစ်သွားတယ်လေ။ နောက်ရက်မှ သတိပြန်ရတာ။ သတိပြန်ရတော့ အိမ်ရောက်နေပြီ။ ဒီက ဆေးတွေဘာတွေ အကုန်လုံးလုပ်ပေးလိုက်တာပေါ့”

ဒီဆေးခန်းမှာ မီးဖွားဖို့အတွက် ကိုယ်ဝန်သည် အယောက် လေးဆယ်ကျော် စာရင်းပေးထားပြီး အဲဒီအထဲက ကိုယ်ဝန်ဆောင် ၁၅ ဦးကို မီးဖွားပေးထားပြီးပါပြီ။


ဆက်နွှယ်သောသတင်းများ

သီပေါမြို့ စစ်ကောင်စီ ဌာနဆိုင်ရာရုံးအားလုံး TNLA ထိန်းချုပ်

သီပေါထောင်က အကျဉ်းသားတစ်ရာကျော်ကို ကယ်ထုတ်ထားကြောင်း TNLA ပြော

အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာမှု ဂရုစိုက်မှာမဟုတ်ကြောင်း မြောက်ပိုင်းအဖွဲ့တွေ တုံ့ပြန်


ဒါပေမဲ့ လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ကိုယ်ဝန်ဆောင်တွေကို နေရာတွေခွဲပြီး ခက်ခက်ခဲခဲ မီးဖွားပေးနေရတယ်လို့ ဆေးခန်းမှာ ကူညီပေးနေတဲ့ သူနာပြုဆရာမ နန်းလောဝ်ခမ်းက RFA ကို ပြောပါတယ်။

“လွတ်လွတ်လပ်လပ်တော့ လုပ်လို့မရဘူး ကျွန်မတို့က။ ဒီမှာကျတော့ PHC သပ်သပ်၊ ဆေးတွေက သပ်သပ်၊ ရိုးရိုးမွေးတဲ့ အခန်းတွေက သပ်သပ် ဒီမှာလေ တွဲလျက်လေ။ ရိုးရိုးမွေးလို့ မရဘူးဆိုရင် ခွဲမွေးတဲ့ နေရာက ထပ်သွားရတာပေါ့နော်။ ဝေဟင်ရော၊ မြေပြင်ရော ပစ်နေတဲ့ အချိန်မှာကို သယ်သွားရတာပေါ့။ ကျွန်မတို့က ဒီအချိန်မှာ ရိုးရိုးမွေးလို့ မရရင် ဘာဖြစ်သွားနိုင်လဲ ကျွန်မတို့က အသက်နှစ်ချောင်းကို ကယ်ရတာပေါ့နော်။ ရိုးရိုးမွေးမရရင် ခွဲမွေးမယ်ဆိုတဲ့အခါကျရင်ကျွန်မတို့က သွားသယ်တဲ့ နယ်စည်းမခြားအဖွဲ့ရော အချိန်မီ ခွဲခန်း ခွဲလို့ရအောင် ပြင်ဆင်တဲ့ ဆရာဝန်၊ ဆရာမ အပိုင်းတွေရော တကယ်ကို အလျင်မီသွားရတာ အသက် လုပြီး ပြေးရတာပေါ့နော် ကျွန်မတို့လည်း”

ဒီဆေးခန်းမှာ ဆရာဝန်သုံးဦးနဲ့ သူနာပြုဆရာမ လေးဦး၊ စုစုပေါင်း ခုနစ်ဦးနဲ့ လည်ပတ်နေပြီး ပရဟိတအဖွဲ့ တွေက လိုအပ်တာတွေကို ကူညီပေးနေတာပါ။ လိုအပ်တဲ့ ဆေးဝါးတွေကိုတော့ မြို့ခံ အလှူရှင်တွေ၊ အဝေးရောက် စေတနာရှင်တွေက ပံ့ပိုးပေးတယ်လို့ ဆိုပါတယ်။

သီပေါမြို့ အခမဲ့ဆေးခန်းတွင် ဒဏ်ရာရလူနာများအား ကုသပေးနေသည်ကို ၂၀၂၄ ခုနှစ်၊ ဩဂုတ်လအတွင်းက တွေ့ရစဉ်။ (Citizen Photo)
သီပေါမြို့ အခမဲ့ဆေးခန်းတွင် ဒဏ်ရာရလူနာများအား ကုသပေးနေသည်ကို ၂၀၂၄ ခုနှစ်၊ ဩဂုတ်လအတွင်းက တွေ့ရစဉ်။ (Citizen Photo)

တိုက်ပွဲကာလအတွင်းမှာ ထိခိုက်ဒဏ်ရာရတဲ့ အရပ်သား ငါးဆယ်ကျော်ကို ကုသပေးနိုင်ခဲ့ပြီး ဒဏ်ရာ သက်သာကာစ လူနာတွေကိုတော့ လေကြောင်းနဲ့ လက်နက်ကြီး အန္တရာယ်ကနေ လွတ်ရာကို ပို့ဆောင်ထား တယ်လို့ သီပေါမြို့ နယ်စည်းခြားပရဟိတ အဖွဲ့ခေါင်းဆောင် ကိုမျိုးက ပြောပါတယ်။

“ကျွန်တော်တို့ ဒီမှာ ထိခိုက် ဒဏ်ရာရတဲ့သူအားလုံး ၅၂ ဦး ရှိတာပေါ့နော်။ အဲဒီ ၅၂ ဦးမှာ တချို့ ပြင်းထန်လူနာက အဲအချိန်မှာ ကျွန်တော်တို့ မလွှဲမဖြစ် လွှဲရတဲ့ လူနာ နှစ်ဦး ဖြစ်သွားတာပေါ့။ သူတို့အတွက် သွေးလိုအပ်ချက်တွေ ဖြစ်သွားတဲ့အတွက် အဲနှစ်ဦးပဲ လွှဲရတယ်။ ကျန်တဲ့ လူနာတွေအားလုံးကို ကျွန်တော်တို့ ဒီမှာပဲ ကြိုးစားပြီး ကုသပေးနေပါတယ်။ အဲဒီလူနာတွေကိုလည်း ဒီမှာကုသ ပေးပြီးပြီးဆိုရင် ကျွန်တော်တို့ ဘေးလွတ်ရာ နေရာလေးမှာ ရွှေ့ပြောင်းထားပေးပါတယ်။ ပြီးရင် နေ့စဉ် သွားရောက်ကြည့်ရှုပြီးတော့ ဆေးကုသပေးနေတာပါ”

လက်ရှိမှာ ဆေးခန်းအတွက် သွေးလိုအပ်ချက်ကိုဖြည့်နိုင်ပြီ ဖြစ်ပေမဲ့ ဦးခေါင်းထိခိုက်သူတွေအတွက် ဓာတ်မှန်ရိုက်ဖို့ ဓာတ်မှန်ဌာနနဲ့ ဆေးဝါး လိုအပ်ချက်တွေတော့ ရှိနေသေးတယ်လို့ အဲဒီဆေးခန်းမှာ ဆေးကုသပေးနေတဲ့ သူနာပြုတွေနဲ့ ဆရာဝန်အချို့က ပြောပါတယ်။

သီပေါမြို့မှာ တစ်ကျော့ပြန် ၁၀၂၇ စစ်ဆင်ရေး စတင်ခဲ့တဲ့ ဇွန်လနောက်ဆုံးပတ်ကစလို့ စစ်ကောင်စီတပ်နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ တိုက်ပွဲတွေ ဖြစ်ခဲ့တာပါ။

သြဂုတ်လ ဆန်းပိုင်းမှာတော့ မြို့အတွင်းပိုင်းနေရာအချို့မှာပါ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီက လေကြောင်းကပါ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ မြို့အတွင်းပိုင်းက အရပ်သားတွေပါ ထိခိုက်သေဆုံးဒဏ်ရာရခဲ့ပါတယ်။

သြဂုတ်လ ၁၀ ရက်နေ့မှာ သီပေါတံတားနဲ့ မြို့အတွင်း လုံခြုံရေး ယူထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဆုတ် ခွာသွားခဲ့ပြီးနောက် သီပေါမြို့ ဌာနဆိုင်ရာရုံးတွေ နဲ့ မြို့ပေါ်နေရာ အားလုံးကို TNLA တပ်ဖွဲ့က ထိန်းချုပ်ခဲ့ပါတယ်။ ဒါပေမဲ့ သီပေါမြို့အထွက်က စစ်ကောင်စီတပ်တွေကိုတော့ သိမ်းပိုက်နိုင်တာမရှိသေးပါဘူး။

သီပေါမြို့မှာ ဇူလိုင်လကနေ သြဂုတ်လ ကုန်အထိ လေကြောင်းနဲ့လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား နှစ်ဆယ်ကျော် သေဆုံးခဲ့ရပြီး ဒဏ်ရာရ သူ ငါးဆယ်ကျော် ရှိခဲ့ပါတယ်။ တိုက်ပွဲတွေကြောင့် မြို့ခံတစ်သောင်းကျော် အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရပြီး အဲဒီအထဲက လူတစ်ထောင်ဝန်းကျင်လောက်သာ နေရပ်ကို ပြန်လာနိုင်ကြသေးတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။