ပြည်ပက အဝယ်နည်းသွားလို့ ပုစွန်မွေးမြူရေးသမားတွေ အခက်တွေ့

RFA Burmese
2023.10.25
ပြည်ပက အဝယ်နည်းသွားလို့ ပုစွန်မွေးမြူရေးသမားတွေ အခက်တွေ့ လပွတ္တာမြို့နယ်၊ ပိန္နဲကုန်ကျေးရွာရှိ ငါးပုစွန်အဝယ်ဒိုင်တွင် ပုစွန်ကန် မွေးမြူသူများ ငါးပုစွန် လာရောက်ရောင်းချနေသည်ကို ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်၊ ဓနိဆိပ်ကျေးရွာအုပ်စုမှာ ပြည်ပကိုတင်ပို့နေတဲ့ ကျားပုစွန်တွေကို သဘာဝအတိုင်း စီးပွားဖြစ်မွေးကြပါတယ်။

စပါးစိုက်ရင်းနဲ့ ငါးပုစွန်တွေကို နည်းပညာ အကူအညီမပါဘဲ သဘာဝအတိုင်း မွေးကြတာပါ။ မွေးမြူရေးကန်တွေက ဧက ၅၀ ကနေ ၂၀၀ ကျော်အထိ ကျယ်ဝန်းကြပါတယ်။

ငါးပုစွန်တွေကို မွေးတဲ့အခါ ကန်တွေထဲကို မြစ်ရေ အတင်အချလုပ်ပြီး ဝင်လာတဲ့ ငါးပုစွန်တွေကို လှောင်ပြီးမွေးကြသလို၊ ကျားပုစွန် သားပေါက်တွေကို ဝယ်ပြီးတော့လည်း မွေးကြပါတယ်။

"ဒီနှစ်မှာတော့ ပြည်ပပို့တဲ့ ပုစွန်ဈေး ကျဆင်းနေတာကြောင့် အခက်အခဲ ဖြစ်နေပါတယ်"

ပုစွန်သားပေါက် တစ်ကောင်ကို ကန်ထဲမှာ သုံးလမွေးလိုက်တဲ့အခါ တစ်ကောင်ကို နှစ်ကျပ်သားလောက်အထိ ကြီးသွားပြီး ပြည်ပသို့ ပို့လို့ရပါတယ်။

အရင်နှစ်တွေက ငါးပုစွန်ဈေးကောင်းလို့ အဆင်ပြေကြတဲ့ လုပ်ငန်းရှင်တွေဟာ ဒီနှစ်မှာတော့ ပြည်ပပို့တဲ့ ပုစွန်ဈေး ကျဆင်းနေတာကြောင့် အခက်အခဲ ဖြစ်နေပါတယ်။

မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) နဲ့ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနဲ့ ကူးသန်းရောင်းဝယ်ရေး ဘဏ် (MICB) တို့ကို အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက အရေးယူ ပိတ်ဆို့ကြောင်း ကြေညာခဲ့တဲ့ ဇွန်လ ၂၁ ရက်နေ့ နောက်ပိုင်းမှာ ပြည်ပက အဝယ်နည်းသွားသလို ကျားပုစွန်ဈေးတွေ ကျသွားတာ သတိထားမိတယ်လို့ ပုစွန်မွေးမြူရေး လုပ်ငန်းရှင်တစ်ယောက်က ပြောပါတယ်။

အရင်နှစ်မှာ ပြည်ပက အဝယ်များလို့ ကျားပုစွန် တစ်ပိဿာကို ငွေကျပ် နှစ်သောင်း ဝန်းကျင်နဲ့ ရောင်းရပေမယ့် ဒီနှစ်မှာတော့ Export အဝယ်နည်းတာကြောင့် တစ်ပိဿာကို ငွေကျပ် ၁၂,၀၀၀ လောက်ပဲရတယ်လို့ ဧက ၅၀ ဝန်းကျင် မွေးမြူရေးကန် လုပ်ထားတဲ့ အသက် ၅၁ နှစ်အရွယ် ဦးဝင်းနိုင်က ပြောပါတယ်။

"ဈေးကွက်က မကောင်းဘူး။ မနှစ်က ကောင်းတယ်။ ဒီနှစ်က Export လိုင်း မကောင်းဘူး ပြောတယ်။ ဈေးကွက် မကောင်းဘူး။ ရသလောက် ရောင်းလို့ မကုန်ဘူး။ အပေါ်မှာ အဲဒီလို ဖြစ်နေတယ်။ နိုင်ငံခြားကို ပို့လို့ရတဲ့ပစ္စည်းက ပြည်တွင်းမှာပဲ ပြန်ရောင်းရတဲ့အခါကျတော့ ပြည်တွင်းဈေးလောက်ပဲ ပြန်ရတာပေါ့။ ပုံမှန်ဈေး နှစ်သောင်းဈေးလောက် ရှိတဲ့ပစ္စည်းက ဈေးကျပြီဆိုရင် ၁၂,၀၀၀ စျေးလောက်ပဲ ရတော့တယ်"

အသက် ၄၁ နှစ်အရွယ် ကိုနိုင်လင်းသူကတော့ ဓနိဆိပ်ကျေးရွာအုပ်စု၊ ပိန္နဲကုန်းရွာမှာ နေပါတယ်။ သူကတော့ ငါး၊ ပုစွန် မွေးမြူရေးလုပ်ငန်းကို လုပ်ကိုင်လာတာ ၁၅ နှစ်ရှိပါပြီ။

လက်ရှိမှာတော့ မွေးမြူရေး ကန် ဧက ၂၀၀ ဝန်းကျင်ရှိပြီး ငါးပုစွန် အရောင်းအဝယ်ကို လည်း ဦးဆောင်နေသူပါ။ သူကတော့ ပြည်ပပို့ကုန်ဖြစ်တဲ့ ကျားပုစွန်တွေဟာ Export အဝယ် နည်းလာတာကြောင့် ဈေးကျနေတဲ့အပေါ် ပြည်တွင်းစားသုံးဖို့အတွက် အချိန်ယူ ရောင်းရတယ်လို့ ပြောပြပါတယ်။

"အရောင်းအဝယ်ထိုင်းတယ်။ ဈေးနှုန်းလေးလည်း နည်းနည်းလေးတော့ ကွာဟမှု ရှိသွားတယ်။ ရလို့ တစ်ဆယ်လုံးလောက် တင်လိုက်ပြီဆိုရင် နှစ်လုံးလောက်ပဲ ရောင်းရတာမျိုး ကျန်တဲ့ဟာတွေက နည်းနည်းကျန်ခဲ့တယ်။ နောက်နေ့မှ တစ်ခါ ပြန်ခွဲရောင်း၊ ပြန်ချရောင်း အဲဒီလိုမျိုး ကြည့်ရောင်းရတယ်"

အသက် ၄၆ နှစ်အရွယ် ပိန္နဲကုန်းရွာသား ကိုလှမျိုးဇော်ကတော့ ငါး၊ ပုစွန် မွေးမြူရေး လုပ်လာတာ ၁၃ နှစ်ရှိပါပြီ။ အခုနှစ်မှာတော့ ပုစွန်သားပေါက် တစ်ကောင်ကို ၁၂ ကျပ်နဲ့ဝယ်ပြီး မွေးခဲ့ပေမယ့် ပုစွန်တွေသေလို့ အရှုံးနဲ့ ရင်ဆိုင်နေရတဲ့သူပါ။

အဲဒါကြောင့် မွေးမြူရေးကန် တစ်ကန်ကို စပါးပြန်စိုက်ထားပြီး နောက်တစ်ကန်ကိုတော့ ပုစွန် မွေးထားပါတယ်။ သူကတော့ Export ဈေးကွက်ဝင်တဲ့ ကျားပုစွန်တွေဟာ ပုစွန်ပေါလာရင် ဈေးထိုးကျတာရှိသလို ပြည်တွင်း စားသုံးနေတဲ့ မြက်ပုစွန်လို့ခေါ်တဲ့ ပုစွန်တွေလည်း ဈေးထိုးကျတာရှိတယ်လို့ ပြောပါတယ်။

"မြို့ပေါ်မှာ အေးသွားရင် တို့အောက်မှာက သိတဲ့အတိုင်း သေခဲ။ လက်ရှိ မိုးဦးကျ ရောင်းရတာက တစ်ပိဿာကို ခြောက်ထောင်၊ ခုနစ်ထောင် ရောင်းရတယ်ဆိုရင် သူက ရေကြီးရေ ပင်လယ်ရေလည်း ထိုးလည်းတက်ရော ပုစွန်ဈေးက ပြုတ်ကျသွားတယ်။ လေးထောင်၊ သုံးထောင့်ငါးရာ အဲဒီလို ဖြစ်သွားတာ"

သဘာဝအတိုင်း မွေးကြတဲ့သူတွေကတော့ ပုစွန်အကောင်ရေ တစ်သောင်းထည့်လို့ အကောင်ရေ နှစ်ထောင်လောက် ရှင်ရင် အမြတ်ကျန်ပါတယ်။

ပိန္နဲကုန်းကျေးရွာရှိ ပုစွန်ကန်တစ်ခုမှာ ပုစွန်ကန်မွေးမြူသူများ ငါးပုစွန်ဖမ်းနေသည်ကို ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့ကတွေ့ရစဉ်။ (Photo: RFA)
ပိန္နဲကုန်းကျေးရွာရှိ ပုစွန်ကန်တစ်ခုမှာ ပုစွန်ကန်မွေးမြူသူများ ငါးပုစွန်ဖမ်းနေသည်ကို ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့ကတွေ့ရစဉ်။ (Photo: RFA)

သဘာဝအတိုင်း ပုစွန်မွေးမြူကြသူတွေရဲ့ အရှုံး အမြတ်ကို ခန့်မှန်းလို့မရဘူးလို့ စပါးငါးမွေးမြူရေးကန်မှာ အလုပ်လုပ်နေတဲ့ အသက် ၃၀ အရွယ် ကိုမျိုးကိုက ပြောပြပါတယ်။

"ပုစွန်မွေးရတာ လွယ်တယ်လို့တော့ မထင်ပါနဲ့။ တော်တော် ခက်ခဲပါတယ်။ အောင်မြင်မှုက ပြောလို့မရဘူးဆိုတာ ကိုယ်ပုစွန်ဝယ်ပြီးတော့ မွေးလိုက်တယ်ဆိုထဲက ကိုယ့်ရလဒ်က ဘယ်လောက်ရှိမလဲဆိုတာ ခန့်မှန်းလို့မရဘူး။ ဘယ်လိုဖြစ်လဲဆိုတော့ ပုစွန်က သေပျောက်မှုမှာ မူတည်တာကိုး။ ပုစွန်က သေတယ်။ မရဘူး။ ပျောက်တယ်။ အဲဒီလို အမျိုးမျိုး ဖြစ်တတ်တဲ့အရာတွေ အများကြီးရှိတာပေါ့"

တပေါင်းနဲ့ တန်ခူးမှာ မွေးထားတဲ့ ပုစွန်တွေကို သုံးလကြာတဲ့အခါ ပင်လယ်ရေ အသွင်းအထုတ်လုပ်ပြီး ရေလွှဲမြောင်းတွေကနေတစ်ဆင့် ပြန်ပြီးဖမ်းရတာပါ။

ဒေသခံတွေက စနစ်တကျ မွေးမြူရေးနည်းပညာ လိုအပ်နေသလို ရေထွက်ကုန်ဈေးနှုန်း တည်ငြိမ်ဖို့ကိုလည်း မျှော်လင့်နေတာပါ။

"လိုအပ်တာကတော့ အဓိကကတော့ နည်းပညာပါပဲ။ အဲဒီ အောင်မြင်နိုင်မယ့် နည်းပညာရယ်၊ စျေးကွက်တည်ငြိမ်ဖို့ အဲဒါလေးတွေကတော့ အဓိက ကျတာပေါ့။ ကျန်တဲ့ဟာကတော့ အဆင်ပြေပါတယ်။ လုပ်နိုင်ကြတာကိုး သူ့ဟာလေးနဲ့သူ"

လပွတ္တာမြို့နယ်၊ ဓနိဆိပ်ကျေးရွာအုပ်စုဟာ သဘာဝအတိုင်း ငါးပုစွန် မွေးမြူရေးလုပ်ငန်းကို အဓိက လုပ်ကိုင်ကြပြီး လုပ်တဲ့သူ ၅၀ ဝန်းကျင်ရှိပါတယ်။

ငါးပုစွန်စျေးကွက် Export အဝယ်နည်းတာနဲ့ပတ်သက်လို့ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ ဒေါ်တိုးနန္ဒာတင်ကတော့ အဲဒီပြဿနာဟာ ရှုပ်ထွေးတဲ့ အခြေအနေ ဖြစ်နေတာကြောင့် အားလုံးစုပေါင်းပြီး အဖြေရှာရမှာဖြစ်တယ်လို့ RFA ရဲ့မေးမြန်းမှုကို အောက်တိုဘာလ ၄ ရက်နေ့က ဖြေဆိုထားပါတယ်။

မြန်မာနိုင်ငံကနေ ပြည်ပကို တင်ပို့နေတဲ့ ပို့ကုန်စာရင်းတွေအရ ပင်လယ်ရေကြောင်းနဲ့ နယ်စပ်ကနေ ပုစွန်တင်ပို့မှုဟာ ၂၀၂၂ - ၂၃ ဘဏ္ဍာနှစ်မှာ မက်ထရစ် တန်ချိန် ၉၄၀၀ ကျော်ရှိခဲ့ပြီး အမေရိကန် ဒေါ်လာ ၃၈ သန်းကျော် ရရှိခဲ့ပါတယ်။

၂၀၂၃ - ၂၄ ဘဏ္ဍာနှစ်မှာတော့ တန်ချိန် ၆၇၀၀ ကျော်ပဲ တင်ပို့နိုင်ခဲ့ပြီး အမေရိကန် ဒေါ်လာ သန်းပေါင်း ၂၇ သန်းကျော်ပဲ ရရှိခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။