လည်ပတ်သူ နည်းပါးသွားတဲ့ ရွှေစာရံဘုရားပွဲ
2024.04.08

မန္တလေးမြို့နဲ့ ၁၈ မိုင်လောက်ပဲဝေးတဲ့ ပုသိမ်ကြီးမြို့နယ် ရွှေစာရံရွာက နှစ်စဉ်ကျင်းပနေကျ ရွှေစာရံဘုရားပွဲတော်ဟာ ၂၀၂၀ ခုနှစ်က ကိုဗစ်ကပ်ဘေးကြောင့် ကျင်းပနေဆဲမှာ ပိတ်သိမ်းခဲ့ရပါတယ်။
"အရင်တုန်းကဆိုလို့ရင် အခုလိုအချိန် ပစ္စည်းတွေက ကုန်ပြီ။ ပြန်ပြန်လုပ်ရတာ။ ဒီနှစ်ကျတော့ ပြန်လုပ်ရတာနည်းတယ်”
အဲဒီနောက်ပိုင်း စစ်အာဏာသိမ်းထားတဲ့ကာလတလျှောက် နှစ်တိုင်း ကျင်းပခဲ့ပေမယ့်လည်း နိုင်ငံအနှံ့ တိုက်ပွဲတွေနဲ့ နိုင်ငံရေး မတည်ငြိမ်တာတွေကြောင့် ဘုရားပွဲကို အရင်လို နယ်ဝေးကနေ လာရောက်သူ နည်းပါးသွားတယ်လို့ ဘုရားပွဲကို အမှီပြုပြီး စျေးရောင်းနေသူတွေနဲ့ စက်လှေမောင်းသူတွေက ပြောပါတယ်။
ခေတ်ကာလအခြေအနေတွေကြောင့် ဘုရားပွဲကို လာရောက်လည်ပတ်သူ နည်းပါးသွားတာကြောင့် စက်လှေမောင်းသူလည်း လျော့သွားတယ်လို့ နှစ်စဉ် ဘုရားပွဲရက်မှာ စက်လှေမောင်းတဲ့ ဦးသန်းနိုင်က ပြောပါတယ်။
“အရင်တုန်းကကျတော့ စက်လှေတင်ကို ခုနစ်ဆယ်၊ ရှစ်ဆယ်လောက်ရှိတယ်။ အခုက အဲလောက်ထိ မရှိဘူး။ အားလုံးပေါင်းမှ ငါးဆယ်လောက်ပဲရှိတာ။ ပြောရမယ်ဆိုရင် နေ့တွက်သာသာရတာပေါ့။ အရင်တုန်းကတော့ စက်လှေတစ်စီးကို တော်တော်ရတယ်။ လူကစည်တော့လေ။ တအားစည်တာ။ အခုက စည်တော့စည်တယ်၊ ထင်သလောက်မစည်ဘူး ဒီနှစ်က”
ရွှေစာရံဘုရားပွဲကို လာသူအများစုက ရွှေစာရံဘုရားနဲ့ကပ်ရပ်ရှိတဲ့ မြစ်ငယ်မြစ်ကနေ စက်လှေတွေစီးပြီး နောက်ထပ် အထင်ကရနေရာတွေကို သွားလာလည်ပတ်ကြပါတယ်။
ဦးသန်းနိုင်ဟာ စစ်ကိုင်းမြို့နယ် ထန်းမြင့်ရွာဇာတိဖြစ်ပြီး မန္တလေးမြို့က ပွဲရုံတစ်ခုမှာ အလုပ်လုပ်ရင်း တစ်ဖက်ကလည်း ရွှေစာရံဘုရားပွဲတော်ကာလဆိုရင် ရွှေစာရံအနီး မြစ်ငယ်မြစ်မှာ စက်လှေမောင်းနေတာ ဆယ်နှစ်လောက်ရှိပါပြီ။
ပုဂံခေတ်က မိဖုရား စောမွန်လှ တည်ထားတဲ့ ရွှေစာရံဘုရားပွဲတော်ကို နှစ်စဥ် တပေါင်းလပြည့်နေ့ကနေ လပြည့်ကျော် (၈) ရက်နေ့အထိ ကျင်းပတာပါ။
တချို့ ဘုရားပွဲစျေးသည်တွေနဲ့ ဘုရားဖူးလာသူတွေကတော့ ပွဲတော်နေ့မရောက်ခင် တစ်လလောက်ကတည်းက ရွှေစာရံကို လာရောက်လေ့ရှိပါတယ်။
စစ်တပ်အာဏာမသိမ်းခင်က ရွှေစာရံဘုရားပွဲကို နိုင်ငံအနှံ့က လာရောက်ကြပြီး အာဏာသိမ်းပြီးနောက်မှာတော့ အနီးဝန်းကျင်က ဘုရားဖူးတွေပဲ လာရောက်ကြတာများတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လွန်ခဲ့တဲ့ ငါးနှစ်လောက်က ဘုရားဖူးသူများပြီး စက်လှေစီးသူတွေလည်း များတာကြောင့် ပွဲတော်တစ်ကြိမ် ကျင်းပပြီးသွားရင် စက်လှေသမားတွေအတွက် ငွေသိန်းဆယ်ချီပြီး အမြတ်ကျန်ကြတယ်လို့လည်း ပြောပါတယ်။
ဘုရားပွဲစျေးမှာ ရွှေစာရံဘုရားပွဲရဲ့ သင်္ကေတလို့ မှတ်ယူကြတဲ့ ထန်းရွက်ပုတီးလေးတွေနဲ့ ဒေသထွက် အစားအစာတွေ၊ လက်ဆောင်ပစ္စည်းစတာတွေကို စျေးသည် တစ်ထောင်ကျော်က လာရောက်ရောင်းချကြပါတယ်။ အဲဒီစျေးသည်တွေထဲမှာ ထန်းရွက်နဲ့လုပ်တဲ့ လက်ဆောင်ပစ္စည်းလေးတွေ လာရောက်ရောင်းချတဲ့ ဒေါ်ယုယုလှိုင်လည်း ပါဝင်ပါတယ်။
“မနှစ်တုန်းက ရောင်းအားကောင်းတယ်။ စျေးသည်တွေ နည်းတယ်။ ဒီနှစ်တော့ စျေးသည်တွေက များလာတယ်။ သိပ်တော့ မဟုတ်ဘူးပေါ့။ ရောင်းရချရတာ အရင်လောက်တော့ မဟုတ်ဘူးပေါ့။ အရင်တုန်းကဆိုလို့ရင် အခုလိုအချိန် ပစ္စည်းတွေက ကုန်ပြီ။ ပြန်ပြန်လုပ်ရတာ။ ဒီနှစ်ကျတော့ ပြန်လုပ်ရတာနည်းတယ်”
ထန်းရွက်နဲ့လုပ်တဲ့ ထန်းရွက်ပုတီး၊ ထန်းရွက်ငါးရုပ် စတဲ့ ဘုရားပွဲလက်ဆောင်ပစ္စည်းတွေကို ဒေါ်ယုယုလှိုင်တို့ရွာဖြစ်တဲ့ ကျောက်ဆည်မြို့နယ် ညောင်ဝန်းရွာခံတွေ လုပ်ကြတာပါ။
အဲဒီပစ္စည်းလေးတွေကို ရွာမှာ လေးလလောက်ကြိုလုပ်ထားကြပြီး သူ့လိုပဲ ရွာကနေ လာရောင်းတဲ့သူ ဆယ်ဦးလောက်ရှိပါတယ်။
ရွှေစာရံဘုရားပွဲကို လာတဲ့သူအများစုဟာ စောမွန်လှ တည်ခဲ့တဲ့ နားဋောင်းကျစေတီကို သွားပြီးအဓိဌာန်ပြု ဆုတောင်းလေ့ရှိပါတယ်။
ရွှေစာရံဘုရားပွဲကို လာတဲ့ ကျောက်ဆည်မြို့နယ် မင်းစုရွာက ဒေါ်အေးကြူကလည်း သီးနှံဖြစ်ထွန်းဖို့နဲ့ တိုင်းပြည်အေးချမ်းသာယာဖို့ ဆုတောင်းခဲ့ပါတယ်။
“သားသမီးတွေ ငြိမ်းချမ်းသာယာဝဖြိုးကြပါစေ။ တစ်တိုင်းပြည်လုံး အေးချမ်းသာယာဝဖြိုးကြပါစေ။ အဲလိုမျိုး ဆုတောင်းမေတ္တာ ပို့ကြတာပေါ့။ အသီးအနှံတွေ စိုက်တာလည်း ရပါစေပေါ့နှော့။ မိုးလေဝသကောင်းမှ နှမ်းရကြမှာ၊ စပါးတွေ ရကြမှာမို့လို့ အဲလိုမျိုး အဓိကပါပဲ”
အညာဒေသ မန္တလေးမြို့နားက အထင်က ရွှေစာရံဘုရားပွဲတော်ရဲ့ စျေးသည်တွေနဲ့ ဒေသခံတွေက တိုင်းပြည်ငြိမ်းချမ်းပြီး အရင်လို ဘုရားပွဲတော်ကို စည်စည်ကားကား ကျင်းပနိုင်ဖို့ မျှော်လင့်နေကြပါတယ်။