ဘားတွေမှာ သီချင်းဆိုရင်း ကိုယ်ပိုင်သံစဥ်တွေ ဖန်တီးနိုင်ဖို့ ကြိုးစားနေသူ
2024.09.04
ဂစ်တာတစ်လက်ကိုင်ပြီး ကြိုးတွေညှိရင်း သံစဥ်တွေ ရှာဖွေနေသူကတော့ ကိုကျော်ကြီးပါ။ သူဟာ မိသားစုသုံးဦးနဲ့အတူ ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်က သံလမ်းမှာ Underground Music သမားတစ်ဦးအနေနဲ့ ရပ်တည်နေသူပါ။
ဂီတကို ရှစ်တန်းကျောင်းသားဘဝ ၁၉၉၅ ခုနှစ်ကတည်းက သင်ယူလေ့လာခဲ့ပြီး တက္ကသိုလ် ဒုတိယနှစ်မှာ ကျောင်းဆက်မတက်တော့ဘဲ ဂီတလောကထဲ သူ့ဘဝကိုနှစ်မြှုပ်ခဲ့တာလို့ ကိုကျော်ကြီးက ပြောပါတယ်။
“ကျွန်တော်အသက် ၁၆ နှစ်လောက်မှာ ဂီတလောကထဲကို စိတ်ဝင်စားပြီး ရောက်လာတာပေါ့နော်။ ကျွန်တော့ဘေးအိမ်က အစ်ကို့သူငယ်ချင်းတီးတာကို သဘောကျပြီး ရှစ်တန်းနှစ်လောက်ကစပြီး သင်ယူခဲ့တာပါ၊ ဒုတိယနှစ်ရောက်တဲ့အထိ ကျောင်းတက်ခဲ့သေးတယ်။ ဒုတိယနှစ်မှာ သူငယ်ချင်းတွေနဲ့စုစည်းပြီး ကျွန်တော်တို့ Unplugged Band လေးတွေစပြီး တီးနေကြပြီ။ အဲဒီမှာ ကျွန်တော် ကျောင်းစာဘက်ကို လုံးဝ စိတ်မဝင်စားတော့ဘူး။ အဲဒီချိန်မှာ ကျောင်းဆက်မတက်တော့ဘူး။ ဂီတဘက်ကိုပဲ ခြေစုံပစ်ဝင်ခဲ့လိုက်တာပါ”
ကိုဗစ်ကြောင့် လူစုလူဝေးနဲ့လုပ်ရတဲ့ ဖျော်ဖြေရေးပွဲတွေ ရပ်နားထားခဲ့ရတာကြောင့် ပျော်ပွဲရွှင်ပွဲရှိမှ ဖျော်ဖြေရတဲ့ ဇာတ်သဘင်ဂီတအဖွဲ့တွေ ပြိုလဲကုန်ကြတာ ဒီနေ့အထိပါပဲ။
“ကိုယ်ပိုင်သီချင်းတွေ ထုတ်နိုင်တဲ့အထိ ကြိုးစားသွားဖို့က သူ အဖြစ်ချင်ဆုံးဆန္ဒတွေထဲက တစ်ခုဖြစ်ပါတယ်”
ဒါကြောင့် ဂီတအနုပညာရှင်တွေ၊ အဆိုတော်တွေဟာ စားသောက်ဆိုင်တွေ၊ ဘားတွေမှာ သီဆိုဖျော်ဖြေတာ များလာပါတယ်။
“ကိုဗစ်ကာလနောက်ပိုင်းမှာ ကျွန်တော်တို့ Underground Music သမားတွေအတွက်ကတော့ ပွဲတွေတီးရဖို့ စတိတ်ပွဲတွေ၊ တချို့ မင်္ဂလာဆောင်ပွဲတွေ၊ စတိတ်ရှိုးပွဲတွေတီးရဖို့အခွင့်အလမ်းက ရှားပါးလာတယ်၊ ဘားလေးတွေ ဖွင့်ထားတဲ့အတွက်ကြောင့် Underground music Band လေးတွေ အများကြီး အခွင့်အလမ်းရလာတာပေါ့နော်။ လေ့ကျင့်လို့လည်း ဖြစ်သလိုပေါ့နော်။ ဒီကနေလည်း အများကြီးတက်သွားနိုင်ဖို့ အခွင့်အလမ်းတွေ အများကြီးရှိပါတယ်။ ကျွန်တော်တို့မှာလည်း ဘားလေးတွေ ရှိတဲ့အတွက်သာ ရပ်တည်နေလို့ရတာပေါ့”
ဘားတွေမှာ သီချင်းတွေ ဆိုနေတဲ့ဘဝကို ပျော်ရွှင်နေတာတော့ မဟုတ်ဘူးလို့ ကိုကျော်ကြီးက ပြောပါတယ်။
“အလုပ်အကိုင် အခွင့်အလမ်းတွေ ရှားပါးနေတဲ့အချိန်မှာ ကျွန်တော်တို့ကလည်း လုပ်တတ်တာဆိုလို့ သီချင်းဆိုတာနဲ့ ဂီတာတီးတတ်တာပဲရှိတယ်။ တစ်သက်လုံးလည်း ဒါနဲ့ပဲ အသက်မွေးဝမ်းကျောင်း ပြုလာတာပေါ့နော်။ Bar (ဘား) တွေမှာ သီချင်းဆိုတယ်။ ဒါပေမဲ့ ဘယ်လိုပြောရမလဲ၊ ပျော်ရွှင်ပြီးတော့ ဆိုနေရတာမျိုး မဟုတ်ဘူးလေ။ ဒါက ကျွန်တော်တို့ရဲ့ အသက်မွေးဝမ်းကျောင်း၊ ကျွန်တော်တို့ရဲ့ဘဝပါ။ မိသားစုစားဝတ်နေရေးအတွက် ဒီအလုပ်ကို လုပ်နေရတာပါ။ တခြားအလုပ်တွေ ကျွန်တော် မလုပ်တတ်တဲ့အတွက် ကျွန်တော်တို့ တတ်တဲ့အလုပ်နဲ့ပဲ အသက်မွေးဝမ်းကျောင်းပြုရတာပါ”
နိစ္စဓူဝ အထွေထွေအခက်အခဲ၊ အကျပ်အတည်းတွေကြားက မြို့ပြလူထုအတွက် Night Life မှာ ဘားတွေ၊ စားသောက်ဆိုင်တွေနဲ့ စင်တင်တေးဂီတ ဖျော်ဖြေတဲ့ဆိုင်တွေဟာ စိတ်ထွက်ပေါက် ဖြစ်လာခဲ့ပါတယ်။
“အခုချိန်မှာ Music ရှိရင် ပိုပြီးအဆင်ပြေတာပေါ့နော်။ အဆင်ပြေတယ်ဆိုတာ လူတွေရဲ့ စိတ်ထွက်ပေါက်ပေါ့။ မရှိတဲ့ရက်ဆို သူ့ဟာနဲ့သူ လာတော့ လာကြတာပေါ့။ တချို့ကျတော့လည်း ဂီတကို နားထောင်ချင်တဲ့အတွက်ကြောင့် Unplugged လေး ထည့်ပေးပါပေါ့။ အဲဒီလို ကွာခြားချက်ကလေးတွေတော့ ရှိပါတယ်”
ဆက်နွှယ်သောသတင်းများ
ထိုင်းနဲ့မြန်မာတေးဂီတတွေ ချင်းမိုင်မှာ ပူးပေါင်းဖျော်ဖြေ
အော်ရာလီ (သို့) လေကြောင်းတိုက်ခိုက်မှုကြောင့် ကြွေလွင့်ခဲ့တဲ့ ကြယ်တစ်ပွင့်
ဘေ့စ်ဂီတသမားကနေ လက်နက်ကိုင်လမ်းစဉ်ရွေးချယ်ခဲ့သူ ကေအိုင်အေ စစ်ဦးစီးချုပ်
ဘားဆိုင် Unplugged တွေကနေ နာမည်ကျော် အဆိုတော်တွေ ပေါ်ထွက်ခဲ့တာရှိသလို ကိုကျော်ကြီးကလည်း တစ်ချိန်မှာ ကိုယ်ပိုင်သီချင်းတွေ ထုတ်နိုင်တဲ့အထိ ကြိုးစားသွားဖို့က သူ အဖြစ်ချင်ဆုံးဆန္ဒတွေထဲက တစ်ခုဖြစ်တယ်လို့ ပြောပါတယ်။
“ရည်ရွယ်ချက်ကတော့ ရှိတယ်။ ကျွန်တော်တို့ ကိုယ်ပိုင်သီချင်းလေးတွေ လုပ်မယ်။ ဒီလိုလုပ်ချင်နေလို့ ဘားတွေမှာ ဂီတာတီးနေရခြင်း အကြောင်းရင်းကလည်း ဒါပဲ။ ဒီကနေ ဝင်ငွေရှာ၊ ပိုက်ဆံလေးရ စု၊ ကျွန်တော်တို့ အသံသွင်း၊ ဒီကနေပဲ ပြန်ပတ်နေရတာ။ လူတိုင်းကတော့ အောင်မြင်ချင်တာပေါ့။ ကံတရားနဲ့လည်း သက်ဆိုင်သေးတယ်။ ကျွန်တော်တို့ဘက်ကတော့ မဆုပ်မနစ် လုပ်စရာရှိတာကို ကြိုးစားသွားမယ်”