ကလောမြို့က ရွှံ့နွံဖုံးနေတဲ့ အိမ်တွေကို ကူညီရေးအဖွဲ့က ရှင်းပေးနေ
2024.09.30
ပြီးခဲ့တဲ့ စက်တင်ဘာလဆန်းပိုင်းက တောင်တရုတ်ပင်လယ်မှာ ဖြစ်ပေါ်ခဲ့တဲ့ တိုင်ဖွန်းမုန်တိုင်း ရာဂီအရှိန်နဲ့ မြန်မာနိုင်ငံတစ်ဝန်းက မြို့နယ် ၅၄ မြို့နယ်မှာ ရေကြီးတာ၊ မြေပြိုတာတွေကြောင့် သေဆုံးသူတွေနဲ့ ပျက်စီးဆုံးရှုံးမှုတွေ ရှိခဲ့ပါတယ်။
အဲဒီမြို့တွေထဲမှာ ကလောလည်း ပါဝင်ပါတယ်။ အခု အဲဒီမြို့ကို နမ့်လတ် လူမှုကူညီကယ်ဆယ်ရေး (Namlat Foundation) အဖွဲ့သားတွေ ရောက်ရှိနေပြီး အိမ်တွေထဲမှာ တင်ကျန်နေတဲ့ ရွှံ့နွံတွေကို ကူညီရှင်းပေးနေပါတယ်။ သဘာဝဘေး ကျရောက်ပြီးချိန် ကူညီကယ်ဆယ်တဲ့ ပရဟိတသမားတွေဟာ အစားအသောက်၊ အဝတ်အထည်နဲ့ ငွေကြေးတွေ ကူညီလေ့ရှိကြပေမဲ့ နမ့်လတ်အဖွဲ့ကတော့ လုပ်အားဒါနကို ဦးစားပေး ကူညီနေတာပါ။
မြို့ခံတွေ တကယ်အကူအညီဖြစ်စေမဲ့ နုန်းရှင်းဖို့ကို အဖွဲ့နဲ့တိုင်ပင်ပြီး ဆုံးဖြတ်ခဲ့တာလို့ အသင်းဦးဆောင်သူ ကိုစိုင်းသီဟနိုင်က ပြောပါတယ်။
“အသင်းရဲ့ ရည်ရွယ်ချက်ကိုက လူမှုဒုက္ခတွေကို ကူညီချင်တဲ့ ရည်ရွယ်ချက်ထားတာ။ ကလောမှာက နုန်းရှင်းတဲ့ကိစ္စကို ဘာလို့လုပ်ဖြစ်လဲဆိုတော့ ကလောကို ရောက်တဲ့အချိန် ဘာကူညီရမလဲဆိုတာကို ရှာတာပေါ့နော်။ ကွင်းပြင်ကြီး တွေ့တဲ့အချိန်မှာ ဘာလုပ်လို့ လုပ်ရမှန်းမသိတဲ့ အနေအထားဖြစ်တယ်။ မြို့ရဲ့ ရှစ်ဆယ်ရာခိုင်နှုန်းလောက်ကို နုန်းတွေ ဖုံးနေတာ။ မြို့သူမြို့သားတွေ မျက်နှာမှာ ဝမ်းနည်းပူဆွေးနေကြတယ်။ အိမ်ထဲက ရွံ့နွံကြီး ထွက်သွားမှ သူတို့ပြန်နေလို့ရမဲ့အနေအထားကို တွေ့လိုက်ရတယ်။ အဲဒါနဲ့ အဖွဲ့နဲ့တိုင်ပင်ပြီး လှူဖို့ပစ္စည်းတွေတော့ ပါတယ်။ မလှူသေးဘဲ ရွံ့ရှင်းကြမယ်ဆိုပြီး ဆုံးဖြတ်လိုက်တာ”
နွံရှင်းဖို့ လိုအပ်တဲ့ စက်ပစ္စည်းတွေကို ရန်ကုန်နဲ့ တောင်ကြီးက အမြန်မှာပြီး စက်တင်ဘာ ၁၄ ရက်နေ့ကတည်းက စတင်ရှင်းလင်းခဲ့တာပါ။ ဒေသခံတွေကလည်း တည်းခိုစရာ နေရာပေးတဲ့အတွက် ကလောမှာ ယာယီရုံးခန်းဖွင့်ပြီး ကူညီနေကြတယ်လို့ သူက ဆက်ပြောပါတယ်။ တခြားပရဟိတအဖွဲ့တွေလည်း လာရောက်ပူပေါင်းကြတယ်လို့ ဆိုပါတယ်။
“ပိုက်ဆံပေးပြီး ငှားတာတောင် မလုပ်ချင်ကြတဲ့အချိန်မှာ နမ့်လတ် လူမှုကူညီရေးအသင်းက လာရောက်ကူညီတာပါ”
နမ့်လတ် လူမှုကူညီရေးအသင်းဟာ ကိုဗစ် ၁၉ ကာလမှာ အသင်းမှတ်ပုံတင်ပြီး အသင်းသား ၁၅ ဦးနဲ့ စတင်ခဲ့တာပါ။ အောက်ဆီဂျင်ရရှိရေး၊ ငွေကြေး အခက်အခဲရှိတဲ့ လူနာတွေကို အခမဲ့ ဆေးရုံပို့ဆောင်ပေးတာ၊ လစဥ် စားနပ်ရိက္ခာ ထောက်ပံ့တာတွေ ကူညီပါတယ်။
နယ်ကို ကယ်ဆယ်ရေး ထွက်မယ်ဆိုရင်တော့ အသင်းဝင်တွေနဲ့ သွားရောက်ကူညီတဲ့ဒေသက စေတနာ့ဝန်ထမ်းတွေ ပူးပေါင်းလုပ်ဆောင်တယ်လို့ ဆိုပါတယ်။ လက်ရှိမှာ ရာနဲ့ချီတဲ့ စေတနာ့ဝန်ထမ်းတွေ ရှိလာပါပြီ။ စေတနာ့ ဝန်ထမ်းတွေမှာ အသက်ရွယ် အပိုင်းအခြားအစုံ ပါဝင်ပြီး လူငယ်နဲ့ လူလတ်ပိုင်းတွေ ပိုများတယ်လို့ ကိုစိုင်းသီဟနိုင်က ပြောပါတယ်။
ပိုက်ဆံပေးပြီး ငှားတာတောင် မလုပ်ချင်ကြတဲ့အချိန်မှာ နမ့်လတ် လူမှုကူညီရေးအသင်းက လာရောက်ကူညီတာလို့ ကလောမြို့ခံ ကိုဇင်ကိုက ပြောပါတယ်။
“အိမ်ပေါ်မှာ ရွံ့က တစ်တောင်လောက် ကျန်ခဲ့တာ။ အကုန်လုံး ဘာမှရစရာမရှိဘူး။ ဘယ်လိုက စလုပ်ရမှန်း မသိဘူး။ အလုပ်သမားလည်း ခေါ်မရဘူး။ ကိုစိုင်းတို့အဖွဲ့က ကျွန်တော်တို့ရပ်ကွက်ထဲ ရောက်လာပြီး ဘာကူညီပေးရမလဲဆိုတော့ ပထမတော့ အဲဒီလိုတွေ လုပ်ပေးမယ် မထင်ဘူး။ ဒီလိုဒီလိုပဲ လုပ်ကူမယ်ဆိုတော့ ခု သူတို့ဝင်နေတာ။ အလုပ်သမား ရှာတာတောင် ဘယ်သူမှ မလုပ်ချင်ဘူး။ ပိုက်ဆံပေးရင်တောင်မှလေ။ အဲဒါကို သူတို့အဖွဲ့တွေက လူအားနဲ့ရော စက်အားနဲ့ရော ဆွဲထုတ်လုပ်ပေးနေတာ”
ကလောမြို့မှာ နွံဒုက အနည်းဆုံး တစ်ပေခွဲရှိပြီး တချို့နေရာတွေ ဒူးခေါင်ကျော်တယ်လို့ သိရပါတယ်။ ရှင်းလင်းတဲ့အခါ လူအင်အားရော စက်အင်အားရော သုံးပြီး အိမ်ထဲက နွံတွေကို စုပ်ထုတ်ရတာပါ။ အဲဒီနောက် ကလောနဲ့ အောင်ပန်းကြားက စိမ့်စမ်းရေ ထွက်တဲ့နေရာကနေ ရေကိုစုပ်ယူပြီး ဆေးကြောတာလို့ ဆိုပါတယ်။
“အခုရှိတဲ့ လူအင်အားနဲ့ စက်အင်အားနဲ့တော့ ကလောတစ်မြို့လုံးကို မခြုံငုံနိုင်ပါဘူး”
အမြဲလာလည်ဖြစ်တဲ့ ကလောမြို့လေး အခုလို ရေဘေးနဲ့ကြုံတာကို မျက်မြင်တွေ့ခဲ့တာကြောင့် တကယ်လိုအပ်နေတဲ့ နုန်းရှင်းတာကို ကူဖြစ်တာလို့ ရန်ကုန်ကနေ စေတနာ့ဝန်ထမ်းအဖြစ် ရောက်နေတဲ့ အမည်လွှဲထားတဲ့ မဝေက ပြောပါတယ်။
“ကျွန်မ ကလောကို အမြဲတမ်း လာလည်တယ်။ ရန်ကုန်သူဆိုပေမဲ့ ကလောကို အရမ်းချစ်တယ်။ ကလောမှာ ဒါမျိုးဖြစ်တာ မျက်မြင်ကိုယ်တွေ့မြင်ခဲ့တာ။ ကျွန်မလာလည်ချိန်မှာ ဖြစ်တာလေ။ ရန်ကုန်ပြန်ဆင်းသွားတဲ့အချိန်မှာ ခုလာပူးပေါင်းတဲ့ အဖွဲ့ရဲ့ခေါင်းဆောင်က စေတနာ့ဝန်ထမ်း လိုတာကို တင်ထားတော့ သွားကူမယ်ဆိုပြီး လာတာ”
အိမ်ရှင်တွေကိုယ်တိုင်နဲ့ အလုပ်သမားငှားပြီး လုပ်ရင်တောင် ခြောက်ရက်ခန့် ကြာမှာဖြစ်ပေမဲ့ နမ့်လတ်အဖွဲ့သားတွေကတော့ တစ်ရက်ကို ပျှမ်းမျှ အိမ်ရှစ်လုံးခန့် ပြီးအောင် လုပ်နိုင်သလို တချို့ရက်တွေဆို ဆယ်လုံးအထိ ကူညီနိုင်တယ်လို့ ကိုစိုင်းသီဟနိုင်က ပြောပါတယ်။ စက်တင်ဘာ ၂၇ ရက်နေ့အထိ အိမ်အလုံး တစ်ရာခန့် ကူညီပြီးပြီလို့ ပြောပါတယ်။
ဆက်နွှယ်သော သတင်းများ
ရေကြီးပြီးနောက် ကလောမြို့က မီးရထားလမ်းမြင်ကွင်း
ကလောမှာလမ်းပန်းဆက်သွယ်ရေးခက်၊ ရိက္ခာတွေလိုအပ်နေ
ကလောမြို့ ရေကြီးနစ်မြုပ်မှု သေဆုံးသူတစ်ရာခန့် ရှိလာ
ဒါပေမဲ့ အခုရှိတဲ့ လူအင်အားနဲ့ စက်အင်အားနဲ့တော့ ကလောတစ်မြို့လုံးကို မခြုံငုံနိုင်ဘူးလို့လည်း ဆိုပါတယ်။
ကလောမြို့မှာ နွံရှင်းဖို့အတွက် နေ့စားခ ပေါက်စျေး သုံးသောင်းရှိနေပြီး အလုပ်သမားငှားဖို့ ရှားပါးနေပါတယ်။ ဒါကြောင့် လူအင်အား ပိုလိုအပ်နေပြီး စေတနာ့ဝန်ထမ်းတွေကို ဖိတ်ခေါ်တယ်လို့ ကိုစိုင်းသီဟနိုင်က ပြောပါတယ်။
ကလောမြို့မှာ ရပ်ကွက်ပေါင်း ၁၁ ခုရှိပြီး အမှတ် ၂ ရပ်ကွက်၊ အမှတ် ၃ ရပ်ကွက်နဲ့ အမှတ် ၄ ရပ်ကွက်က အိမ်တွေဟာ ရေဘေးဒဏ် အများဆုံးခံခဲ့ရတာပါ။
အခုလို အခက်အခဲဖြစ်နေချိန်မှာ လုပ်အားလာလှူတာ အိမ်တွေအတွက် အရမ်းအဆင်ပြေပြီး ကျေးဇူးတင်တယ်လို့လည်း ကိုဇင်ကိုက ပြောပါတယ်။
“မပြောပြတတ်လောက်အောင်ပဲ ကျေးဇူးအရမ်းတင်တယ်။ ပစ္စည်းတွေ၊ ငွေတွေ လှူတာထက် လုပ်အား၊ ခွန်အားနဲ့ လာလှူတဲ့ကုသိုလ်က အရမ်းမွန်မြတ်တယ်။ အိမ်ရှင်တွေအတွက် အရမ်းအဆင်ပြေတယ်”
မြို့ခံတွေရဲ့ ကျေးဇူးတင်တဲ့ စကားသံတွေကိုကြားရတာ ကူညီရတဲ့ ပရဟိတသမားတွေအတွက် အားဆေးဖြစ်ပြီး ကြည်နူးရတယ်လို့ နမ့်လတ် လူမှုကူညီရေးအသင်း ဦးဆောင်သူ ကိုစိုင်းသီဟနိုင်က ပြောပါတယ်ရှင်။
“ကလော မြို့သူမြို့သားတွေက အင်မတန် နွေးထွေးတယ်။ ကျွန်တော်တို့ သွားကူညီတဲ့အိမ်တွေမှာ ဆယ်ယောက်မှာ ရှစ်ယောက်လောက်က မျက်ရည်ကျကြတယ်။ သူတို့ရဲ့အပူကြီးက ဒီဒုက္ခကြီးကို မိသားစု နှစ်ယောက် သုံးယောက်နဲ့ ဘယ်လိုလုပ်နိုင်မလဲ။ အိမ်တွေရဲ့ တုံ့ပြန်မှုကတော့ လှိုက်လှိုက်လှဲလှဲ ရိုရိုသေသေနဲ့ ကလေးတွေကိုကအစ ဖော်ဖော်ရွေရွေ နှုတ်ဆက်ကြတယ်။ ဖြတ်သွားတဲ့အိမ်တိုင်းက ကျေးဇူးတင်တဲ့ စကားသံတွေ ကြားရတယ်။ သူတို့အိမ်ကို လုပ်ပေးတာ မဟုတ်တောင် ဒီမြို့ကို လာလုပ်ပေးတဲ့အတွက် နောက်လည်း လာပါ။ အချိန်မရွေး ဝင်ထွက်ပါဆိုတာမျိုး အယောက်စီတိုင်းကို ပြောကြတယ်။ ပြန်ရင်လည်း ကားတွေကို လက်ပြနှုတ်ဆက်ကြတယ်။ အဲဒီခံစားချက်က ဘာနဲ့မှ မလဲနိုင်ဘူး။ အရမ်းကြည်နူးဖို့ ကောင်းတယ်။ ဒါက ပရဟိတသမားတွေရဲ့ အားဆေးပဲ”